ကျမ်းစာများ
၁ နီဖိုင်း ၄


အခန်းကြီး ၄

နီဖိုင်း​သည် ကိုယ်​တော်​ရှင်​၏​အမိန့်​အတိုင်း လာဗန်​ကို ကွပ်​မျက်​၍၊ ကြေး​ပုရပိုက်​ပြား​များ​ကို ဥပါယ်​တံ​မျဉ်​ဖြင့် ရ​ယူ​၏—ဇော်​ရမ်​သည် တော​ရိုင်း​ထဲ​ရှိ၊ လေဟိ​၏​မိသားစု​နှင့်​ပူး​ပေါင်းရန် ရွေး​ချယ်​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါသည် ငါ​၏​အစ်​ကို​တို့​ကို ဆို​၍​ပြော​လေ​သည်​ကား၊ ငါ​တို့​သည် ယေရုရှလင်မြို့​သို့ တစ်​ဖန်​တက်​သွား​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရာ​၌​လည်း သစ္စာ​ရှိ​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ သူ​သည် မြေ​ကြီး​ပေါ်​၌​ရှိ​သူ​ခပ်သိမ်း​တို့​ထက်​သာ​၍ တန်​ခိုး​ကြီး​၏။ သို့​ဖြစ်​လျှင်၊ လာဗန်​နှင့် သူ​၏​အယောက်​ငါး​ဆယ်​ထက်၊ အမှန်​စင်​စစ်၊ သူ​၏​အယောက်​အထောင်​အသောင်း​တို့​ထက်​ပင်၊ အဘယ်​ကြောင့် သာ​၍​တန်​ခိုး​မ​ကြီး​ဘဲ​ရှိ​မည်​နည်း။

ထို့​ကြောင့်၊ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့​သည် မောရှေ​ကဲ့​သို့ ခွန်​အား​နှင့်​ပြည့်​စုံ​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ သူ​သည် ဧဒုံ​ပင်လယ်​ရေများ​ကို၊ အမှန်​ပင်​ဆို​၍ တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့်၊ ငါ​တို့​၏​ဘိုး​ဘေး​တို့​သည် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ​ထွက်​လာ​ပြီး၊ ခြောက်​သွေ့​သော​မြေ​ပေါ်​၌ ဖြတ်​သွား​ကြ​၏။ ဖာရော​ဘုရင်​၏​တပ်​များ​သည်​လည်း နောက်​မှ​လိုက်​၍၊ ဧဒုံ​ပင်​လယ်​ရေ​ထဲ​၌ နစ်​မြုပ်​ကြ​လေ​၏။

ယ​ခု​တွင်၊ ရှု​လော့၊ ဤ​အရာ မှန်​ကန်​ကြောင်း​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​ကို ကောင်း​ကင်​တ​မန်​မြွက်​ဆို​လေ​သည်​ကို​လည်း သင်​တို့​သိ​ကြ​၏။ သို့​ဖြစ်​၍၊ သင်​တို့​ယုံ​မှား​သံ​သယ​ဖြစ်​နိုင်​ကြသ​လော။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရှင်​သည် ငါ​တို့​၏​ဘိုး​ဘေး​များ​ကို​ကဲ့​သို့​ပင်၊ ငါ​တို့​ကို ကယ်​လွှတ်ရန်၊ ထို့​အတူ အဲဂုတ္တု​လူ​မျိုး​များ​ကို​ကဲ့​သို့​ပင် လာဗန်​ကို ဖျက်​ဆီးရန် တတ်​နိုင်​တော်​မူ​၏။

