အခန်းကြီး ၁၅
လေဟိ၏အမျိုးအနွယ်တို့သည် နောက်ပိုင်းကာလများ၌ ဧဝံဂေလိတရားတော်ကို တပါးအမျိုးသားတို့ထံမှရရှိကြ၏—ဣသရေလအမျိုးတို့ စုဝေးခြင်းကို အပင်၏ပကတိအခက်များ တစ်ဖန်အကိုင်းဆက်၍အစိုက်ခံရမည့် သံလွင်ပင်နှင့် ပမာပြုထား၏—နီဖိုင်းသည် အသက်ပင်အကြောင်းရူပါရုံကို အနက်ဖွင့်ပြပြီး၊ ဆိုးညစ်သောသူနှင့် ဖြောင့်မတ်သောသူကို ခွဲခြားရာ၌ ဘုရားသခင်၏ တရားတော်မူခြင်းအကြောင်းကို ပြော၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည်လည်း ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွားခံရ၍ ဤအရာခပ်သိမ်းတို့ကို မြင်ရလေပြီးမှ၊ ငါ့အဘ၏တဲသို့ ပြန်လာခဲ့၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ငါ၏အစ်ကိုတို့ကို မြင်၏။ သူတို့အား ငါ့အဘပြောခဲ့လေသောအရာများအကြောင်းကို သူတို့အချင်းချင်းငြင်းခုံနေကြ၏။
၃ အကြောင်းမူကား၊ လူသားအနေဖြင့် ကိုယ်တော်ရှင်ထံ မေးလျှောက်သည်မှတစ်ပါး၊ နားလည်ရရန် ခက်ခဲသည့် ကြီးစွာသောအမှုများစွာကို သူတို့အား သူအမှန်ဆို၏။ သူတို့သည်လည်း စိတ်နှလုံးမာကျောလျက်ရှိလေရကား၊ ထို့ကြောင့် ကိုယ်တော်ရှင်ကို မှီခိုအားကိုးအပ်လျက်နှင့် မမှီခိုအားမကိုးကြ။
၄ ယခုမူကား၊ ငါနီဖိုင်းသည် သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်လည်းကောင်း၊ ထို့အတူ ငါမြင်ခဲ့ရလေသောအရာများကြောင့်လည်းကောင်း၊ လူသားတို့၏ကြီးစွာသော ဆိုးညစ်ခြင်းများကြောင့် ထိုအရာတို့ရှောင်လွှဲမရဘဲဖြစ်လာရမည်ကို သိသောကြောင့်လည်းကောင်း ဝမ်းနည်းပူဆွေး၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏ဆင်းရဲဒုက္ခများကြောင့် ငါစိတ်ညှိုးငယ်၏။ အကြောင်းမူကား၊ ငါ့လူမျိုးတို့၏ပျက်စီးခြင်းကြောင့် ငါ၏ဆင်းရဲဒုက္ခများမှာ အားလုံးထက်ကြီးမားလှ၏ဟု ငါထင်၏။ အကြောင်းမူကား၊ သူတို့၏ကျရှုံးခြင်းကို ငါမြင်ခဲ့ရလေပြီ။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ခွန်အားရရှိလာခဲ့လေပြီးနောက်၊ ငါ့အစ်ကိုတို့၏ငြင်းခုံခြင်းအကြောင်းရင်းကို သိလို၍ သူတို့ကို ဆို၏။
၇ သူတို့ကလည်း ရှုလော့၊ သံလွင်ပင်၏ပကတိအခက်များနှင့်စပ်လျဉ်း၍၊ ထို့အတူ၊ တပါးအမျိုးသားတို့နှင့်စပ်လျဉ်း၍ ငါတို့အဘပြောလေသည့် စကားများကို ငါတို့ နားမလည်နိုင်ကြဟု ဆိုကြ၏။
၈ ငါကလည်း သင်တို့သည် ကိုယ်တော်ရှင်ထံ မေးလျှောက်ကြသလောဟု သူတို့ကိုမေးလျှင်၊
၉ ငါတို့ မမေးလျှောက်ကြ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့သောအရာကို ငါတို့အား ဖော်ပြမည်မဟုတ်ဟု ငါ့ကို သူတို့ဖြေ၏။
