ကျမ်းစာများ
ဧသာ ၇


အခန်းကြီး ၇

ဩရိဟသည် ဖြောင့်​မတ်ခြင်းဖြင့် အုပ်စိုး၏—အတင်း​အဓမ္မ​လုယူ​သိမ်း​ပိုက်ခြင်းနှင့် ရန်​တွေ့ခြင်းတို့​ကြားတွင် ရှူလဲနှင့် ကောဟောတို့၏ ပြိုင်​ဘက်​နိုင်ငံများကို တည်​ထောင်ကြ၏—ပရောဖက်တို့သည် လူတို့၏ ဆိုး​ညစ်ခြင်းနှင့် ရုပ်တု​ကိုး​ကွယ်ခြင်းတို့​ကို ရှုတ်​ချ၏။ ထိုလူတို့သည် နောက်မှ နောင်တ​ရကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဩရိဟသည် ထိုပြည်၌၊ သူ့​လက်​ထက်​တစ်ခုလုံးတွင် ဖြောင့်​မတ်ခြင်း​ဖြင့်​တရား​စီရင်ပြီး၊ သူ၏​နေ့ရက်တို့​အလွန်​များ​၏။

သူသည် သားသမီး​များ​ကို ဖွား​မြင်​စေ၏။ သုံး​ဆယ့်​တစ်ယောက် ဖွား​မြင်​စေပြီး၊ ထို​သူတို့၌ သား​နှစ်ဆယ့်​သုံး​ယောက်​ပါ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် အသက်​ကြီးသော​အချိန်၌ ကိဗကို ဖွား​မြင်ခဲ့၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိဗသည် သူ၏​နေရာ၌ နန်း​စံ၏။ ကိဗသည်​လည်း ကောရိဟောကို ဖွား​မြင်​စေ၏။

ကောရိဟော​သည်​လည်း အသက်​သုံး​ဆယ့်​နှစ်​နှစ် ရှိသည့်​အချိန်၌ သူ့​အဘကို ဆန့်​ကျင်​ပုန်​ကန်​ပြီး၊ နေဟော​ပြည်မှာ နေခြင်းငှာ ထွက်​သွား၏။ သူသည် သားသမီးများကို ဖွား​မြင်​စေပြီး သူတို့သည် အလွန်​ချောမော​လာကြ၏။ သို့​ဖြစ်၍၊ ကောရိဟောသည် လူများစွာ​တို့ကို သူ့​နောက်သို့ သွေး​ဆောင်၍​ခေါ်​ဆောင်​သွား၏။

သူသည် တပ်​တစ်တပ်ကို​လည်း အတူတကွ​စုဝေး​ပြီးမှ၊ မင်း​ကြီး​နေထိုင်ရာ မော်ရုန်​ပြည်သို့ ချီ​တက်၍၊ မင်းကြီးကို ဖမ်း​ဆီး၏။ သူတို့သည် ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ထဲသို့ ဆောင်ခြင်း​ခံ​ရလိမ့်မည်ဟု​ဆိုသည့် ယာရက်​အစ်ကို၏​စကားကို ထိုအမှုက ပြည့်​စုံစေ၏။

ယခုတွင်၊ မင်း​ကြီး​နေထိုင်ရာ မော်ရုန်​ပြည်သည် လူ​ဆိတ်ညံရာ​အရပ်ဟု နီဖိုင်း​အမျိုးသားတို့ ခေါ်သည့် ပြည်​အနီးမှာ ရှိ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိဗသည် အလွန်​အသက်​ကြီး​လာသည့်​တိုင်အောင်၊ မိမိလူများနှင့်​အတူ၊ မိမိသား ကောရိဟော​အောက်မှာ ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေထိုင်၏။ အဘယ်သို့​ပင်​ဖြစ်စေ၊ ကိဗသည် ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌​ရှိနေစဉ်မှာပင် အသက်​ကြီး​ချိန်​တွင်၊ ရှူလဲကို ဖွား​မြင်​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှူလဲသည် သူ့​အစ်ကိုကို အမျက်​ထွက်၏။ ရှူလဲ​သည်​လည်း သန်​မာ​လာပြီး၊ အရွယ်​ရောက်​သူ​တစ်ယောက်၏​ခွန်အား​အတိုင်း အားကြီး​လာ၏။ သူသည် ဝေဖန်​ပိုင်း​ခြားရာ၌​လည်း အားကြီး၏။