ယ​ခု​တွင်၊ ဤ​စ​ကား​များ​ကို ငါ​ပြော​လေ​ပြီး​လျှင်၊ သူ​တို့​သည် အမျက်​ထွက်​နေ​ကြ​သေး​လျက်၊ ဆက်​၍​ညည်း​ညူ​အပြစ်​တင်မြဲရှိ​ကြ​၏။ သို့​သော်​လည်း၊ သူ​တို့​သည် ယေရုရှလင်​တံတိုင်း​၏​အပြင်​သို့ ရောက်​သည်​အထိ ငါ​နှင့်​လိုက်​လာ​ခဲ့​ကြ​၏။

ထို​အချိန်​ကား၊ ည​အချိန်​ဖြစ်​လေ​၏။ ငါ​သည်​လည်း သူ​တို့​ကို တံတိုင်း​အပြင်​၌ ပုန်း​ကွယ်​စေ​၏။ သူ​တို့ ပုန်း​ကွယ်​ကြ​လေ​ပြီး​မှ၊ ငါ​နီဖိုင်း​သည် မြို့​တွင်း​သို့ တိတ်​တ​ဆိတ်​ဝင်​ရောက်​၍၊ လာဗန်​၏​အိမ်​ဆီ​သို့ သွား​၏။

ငါ​သည် ပြု​ရ​မည့်​အမှုများ​ကို ကြိုတင်၍သိ​နှင့်​ခြင်း​မ​ရှိ​ဘဲ၊ ဝိညာဉ်​တော်​အား​ဖြင့် ဆောင်​သွား ခံရ​၏။

အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ​သည်​ထွက်​သွား​၍၊ လာဗန်​၏​အိမ်​အနီး​သို့​ရောက်​သော​အခါ၊ လူ​တစ်​ယောက်​ကို​မြင်​၏။ ထို​သူ​သည် ငါ​၏​ရှေ့ မြေ​ကြီး​သို့ လဲ​ကျ​၏။ အကြောင်း​မူ​ကား၊ သူ​သည် စပျစ်​ရည်​နှင့်​ယစ်​မူး​၏။

ငါ​သည်​လည်း သူ့​ဆီ​သို့ ရောက်​သော​အခါ၊ ထို​သူ​မှာ လာဗန်​ဖြစ်​ကြောင်း တွေ့​ရှိ​၏။

ငါ​သည် သူ​၏​ဓား​ကို​မြင်​၍၊ ဓား​အိမ်​မှ ဆွဲ​ထုတ်​၏။ ဓား​ရိုး​မှာ ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား​ပြီး၊ အလွန်​လက်​ရာ​မြောက်​၏။ ဓား​သွား​မှာ​လည်း၊ အဖိုး​အထိုက်​ဆုံး သံ​မ​ဏိ​ဖြစ်​ကြောင်း ငါ​မြင်​တွေ့​၏။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် လာဗန်​ကို သတ်​ရ​မည့်​အကြောင်း၊ ဝိညာဉ်​တော်​အားဖြင့် အတင်း​စေ​ခိုင်း ခံ​ရ​၏။ သို့​ရာ​တွင်၊ အဘယ်​အချိန်​က​မျှ၊ လူ့​အ​သွေး​ကို ငါ​မ​သွန်း​လောင်း​စ​ဖူး​ဟု ငါ့​စိတ်​နှလုံး​ထဲ​၌ တွေး​မိ​၏။ ငါ​သည် တွန့်​ဆုတ်​ပြီး၊ သူ့​ကို မ​ကွပ်​မျက်​လို။

၁၁ ဝိညာဉ်​တော်​က​လည်း ငါ့​ကို တစ်​ဖန်​မြွက်​ဆို​သည်​ကား၊ ရှု​လော့၊ သူ့​ကို သင့်​လက်​ထဲ​သို့ ကိုယ်​တော်​ရှင်​ပေး​အပ်​တော်​မူ​လေ​ပြီ။ ထို​မှ​တစ်​ပါး၊ ငါ့​အသက်​ကို နှုတ်​ယူ​ရန် သူ​ကြိုး​စား​အား​ထုတ်​သည်​ကို​လည်း ငါ​သိ​၏။ ထို​မှ​တစ်​ပါး၊ သူ​သည် ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို​လည်း စေ့စေ့နား​မ​ထောင်​လို။ ငါ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း သိမ်း​ယူ​သွား​၏။