၁၀ ရှုလော့၊ သူတို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင်၏ပညတ်တော်များကို သင်တို့မစောင့်ထိန်းကြသည်မှာ၊ အဘယ်သို့နည်း။ သင်တို့စိတ်နှလုံး၏မာကျောခြင်းကြောင့် သင်တို့ပျက်စီးကြမည်မှာ၊ အဘယ်သို့နည်း။
၁၁ ကိုယ်တော်ရှင်မိန့်တော်မူလေသည့်အရာများကို သင်တို့သတိမရကြသလော—သင်တို့သည် စိတ်နှလုံးကို မမာကျောစေဘဲ၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိပြီး၊ ရရှိလိမ့်မည်ဟုယုံကြည်လျက်၊ ငါ့ထံသို့ ယုံကြည်ခြင်းနှင့်တောင်းလျှင်၊ ဤအရာများကို သင်တို့အား ဧကန်အမှန်ဖော်ပြလိမ့်မည်။
၁၂ ရှုလော့၊ သင့်တို့ကို ငါဆိုသည်ကား၊ ငါတို့အဘ၌ရှိသည့် ကိုယ်တော်ရှင်၏ဝိညာဉ်တော်အားဖြင့် ဣသရေလအမျိုးသားတို့ကို သံလွင်ပင်နှင့်ပမာပြုလေ၏။ ရှုဦးလော့၊ ငါတို့သည် ဣသရေလအမျိုးသားတို့ထံမှ ကွဲထွက်လာကြလေသည်မဟုတ်သလော။ ငါတို့သည် ဣသရေလအမျိုးသားတို့၏အနွယ် မဟုတ်ကြသလော။
၁၃ ယခုမူကား၊ တပါးအမျိုးသားအပေါင်းတို့အားဖြင့်၊ ပကတိအခက်များကို အကိုင်းဆက်ပြီးစိုက်ခြင်းနှင့်စပ်လျဉ်း၍၊ ငါတို့အဘက တွေးမြင်သည့်အရာမှာ ငါတို့၏အမျိုးအနွယ်များ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာမည့်အချိန် နောက်ပိုင်းကာလများတွင်၊ အထူးသဖြင့်၊ နှစ်ပေါင်းများစွာကြာသောအခါ၊ လူသားတို့ထံ မေရှိယကိုယ်ထင်ရှားစွာပြတော်မူ၍၊ မျိုးဆက်များစွာကြာပြီးနောက်၊ မေရှိယ၏ဧဝံဂေလိတရားတော်အပြည့်အစုံသည် တပါးအမျိုးသားများဆီသို့ရောက်ရှိလာ၍ တပါးအမျိုးသားများထံမှ ငါတို့အမျိုးအနွယ်များ၏ကျန်ကြွင်းသောသူများဆီသို့ရောက်ရှိလာ၏—
၁၄ ထိုကာလတွင်၊ ငါတို့အမျိုးအနွယ်များ၏ကျန်ကြွင်းသောသူတို့သည်လည်း ဣသရေလအမျိုးသားတို့၏အနွယ်ဖြစ်ကြောင်းနှင့် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးများဖြစ်ကြောင်းကို သိကြလိမ့်မည်။ ထို့နောက်တွင်၊ သူတို့သိလိမ့်မည်ဖြစ်၍၊ သူတို့၏ဘိုးဘေးတို့အကြောင်း အသိပညာသို့၊ ထို့အတူ၊ သူတို့၏ ရွေးနှုတ်ရှင်အားဖြင့် သူတို့၏အဘတို့ကို အမှုတော်ဆောင်ခဲ့သည့် ဧဝံဂေလိတရားတော်အကြောင်း အသိပညာသို့လည်း ရောက်ကြလိမ့်မည်။ သို့ဖြစ်၍၊ သူတို့သည် မိမိတို့၏ ရွေးနှုတ်ရှင်နှင့် သူ၏ဩဝါဒအချက်များအကြောင်း အသိပညာသို့ ရောက်ကြမည်ဖြစ်၍၊ သူ့ထံသို့လာတတ်ကြပြီး၊ ကယ်တင်ခြင်းသို့ရောက်ရကြလိမ့်မည်။