သို့ဖြစ်၍၊ သူသည် ဧဖရိမ်​တောင်​ကုန်းသို့ လာပြီး၊ တောင်မှ သတ္တုရိုင်း​တို့​ကို ကျို​ချက်​၍၊ သူနှင့်​အတူ​သွေး​ဆောင်၍​ခေါ်​လာသည့် သူတို့​အတွက် သံမဏိ​ဖြင့် ဓားများကို ပြု​လုပ်၏။ ထို​သူတို့ကို ဓားများ​စွဲကိုင်​စေပြီးမှ၊ နေဟော​မြို့​သို့ ပြန်​လာ​ပြီး၊ သူ၏​အစ်ကို ကောရိဟောကို စစ်တိုက်၏။ ထိုနည်း​အားဖြင့်၊ သူသည် နိုင်ငံကို ရ​ယူပြီး၊ သူ့​အဘ​ကိဗထံသို့ ပြန်​ပေး၏။

၁၀ ယခုမူကား၊ ရှူလဲ​ပြုသော​အမှုများ​ကြောင့်၊ အဘသည် သူ့အား နိုင်ငံကို ပေး၏။ ထို့ကြောင့်၊ ရှူလဲသည် မိမိ​အဘ​နေရာ၌ နန်း​စံ​စပြု၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ဖြောင့်​မတ်ခြင်းဖြင့် တရား​စီရင်၏။ ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခု​လုံး​ပေါ်​တွင်​လည်း သူ၏​နိုင်ငံကို ကျယ်​ပြန့်​စေ၏။ အကြောင်း​မူကား၊ လူတို့သည် အလွန်များ​ပြား​လာကြ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှူလဲသည် များစွာသော သားသမီး​များတို့ကို ဖွား​မြင်စေ၏။

၁၃ ကောရိဟော​သည်​လည်း သူ​ပြုသည့် မကောင်းမှု​များစွာတို့မှ နောင်တ​ရ၏။ သို့​ဖြစ်၍၊ ရှုလဲသည် မိမိ​နိုင်ငံ၌ သူ့ကို အခွင့်​ပေး၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကောရိဟော၌ သားသမီး​များစွာ​ရှိ၏။ ကောရိဟော၏​သားများ၌ နောဧ​အမည်​ရှိသော​သူ​တစ်ဦး​ရှိ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နောဧသည် ရှူလဲ​မင်း​ကြီးနှင့် မိမိအဘ ကောရိဟောတို့ကို ဆန့်​ကျင်​ပုန်​ကန်ပြီး၊ သူ၏​ညီ​ကောဟော၊ ထို့အတူ သူ၏​ညီအစ်ကိုခပ်သိမ်းနှင့် များစွာသော​လူတို့ကို​လည်း သွေး​ဆောင်၍​ခေါ်​ဆောင်​သွား၏။

၁၆ သူသည် ရှူလဲ​မင်း​ကြီးကို​လည်း စစ်​တိုက်၍၊ ထိုသို့​တိုက်​ခြင်း​အားဖြင့် သူတို့​၏​ပထမ​ဦး​ဆုံး​အမွေ​ခံ​ရာ​ပြည်ကို ရ​ရှိပြီး၊ ပြည်၏​ထို​ဒေသ၌ ရှင်ဘုရင်​ဖြစ်​လာ၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ရှူလဲ​မင်း​ကြီးကို တစ်ဖန်​စစ်​တိုက်၏။ ရှူလဲ​မင်း​ကြီးကို​ဖမ်း၍၊ မော်ရုန်​ပြည်​ထဲသို့ ဖမ်းဆီး​ချုပ်​နှောင်ပြီး ဆောင်​ယူ​သွား၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှူလဲကို သတ်​တော့​မည်​ပြု​စဉ်​တွင်၊ ရှူလဲ၏​သားများသည် ညဉ့်​အချိန်၌ နောဧ၏​အိမ်ထဲသို့ တိတ်​တ​ဆိတ်​ဝင်ပြီး သူ့ကို ကွပ်​မျက်​၍၊ ထောင်​တံခါးတို့​ကို​လည်း ဖြို​ချ​လျက်၊ သူတို့၏​အဘကို ခေါ်​ထုတ်​ပြီး သူ​ပိုင်ရာ​သူ့​နိုင်ငံ​ရှိ သူ့​ပလ္လင်​ပေါ်သို့ ပြန်​ပို့၏။

၁၉ သို့​ဖြစ်၍၊ နောဧ၏​သားသည် သူ၏​နိုင်ငံကို သူ၏​နေရာ၌ တိုး​ချဲ့၏။ သို့သော်​လည်း သူတို့သည် ရှူလဲ​မင်း​ကြီး​အပေါ်၌ နောက်​ထပ်၍ အစိုး​ရခြင်း​မရှိ။ ရှူလဲ​မင်း​ကြီး၏​အုပ်​စိုး​မှု​အောက်၌ ရှိသော​လူတို့​သည်​လည်း လွန်စွာအောင်မြင်​ပြီး၊ ကြွယ်​ဝ​လာကြ၏။