၁၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဝိညာဉ်​တော်​က ငါ့​ကို တစ်​ဖန်​မြွက်​ဆို​လေ​သည်​ကား၊ သူ့​ကို ကွပ်​မျက်​လော့။ အကြောင်း​မူ​ကား၊ သူ့​ကို သင့်​လက်​ထဲ​သို့ ကိုယ်​တော်​ရှင်​ပေး​အပ်​တော်​မူ​လေ​ပြီ။

၁၃ ရှု​လော့၊ ကိုယ်​တော်​ရှင်​သည် သူ​၏​ဖြောင့်​မတ်​သော အကြံ​အစည်​တော်​များ​ကို အမှန်​ဖြစ်​လာ​စေ​ခြင်း​ငှာ၊ ဆိုး​ညစ်​သော​သူ​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ တိုင်း​ပြည်​တစ်​ခု​လုံး ယုံ​ကြည်​မှု လျော့​ပါး​ဆုတ်​ယုတ်​လာ​၍​ပျက်​စီး​ရ​ခြင်း​ထက် လူ​တစ်​ယောက်​ပျက်​စီး​ရ​ခြင်း​က သာ​၍​ကောင်း​ပေ​၏။

၁၄ ယ​ခု​မူ​ကား၊ ငါ​နီဖိုင်း​သည် ဤ​စ​ကား​များ​ကို ကြား​ရ​သော​အခါ၊ သင်​၏​အမျိုး​အနွယ်​တို့​သည် ငါ​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ကြ​သ​မျှ၊ ကတိ​တော်​မြေ​၌ အောင်မြင်​ကြ​လိမ့်​မည်​ဟု​ဆို​၍ တော​ရိုင်း​ထဲ​၌ ငါ့​ကို မိန့်​တော်​မူ​သော ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​များ​ကို အောက်​မေ့​၏။

၁၅ ထို​မှ​တစ်​ပါး၊ သူ​တို့​၌ ပညတ်​တရား​မ​ရှိ​လျှင်၊ မောရှေ​၏​ပညတ်​တရား​အတိုင်း ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို သူ​တို့​မ​စောင့်​ထိန်း​နိုင်​ကြ​ကြောင်း​ကို​လည်း ငါ​စဉ်း​စား​မိ​၏။

၁၆ ထို​ပညတ်​တရား​ကို ကြေး​ပုရပိုက်​ပြား​များ​ပေါ်၌ ရေး​ထွင်း​ထား​သည်​ကို​လည်း ငါ​သိ​၏။

၁၇ ထို​မှ​တစ်​ဖန်၊ ကိုယ်​တော်​ရှင်​၏​မိန့်​တော်​မူ​ချက်​များ​အတိုင်း—ထို​မှတ်​တမ်း​များ​ကို ငါ​ရ​ယူ​နိုင်​ဖို့​ဟူ​သော ဤ​အကြောင်း​ကြောင့်၊ လာဗန်​ကို ငါ​၏​လက်​ထဲ​သို့ ပေး​အပ်​တော်​မူ​ကြောင်း ငါ​သိ​၏။

၁၈ ထို့​ကြောင့်၊ ငါ​သည် ဝိညာဉ်​တော်​၏​အသံ​ကို နာခံ​၍၊ လာဗန်​ကို ဦး​ခေါင်း​ဆံ​ပင်​မှ​ဆွဲ​လျက် သူ့​ဦး​ခေါင်း​ကို သူ​ကိုယ်​တိုင်​၏​ဓား​နှင့်​ခုတ်​ဖြတ်​၏။