၁၅ ထိုကာလ၌၊ သူတို့သည် မိမိတို့၏ကျောက်နှင့် မိမိတို့၏ကယ်တင်ခြင်းဖြစ်သည့် ထာဝရတည်မြဲသောဘုရားသခင်အား ချီးမွမ်း၍၊ ရွှင်လန်းဝမ်းမြောက် ခြင်းမရှိဘဲနေကြလိမ့်မည်လော။ ထိုမှတစ်ပါး၊ ၎င်းကာလ၌ မှန်သောစပျစ်နွယ်ပင်မှ ခွန်အားနှင့် အားဖြည့်ခြင်းကို သူတို့မရရှိဘဲနေကြလိမ့်မည်လော။ ထိုမှတစ်ပါး၊ ဘုရားသခင်၏မှန်သောသိုးစုသို့ သူတို့မလာရောက်ဘဲနေကြလိမ့်မည်လော။
၁၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဟုတ်ပေ၏။ သူတို့ကို ဣသရေလအမျိုးသားတို့၌ တစ်ဖန် အောက်မေ့တော်မူလိမ့်မည်။ သူတို့သည် သံလွင်ပင်၏ပကတိအခက်များဖြစ်လျက်၊ မှန်သောသံလွင်ပင်သို့ အကိုင်းဆက်၍အစိုက်ခံရကြလိမ့်မည်။
၁၇ ဤအရာသည်ကား ငါ့အဘတွေးမြင်သောအရာပေတည်း။ တပါးအမျိုးသားတို့အားဖြင့် သူတို့ကွဲပြားပြန့်ကျဲသည့်အချိန်မတိုင်ခင်အထိ ထိုအချင်းအရာဖြစ်လာမည်မဟုတ်ကြောင်းကိုလည်း သူတွေးမြင်၏။ ကိုယ်တော်ရှင်သည် သူ့တန်ခိုးတော်ကို တပါးအမျိုးသားတို့ထံ ပြတော်မူခြင်းငှာ ထိုအချင်းအရာကို တပါးအမျိုးသားတို့အားဖြင့် ပြုတော်မူလိမ့်မည်ကိုလည်း သူတွေးမြင်၏။ အကြောင်းမူကား၊ ယုဒလူမျိုးများ သို့မဟုတ် ဣသရေလအမျိုးသားများ၏ငြင်းပယ်ခြင်းကို သူခံရလိမ့်မည်။
၁၈ သို့ဖြစ်၍၊ ငါတို့အဘသည် ငါတို့အမျိုးအနွယ်အကြောင်းတစ်ခုတည်းကိုသာလျှင် ပြောဆိုလေသည်မဟုတ်ဘဲ နောက်ပိုင်းကာလများ၌ပြီးပြည့်စုံလိမ့်မည်ဖြစ်သည့် ပဋိညာဉ်ကို ညွှန်းဆိုလျက်၊ ဣသရေလအမျိုးသားအပေါင်းတို့အကြောင်းကိုလည်း ပြောဆို၏။ ငါတို့၏အဘအာဗြဟံထံ ကိုယ်တော်ရှင်ပြုတော်မူသည့် ထိုပဋိညာဉ်သည်ကား၊ သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ အမျိုးစုအပေါင်းတို့ ကောင်းချီးခံစား ရကြလိမ့်မည်ဟု ဖြစ်သတည်း။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် သူတို့အား ဤအရာများအကြောင်းကို များစွာပြောဆို၏။ အထူးသဖြင့်၊ နောက်ပိုင်းကာလများ၌ ယုဒလူမျိုးများသို့ ပြန်လည်အပ်နှင်းခြင်းအကြောင်းကို သူတို့အား ငါပြောဆို၏။
၂၀ ယုဒလူမျိုးများ သို့မဟုတ် ဣသရေလအမျိုးသားများသို့ ပြန်လည်အပ်နှင်းခြင်းအကြောင်းကို ပြောလေသူဟေရှာယ၏စကားများကိုလည်း သူတို့ကို ငါပြန်လည်၍ပြောပြ၏။ သူတို့သည်လည်း ပြန်လည်အပ်နှင်းခံရပြီးနောက်၊ ရောထွေး မခံရကြတော့လတ္တံ့၊ တစ်ဖန်ကွဲပြားပြန့်ကျဲစေခြင်းလည်း မခံရကြလတ္တံ့။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ငါ့အစ်ကိုတို့အား များစွာသောစကားများကို ပြောသဖြင့်၊ သူတို့သည် စိတ်ပြေ၍ ကိုယ်တော်ရှင်ရှေ့၌ သူတို့ကိုယ်သူတို့နှိမ့်ချကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကလည်း ငါတို့အဘ အိပ်မက်၌မြင်ခဲ့သည့် ဤအရာကား၊ အဘယ်သို့ဆိုလိုသနည်း။ သူမြင်ခဲ့သည့်အပင်ကား၊ အဘယ်သို့ဆိုလိုသနည်းဟု ငါ့ကို တစ်ဖန်ဆို၍ မေးကြ၏။
