ကျမ်းစာများ
၁ နီဖိုင်း ၅


အခန်းကြီး ၅

စာရိယ​သည် လေဟိ​ကို အပြစ်​တင်​မြည်​တမ်း​၏—သူ​တို့​၏​သား​များ ပြန်​လာ​သော​ကြောင့် နှစ်​ဦး​စ​လုံး ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏—သူ​တို့​သည် ယဇ်​များ ပူ​ဇော်​ကြ​၏—ကြေး​ပုရပိုက်​ပြား​များ​တွင် မောရှေ​နှင့်​ပရောဖက်​တို့​၏​စာ​များ ပါ​ဝင်​၏—လေဟိ​သည် ယောသပ်​၏​အမျိုး​အနွယ်​ဖြစ်​ကြောင်း ပုရပိုက်​ပြား​များ​က ဖော်​ပြ​၏—လေဟိ​သည် သူ​၏​အမျိုး​အနွယ်​တို့​အကြောင်း​နှင့် ပုရပိုက်​ပြား​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ခြင်း​အကြောင်း​ကို ပရောဖက်​ပြု​၍​ဟော​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ငါ​တို့​၏​အဘ​ဆီ​သို့၊ တော​ရိုင်း​ထဲ​သို့ ဆင်း​လာ​ကြ​လေ​ပြီး​နောက်၊ ရှု​လော့၊ သူ​သည် ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​၏။ ငါ​၏​အမိ စာရိယ​သည်​လည်း အလွန်​ဝမ်း​သာ​၏။ အကြောင်း​မူ​ကား၊ သူ​မ​သည် ငါ​တို့​ကြောင့် အမှန်​ပင် ငို​ကြွေး မြည်​တမ်း​ခဲ့​ရ​လေ​ပြီ။

တော​ရိုင်း​ထဲ​၌ ငါ​တို့​ပျက်​စီး​လေ​ပြီ​ဟု သူ​မ​ထင်​မှတ်​လေ​၏။ သူ​မ​သည် ငါ့​အဘ​ကို​လည်း ရူပါရုံ​ရ​သူ​ဟု​ပြော​လျက်၊ အပြစ်​တင်​မြည်​တမ်း​၍ ဆို​လေ​သည်​ကား၊ ရှု​လော့၊ သင်​သည် ငါ​တို့​ကို ငါ​တို့​၏​အမွေ​ခံ​ရာ​မြေ​မှ​ဆောင်​ခဲ့​သ​ဖြင့်၊ ငါ့သားများ​လည်း​မ​ရှိ​ကြ​တော့။ ငါ​တို့​သည်​လည်း တော​ရိုင်း​ထဲ​၌ ပျက်​စီး​ကြ​၏။

ဤ​ကဲ့​သို့​သော​စကား​ဖြင့်၊ ငါ​၏​အမိ​သည် ငါ့​အဘ​ကို အပြစ်​တင်​မြည်​တမ်း​လေ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​ခဲ့​လေ​သော​အခါ၊ ငါ​၏​အဘ​က​လည်း သူ​မ​ကို ဆို​၍ ပြော​လေ​သည်​ကား၊ ငါ​သည် ရူပါရုံ​ရ​သူ​ဖြစ်​ကြောင်း သိ​၏။ အကြောင်း​မူ​ကား၊ ငါ​သည် ဘုရားသခင်​၏​အမှု​တော်​များ​ကို ရူပါရုံ​အား​ဖြင့် မ​မြင်​ခဲ့​ရ​လေ​လျှင်၊ ဘုရားသခင်​၏​ကောင်း​မြတ်​ခြင်း​ကို သိ​ခဲ့​ရ​လိမ့်​မည်​မ​ဟုတ်​ဘဲ ယေရုရှလင်​မြို့ ၌ နေ​ခဲ့​လေ​သ​ဖြင့်၊ ငါ​၏​အစ်​ကို​တို့​နှင့်​အတူ​ပျက်​စီး​ရ​လေ​မည်။

သို့​ရာ​တွင်၊ ရှု​လော့၊ ငါ​သည် ကတိ​တော်​မြေ​ကို ရ​ရှိ​လေ​ပြီ​။ ထို​အရာ​များ​၌ ငါ​ရွှင်​လန်း​ဝမ်း​မြောက်​၏။ ထို​မှ​တစ်​ပါး၊ ငါ့​သား​များ​ကို လာဗန်​၏​လက်​မှ ကိုယ်​တော်​ရှင်​ကယ်​လွှတ်​တော်​မူ​ပြီး၊ တော​ရိုင်း​ထဲ​ရှိ​ငါ​တို့​ထံ တစ်​ဖန်​ဆောင်​ယူ​တော်​မူ​လိမ့်​မည်​ဖြစ်​ကြောင်း​ကို​လည်း ငါ​သိ​၏။

ငါ​တို့​သည် ယုဒ​လူ​မျိူး​တို့​၏​မှတ်​တမ်း​ကို ရ​ယူ​ခြင်း​ငှာ ယေရုရှလင်​နယ်​မြေ​အထိ တော​ရိုင်း​ထဲ​၌ ခရီး​သွား​စဉ်​တွင်၊ ငါ​၏​အဘ​လေဟိ​သည်​လည်း ငါ​တို့​နှင့်​စပ်​လျဉ်း​၍၊ ငါ​၏​အမိစာရိယ​ကို ဤ​ကဲ့​သို့​သော​စကား​ဖြင့် နှစ်​သိမ့်​စေ​၏။