၁၉ ငါ​သည် သူ့ ဦး​ခေါင်း​ကို သူ​ကိုယ်​တိုင်​၏​ဓား​နှင့်​ခုတ်​ဖြတ်​လေ​ပြီး​နောက်၊ လာဗန်​၏​အဝတ်တန်ဆာများ​ကို​ယူ​၍ အမှန်​စင်​စစ်၊ အလုံး​စုံ​တို့​ကို​ပင်၊ ငါ့​ကိုယ်​ပေါ်​တွင်၊ ဝတ်​ဆင်​၍၊ သူ​၏​ချပ်​ဝတ်​တန်​ဆာ​ကို ငါ့​ခါး​၌​စည်း​၏။

၂၀ ငါ​သည်​လည်း ဤ​သို့​ပြု​လေ​ပြီး​နောက်၊ လာဗန်​၏​ဘဏ္ဍာ​တိုက်​ဆီ​သို့ ထွက်​သွား​၏။ လာဗန်​၏​ဘဏ္ဍာ​တိုက်​ဆီ​သို့​သွား​စဉ်တွင်​၊ ရှု​လော့၊ ဘဏ္ဍာ​တိုက်​သော့​များ​ကို ကိုင်​သည့် လာဗန်​၏​ကျွန်​ကို ငါ​မြင်​၏။ သူ့​ကို​လည်း ငါ​နှင့်​အတူ ဘဏ္ဍာ​တိုက်​ထဲ​သို့ လိုက်​ရ​မည့်​အကြောင်း၊ လာဗန်​၏​အသံ​ဖြင့် ငါ​အမိန့်​ပေး​၏။

၂၁ သူ​သည်​လည်း ငါ့​ကို သူ​၏​သခင်​လာဗန်​ဟု ထင်​မှတ်​၏။ အကြောင်း​မူ​ကား၊ အဝတ်​တန်ဆာများ​နှင့် ငါ့​ခါး​၌​စည်း​ထား​သော​ဓား​ကို​လည်း သူ​မြင်​၏။

၂၂ သူ​၏​သခင်​လာဗန်​နှင့် ယုဒ​လူ​မျိုး အကြီး​အကဲ​တို့ ညဉ့်​အချိန်​၌ အပြင်​ထွက်​၍ တွေ့​ဆုံ​လေ့​ရှိ​ကြောင်း​ကို သိ​သော​ကြောင့် သူ​တို့​အကြောင်း​ကို​လည်း ငါ့​ကို သူ​ပြော​ပြ​၏။

၂၃ ငါ​သည်​လည်း လာဗန်​ဖြစ်​လေ​သကဲ့သို့ သူ့​ကို ပြော​ဆို​၏။

၂၄ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​ရှိ ရေး​ထွင်း​ထား​ခြင်း​များ​ကို တံတိုင်း​အပြင်​ရှိ ငါ့​အစ်​ကို​ကြီး​များ​ဆီ​သို့ သယ်​ဆောင်​သွားရန် ကြံ​ရွယ်​ကြောင်း​ကို​လည်း သူ့​ကို ငါ​ပြော​၏။

၂၅ ငါ့​နောက်​သို့ သူ​လိုက်​လာ​ရ​မည့်​အကြောင်း​ကို​လည်း သူ့​ကို ငါ​အမိန့်​ပေး​၏။

၂၆ သူ​က​လည်း ငါ​သည် အသင်း​တော်​၏​ညီ​အစ်​ကို​များ​အကြောင်း​ကို ပြော​သည်​ဟု​လည်း​ကောင်း၊ ငါ့​ကို​လည်း ငါ​ကွပ်​မျက်​လေ​သည့် လာဗန်​အမှန်​ဖြစ်​သည်​ဟု​လည်း​ကောင်း ထင်​မှတ်​နေ​၏။ သို့​ဖြစ်​၍၊ ငါ့​နောက်​သို့ သူ​လိုက်​လာ​၏။