၂၂ ထိုအရာသည်ကား၊ အသက်ပင်၏အမှတ်လက္ခဏာဖြစ်သည်ဟု သူတို့ကို ငါဖြေ၏။
၂၃ အပင်ဆီသို့ သွယ်တန်းသည့်အရာတည်းဟူသော ငါတို့အဘမြင်သည့်သံတန်းကား၊ အဘယ်သို့နည်းဟု ငါ့ကို သူတို့မေးလျှင်၊
၂၄ ထိုအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စေ့စေ့နားထောင်၍၊ ခိုင်မြဲစွာကိုင်ဆောင်ထားသူမှန်သမျှသည် အဘယ်တော့မျှ ပျက်စီးကြမည်မဟုတ်။ သွေးဆောင်ဖြားယောင်းခြင်းများနှင့် မာရ်နတ်၏မီးစက်လက်နက်တို့ကလည်း သူတို့ကို ပျက်စီးခြင်းသို့ လှည့်ဖြားခေါ်ဆောင်သွားရန်၊ အသိစိတ်ကွယ်ခြင်းသို့ ရောက်စေသည့်တိုင်အောင် အနိုင်ရနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့ကို ငါဖြေ၏။
၂၅ သို့ဖြစ်၍၊ ငါနီဖိုင်းသည် သူတို့အား ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ပမာဏပြုကြရန် တိုက်တွန်း၏။ အမှန်စင်စစ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့ပမာဏပြုလိုကြစေကြောင်းနှင့် သူ၏ပညတ်တော်များကို အရာရာ၌ အစဉ်မပြတ်စောင့်ထိန်းကြရန် သတိရကြစေကြောင်း ငါ့စိတ်ဝိညာဉ်၏စွမ်းအားရှိသမျှ၊ ငါ့မှာရှိသည့်စွမ်းရည်ရှိသမျှနှင့် သူတို့ကို တိုက်တွန်း၏။
၂၆ ငါတို့အဘ မြင်သည့် ရေစီးရာမြစ်သည်ကား အဘယ်သို့နည်းဟု ငါ့ကို သူတို့မေးလျှင်၊
၂၇ ငါ့အဘ မြင်လေသည့် ရေသည်ကား၊ အညစ်အကြေးပေတည်း။ သူ၏စိတ်သည် အခြားအရာတို့နှင့် လွန်စွာပြည့်နေ၍၊ ရေ၏အညစ်အကြေးကို သူမမြင်ဟု ငါဖြေ၏။
၂၈ ကြောက်ရွံ့ဖွယ်ကောင်းသောချောက်ကြီးတစ်ခုသည် ဆိုးညစ်သောသူတို့ကို အသက်ပင်နှင့် ထို့အတူ ဘုရားသခင်၏သန့်ရှင်းသူတို့နှင့်ခွဲခြားထားကြောင်းကိုလည်း သူတို့ကို ငါဆို၏။
၂၉ ထိုအရာကားသည်ကား၊ ကြောက်ရွံ့ဖွယ်ကောင်းသောငရဲ၏ အမှတ်လက္ခဏာဖြစ်ကြောင်း၊ ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုသည့်အရာ၊ ဆိုးညစ်သောသူတို့အတွက် ပြင်ဆင်ထားလေသောအရာဖြစ်ကြောင်း သူတို့ကို ငါဆို၏။
၃၀ ဘုရားသခင်၏တရားတော်မူခြင်းသည် ဆိုးညစ်သောသူနှင့် ဖြောင့်မတ်သောသူကို ခွဲခြားထားသည်ကိုလည်း ငါတို့အဘမြင်၏။ ထိုတရားတော်မူခြင်း၏ အရောင်ထွန်းလင်းတောက်ပမှုမှာ၊ ဘုရားသခင်ထံသို့ အဆုံးမရှိဘဲ၊ ကာလအစဉ်အဆက်အမြဲ တက်သည့် မီးလျှံနှင့်တူကြောင်း သူတို့ကို ငါဆို၏။