၂၀ တိုင်း​ပြည်ကို​လည်း ပိုင်း​ခြား၍၊ ရှူလဲ၏​နိုင်ငံနှင့် နောဧ၏​သား ကောဟော၏​နိုင်ငံ​ဟူ​၍ နှစ်​နိုင်ငံ​ဖြစ်၏။

၂၁ နောဧ၏​သား ကောဟောသည် သူ၏​လူမျိုးတို့​အား ရှူလဲကို စစ်တိုက်​စေ၍၊ ထို​စစ်​တိုက်ခြင်း​တွင်၊ ရှူလဲ​သည် သူတို့ကို အနိုင်​ရပြီး၊ ကောဟောကို ကွပ်​မျက်၏။

၂၂ ယခု​မူကား၊ ကောဟော၌ နိမ်ရောဒဟု ခေါ်သည့် သား​တစ်ယောက်​ရှိ၏။ နိမ်ရောဒ​သည်​လည်း ကောဟော၏​နိုင်ငံကို ရှူလဲ​ထံသို့ စွန့်​လွှတ်​ပြီး၊ သူသည် ရှူလဲ၏မျက်လုံးများ၌ နှစ်​သက်ခြင်းကို ခံရ၏။ သို့​ဖြစ်၍၊ ရှူလဲက သူ့ကို ကြီးစွာ​နှစ်​သက်​သဖြင့်၊ ရှူလဲ၏​နိုင်ငံ၌ သူ၏​အလို​အတိုင်း ပြု၏။

၂၃ ရှူလဲ၏​လက်​ထက်​တွင်​လည်း၊ လူတို့၏ ဆိုး​ညစ်ခြင်းနှင့် ရုပ်တု​ကိုး​ကွယ်ခြင်းတို့​သည် ထိုပြည်​အပေါ်သို့ ကျိန်ခြင်း​ကို​ဖြစ်စေ​လျက်​ရှိကြောင်းနှင့် သူတို့​နောင်တ​မရလျှင် ဖျက်​ဆီး​ခံရမည့်​အကြောင်းတို့ကို ကိုယ်တော်ရှင်​ထံမှ စေလွှတ်သော ပရောဖက်များက ပရောဖက်​ပြု၍​ဟောလျက် လူတို့၌ ရောက်​လာကြ၏။

၂၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် ပရောဖက်တို့​ကို​ဆန့်​ကျင်၍ ကဲ့ရဲ့​ပြော​ဆိုကြပြီး၊ ပြက်​ရယ်​ပြုကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ပရောဖက်တို့ကို ဆန့်​ကျင်၍ ကဲ့ရဲ့​ပြော​ဆိုသော​သူခပ်သိမ်းတို့ကို ရှူလဲ​မင်း​ကြီးက တရား​စီရင်၏။

၂၅ ပရောဖက်တို့​အား သူတို့​သွား​လိုရာ​အရပ်​မှန်သမျှသို့ သွားနိုင်​စေဖို့ အခွင့်​ပေးသည့် ဥပဒေ​တစ်ခု​ကို​လည်း ထို​ပြည်​တစ်​လျှောက်​လုံး၌ စီရင်၏။ ဤအမှုကြောင့်၊ လူတို့သည် နောင်တ​ရခြင်းသို့​ဆောင်ယူခံ​ရကြ၏။

၂၆ လူတို့​သည်​လည်း မိမိတို့၏​ဒုစရိုက်များနှင့် ရုပ်တု​ကိုး​ကွယ်ခြင်းတို့မှ နောင်တ​ရကြ​သဖြင့် ကိုယ်တော်ရှင်က သူတို့ကို ချမ်း​သာ​ပေး​တော်မူပြီး၊ ထိုပြည်၌ တစ်ဖန်အောင်မြင်​စပြုကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ ရှူလဲသည် အသက်​ကြီးသော​အချိန်၌ သားသမီးများကို ဖွား​မြင်​စေ၏။

၂၇ ရှူလဲ၏​လက်​ထက်​တွင် စစ်တိုက်ခြင်းများ​လည်း မရှိတော့။ သူ၏​ဘိုး​ဘေးတို့​အား မဟာသမုဒ္ဒရာ​ကို ဖြတ်၍ ကတိ​တော်​မြေထဲသို့ ဆောင်​ယူရာ၌ သူတို့​အတွက် ကိုယ်တော်ရှင်​ပြုတော်မူသည့် ကြီးစွာသော​အမှုများကို သူ​အောက်​မေ့၏။ သို့​ဖြစ်၍၊ သူ၏​လက်​ထက်​တစ်လျှောက်​လုံးတွင် ဖြောင့်​မတ်ခြင်းဖြင့် တရား​စီရင်၏။

ပုံနှိပ်သည်