၂၇ တံတိုင်း​အပြင်​ရှိ ငါ​၏​အစ်​ကို​တို့​ဆီ​သို့ ငါ​သွား​စဉ်တွင်​၊ သူသည် ယုဒ​လူ​မျိုး​အကြီး​အကဲ​တို့​အကြောင်း​ကို​လည်း ငါ့​ကို အကြိမ်​များ​စွာ​ပြော​ပြ​၏။

၂၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာမန်​သည် ငါ့​ကို​မြင်​လျှင်၊ လွန်​စွာ​ကြောက်​လန့်​၏။ လေမွေလ​နှင့်​ရှမ်​တို့​လည်း ကြောက်​လန့်​ကြ​၏။ သူ​တို့​သည်​လည်း ငါ​၏​မျက်​မှောက်​ရှေ့​မှ ထွက်​ပြေး​ကြ​၏။ အကြောင်း​မူ​ကား၊ ငါ့​ကို လာဗန်​ဟု​လည်း​ကောင်း၊ ငါ့​ကို သူ​ကွပ်​မျက်​ပြီး​သ​ဖြင့်၊ သူ​တို့​အသက်​ကို နှုတ်​ယူ​ရန်​လည်း ကြိုး​စား​အား​ထုတ်​လေ​ပြီ​ဟု​လည်း​ကောင်း သူ​တို့​ထင်​မှတ်​ကြ​၏။

၂၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​ကို ငါ​လိုက်​၍​ခေါ်​သ​ဖြင့်၊ ငါ့​အသံ​ကို သူ​တို့​ကြား​ကြ​၏။ သို့​ဖြစ်​၍၊ သူ​တို့​သည် ငါ့​မျက်​မှောက်​မှ ထွက်​ပြေး​ခြင်း​ကို ရပ်​တန့်​ကြ​၏။

၃၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာဗန်​၏​ကျွန်​သည် ငါ​၏​အစ်​ကို​တို့​ကို​မြင်​လျှင်၊ တုန်​စ​ပြု​လျက်၊ ငါ့​ရှေ့​မှ ထွက်​ပြေး​၍၊ ယေရုရှလင်​မြို့​သို့ ပြန်​သွား​တော့မည်​ပြု​လေ​၏။

၃၁ ယ​ခု​မူ​ကား၊ ငါ နီဖိုင်း​သည် အရပ်​အမောင်း​ကောင်း​သော​သူ​ဖြစ်​ပြီး၊ ကိုယ်​တော်​ရှင်​၏ ခွန်​အား​များ​စွာ​ကို​လည်း ရ​ရှိ​လျက်၊ ထို​ကြောင့်၊ ငါ​သည် လာဗန်​၏​ကျွန်​ကို ထွက်​မ​ပြေး​နိုင်​စေ​ခြင်း​ငှာ၊ ဖမ်း​ဆီး​ပြီး ဆွဲ​ထား​၏။

၃၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် သူ​နှင့် စကား​ဆို​သည်​ကား၊ ငါ​၏​စကား​များ​ကို သူစေ့စေ့​နား​ထောင်​မည်​ဆို​လျှင်၊ ကိုယ်​တော်​ရှင်​အသက်​ရှင်​တော်​မူ​သည့်​အတိုင်း၊ ငါ​လည်း အသက်​ရှင်​သည့်​အတိုင်း၊ ထို​ကဲ့သို့ပင်၊ ငါ​တို့​၏​စကား​များ​ကို သူ​စေ့စေ့နား​ထောင်​မည်​ဆို​လျှင်၊ သူ့​အသက်​ကို ငါ​တို့​ချမ်း​သာ​ပေး​မည့်​အကြောင်း​ပေ​တည်း။