၃၁ ဤအရာသည် အစမ်းသပ်ခံကာလများ၌ ကိုယ်ခန္ဓာ၏စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းကို ပုံဆောင်သလော။ သို့မဟုတ်၊ ဇာတိပကတိကိုယ်ခန္ဓာသေပြီးမှ၊ စိတ်ဝိညာဉ်၏နောက်ဆုံးဖြစ်ဟန်ကို ပုံဆောင်သလော။ သို့မဟုတ်၊ ဇာတိပကတိနှင့်ဆိုင်သော အရာများအကြောင်းကို ဖော်ပြသလောဟု ငါ့ကို သူတို့မေးကြ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို ငါဆိုသည်ကား၊ ထိုအရာသည် ဇာတိပကတိနှင့် ဝိညာဉ်ပကတိ နှစ်ခုစလုံးနှင့်ဆိုင်သောအရာတို့၏အမှတ်လက္ခဏာဖြစ်လေ၏။ အကြောင်းမူကား၊ သူတို့၏အကျင့်အတိုင်း၊ အထူးအားဖြင့်၊ သူတို့၏အစမ်းသပ်ခံကာလများ၌၊ ဇာတိပကတိကိုယ်ခန္ဓာအားဖြင့်၊ ကျင့်လေသော အကျင့်များအတိုင်း တရားစီရင်ခံရကြမည့် ကာလသည် ကျရောက်လာလိမ့်မည်။
၃၃ သို့ဖြစ်၍၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့် ဝိညာဉ်ပကတိအရာများနှင့်စပ်လျဉ်း၍၊ သူတို့သည် သူတို့၏ဆိုးညစ်ခြင်း၌သေလျှင်၊ စွန့်ပစ်ခြင်းကိုလည်း ခံရကြမည်။ သို့ဖြစ်၍၊ သူတို့သည် သူတို့၏အကျင့်များအတိုင်း တရားစီရင်ခံရစေရန်၊ ဘုရားသခင်ရှေ့ ၌ရပ်ရန် ဆောင်ယူခံရကြမည်။ သူတို့၏အကျင့်များသည် အညစ်အကြေးဖြစ်လေလျှင်၊ သူတို့ညစ်ညမ်းကြမည်။ သူတို့သည် ညစ်ညမ်းကြလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ မနေထိုင်နိုင်ကြ။ အကယ်၍ နေထိုင်ခွင့်ပြုလျှင် ဘုရားသခင်၏နိုင်ငံတော်သည်လည်း ညစ်ညမ်းရပေမည်ဟု ဖြစ်လေသတည်း။
၃၄ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် မညစ်ညမ်း၍ အဘယ်မစင်ကြယ်သောအရာမျှ၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရောက်နိုင်။ သို့ဖြစ်၍၊ ညစ်ညမ်းသောအရာအတွက် အညစ်အကြေး၏နေရာကို ပြင်ဆင်ထားရပေမည်။
၃၅ ပြင်ဆင်ထားသောနေရာတစ်ခု၊ အမှန်စင်စစ်၊ ငါပြောလေသည့် ထိုကြောက်ရွံ့ဖွယ်ကောင်းသောငရဲပင်ရှိ၏။ နတ်ဆိုးသည် ထိုငရဲကို ပြင်ဆင်သူဖြစ်၏။ သို့ဖြစ်၍၊ လူသားတို့၏ စိတ်ဝိညာဉ်များ၏နောက်ဆုံးဖြစ်ဟန်မှာ၊ ဘုရားသခင်၏နိုင်ငံတော်၌ နေထိုင်ရန်၊ သို့မဟုတ် ငါပြောလေသောထိုတရားတော်မူခြင်းကြောင့် နှင်ထုတ်ခံရရန်ရှိ၏။
၃၆ သို့ဖြစ်၍၊ ဆိုးညစ်သောသူများသည် ဖြောင့်မတ်သောသူများထံမှလည်းကောင်း၊ အသီးကား၊ အဖိုးအထိုက်ဆုံးနှင့် အခြားအသီးများအားလုံးထက် နှစ်လိုဖွယ်အကောင်းဆုံးဖြစ်သည့်ထို အသက်ပင်ထံမှလည်းကောင်း ငြင်းပယ်ခံရကြ၏။ ထိုမှတစ်ပါး၊ အသီးသည် ဘုရားသခင်၏ခပ်သိမ်းသောဆုကျေးဇူးတို့အထဲ၌ အကြီးမြတ်ဆုံးဖြစ်၏။ ထိုကဲ့သို့အားဖြင့်၊ ငါသည် ငါ၏အစ်ကိုတို့ကို ပြော၏။ အာမင်။