၃၃ ထို့​အတူ၊ ငါ​သည် သူ့​ကို ကျိန်​ဆို​ခြင်း​နှင့်​ပင် ပြော​လေ​သည်​မှာ၊ သူ​သည် ငါ​တို့​နှင့် တော​ရိုင်း​ထဲ​သို့ ဆင်း​သွား​မည်​ဆို​လျှင်၊ ကြောက်​ရန်မ​လို​ကြောင်း​နှင့် ငါ​တို့​ကဲ့​သို့ လွတ်​လပ်​သော​သူ​တစ်​ယောက် ဖြစ်​လိမ့်​မည့်​အကြောင်း​ပေ​တည်း။

၃၄ ထို့​အတူ၊ သူ့​ကို ငါ​ပြော​လေ​သည်​ကား၊ ကိုယ်​တော်​ရှင်​သည် ငါ​တို့​အား ဤ​အမှု​ကို​လုပ်​ဆောင်ရန် ဧကန်​အမှန်​မိန့်​တော်​မူ​လေ​၏။ ငါ​တို့​သည်​လည်း ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရာ​၌ လုံ့လ​ဝီရိယ​မ​ရှိ​ဘဲ​နေ​ကြ​မည်​လော။ ထို့​ကြောင့်၊ သင်​သည် ငါ့​အဘ​ဆီ​သို့၊ တော​ရိုင်း​ထဲ​သို့ ဆင်း​သွား​မည်​ဆို​လျှင် ငါ​တို့​နှင့်​အတူ နေ​စ​ရာ​ကို​ရ​လိမ့်​မည်။

၃၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဇော်ရမ်​သည်​လည်း ငါ​ပြော​သော​စကား​များ​ကြောင့် ရဲ​ရင့်​ခြင်း​သို့ ရောက်​၏။ ယ​ခု​တွင်၊ ဇော်ရမ်​ကား၊ ကျွန်​၏​နာ​မည်​ဖြစ်​ပြီး၊ သူ​သည် ငါ​တို့​အဘ​ဆီ​သို့၊ တော​ရိုင်း​ထဲ​သို့ ဆင်း​သွား​ပါ​မည့်​အကြောင်း ကတိ​ပေး​၏။ ထို​မှ​တစ်​ပါး၊ သူ​သည် ထို​အချိန်​မှ​စ​၍၊ ငါ​တို့​နှင့်​အတူ​နေ​ပါ​မည့်​အကြောင်း၊ ငါ​တို့​ထံ​ကျိန်​ဆို​ခြင်း​ကို​လည်း ပြု​၏။

၃၆ ယ​ခု​တွင်၊ တော​ရိုင်း​ထဲ​သို့ ငါ​တို့ ပြေး​သည့်​အကြောင်း​ကို ယုဒ​လူ​မျိုး​တို့ မ​သိ​နိုင်​ကြ​စေ​ခြင်း​ငှာ​ဟူ​သော ဤ​အကြောင်း​ရင်း​ကြောင့်၊ ငါ​တို့​သည် သူ့​ကို ငါ​တို့​နှင့်​အတူ​နေ​စေ​လို​သည်​မှာ၊ ငါ​တို့​ကို သူ​တို့​လိုက်​၍​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ​ပေ​တည်း။

၃၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဇော်ရမ်​က ငါ​တို့​နှင့် ကျိန်​ဆို​ခြင်း​ကို​ပြု​လေ​ပြီး​နောက်၊ သူ​နှင့်​စပ်​လျဉ်း​၍ ငါ​တို့​၏​စိုး​ရိမ်​မှု​များ​လည်း ရပ်​တန့်​သွား​၏။

၃၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည်​လည်း လာဗန်​၏​ကျွန်​နှင့် ကြေး​ပုရပိုက်​ပြား​များ​ကို​ယူ​လျက်၊ တော​ရိုင်း​ထဲ​သို့ ထွက်​ခွာ​သွား​ပြီး၊ ငါ​တို့​အဘ​၏​တဲ​ဆီ​သို့ ခရီး​သွား​ကြ​၏။

ပုံနှိပ်သည်