ငါ့​အဘ​၏​တဲ​သို့ ငါ​တို့​ပြန်​လာ​ခဲ့​ကြ​လေ​သော​အခါ၊ ရှု​လော့၊ သူ​တို့​၏​ဝမ်း​မြောက်​ခြင်း​သည် ပြည့်​စုံ​၍ ငါ​၏​အမိ​သည် သက်​သာ​ခြင်း​သို့​ရောက်​၏။

သူ​မ​က​လည်း ဆို​လေ​သည်​ကား၊ ကိုယ်​တော်​ရှင်​သည် ငါ့​ခင်​ပွန်း​ကို တော​ရိုင်း​ထဲ​သို့​ထွက်​ပြေး​သွားရန်၊ မိန့်​တော်​မူ​လေ​ကြောင်း၊ ယ​ခု​ပင် ငါ​ဧ​ကန်​အမှန်​သိ​၏။ ထို​မှ​တစ်​ပါး၊ ငါ့​သား​များ​ကို ကိုယ်​တော်​ရှင်​ကာ​ကွယ်​ပေး​တော်​မူ​၍၊ လာဗန်​၏​လက်​မှ ကယ်​လွှတ်​ပေး​တော်​မူ​လျက်၊ သူ​တို့​အား ကိုယ်​တော်​ရှင် မိန့်​တော်​မူ​လေ​သည့် အမှု​ကို ပြီး​မြောက်​နိုင်​စေ​မည့်​အစွမ်း​သတ္တိ​ကို ပေး​တော်​မူ​ကြောင်း ငါ​ဧ​ကန်​အမှန်​သိ​၏​ဟု ပြော​၏။ ဤ​ကဲ့​သို့​သော​စကား​ဖြင့်၊ သူ​မ​က​ပြော​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​၍၊ ကိုယ်​တော်​ရှင်​အား ယဇ်​နှင့် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာ​များ ပူဇော်​ပြီး၊ ဣသရေလ​အမျိုး​၏​ဘုရားသခင်​ကို ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​၏။

၁၀ သူ​တို့​သည် ဣသရေလ​အမျိုး​၏​ဘုရားသခင်​ကို ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လေ​ပြီး​နောက်၊ ငါ​၏​အဘ​လေဟိ​သည် ကြေး​ပုရပိုက်​ပြား​များ​ပေါ်၌ ရေး​ထွင်း​ထား​သည့် မှတ်​တမ်း​များ​ကို​ယူ​ပြီး၊ ရှေ့​ဆုံး​မှ​စ​၍ စေ့​စေ့​ဖတ်​ရှု​၏။

၁၁ ကမ္ဘာ​ကို ဖန်​ဆင်းတော်မူ​ခြင်း​အကြောင်း​နှင့် ငါ​တို့​၏​ပထမ​ဦး​ဆုံး​သော​မိဘ​များ​ဖြစ်​သည့် အာဒံ​နှင့် ဧဝ​တို့​အကြောင်း​ကို ဖော်​ပြ​သည့် မောရှေ​ကျမ်း ငါး​ကျမ်း၊ ထို​မှတ်​တမ်း​များ​၌ ပါ​ဝင်​ကြောင်း​ကို သူ​မြင်​တွေ့​၏။

၁၂ ရှေး​ဦး​စွာ​မှ​စ​၍၊ ယုဒ​ရှင်ဘုရင်​ဇေဒကိ နန်း​စံ​ခြင်း​အစ​အထိ​ပင် ယုဒ​လူ​မျိုး​တို့​၏​မှတ်​တမ်း​လည်း ပါ​ဝင်​၏။

၁၃ ရှေး​ဦး​စွာ​မှ​စ​၍၊ ဇေဒကိ​နန်း​စံ​ခြင်း အစ​အထိ​ပင် သန့်​ရှင်း​သော​ပရောဖက်​တို့​၏ ပရောဖက်​ပြု​ဟော​ချက်​များ​လည်း ပါ​ဝင်​၏။ ယေရမိ​၏​နှုတ်​ဖြင့် ဟော​သည့် ပရောဖက်​ပြု​ဟော​ချက်​များ​စွာ​တို့​လည်း ပါ​ဝင်​၏။

၁၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​လေဟိ​သည် သူ့​ဘိုး​ဘေး​တို့​၏​ဆွေ​စဉ်​မျိုး​ဆက်​မှတ်တမ်း​ကို​လည်း ကြေး​ပုရပိုက်​ပြား​များ​ပေါ်၌ တွေ့​၏။ သို့​ဖြစ်​၍၊ သူ​သည် ယောသပ်၊ အထူး​သ​ဖြင့်၊ ယာကုပ်​၏​သား​ဖြစ်​သူ၊ အဲဂုတ္တု​ပြည်​သို့ အရောင်း​ခံ​ရ​သူ၊ သူ​၏​အဘ ယာကုပ်​နှင့် အိမ်​သူ​အိမ်​သား​အား​လုံး​တို့​ကို ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့် ပျက်​စီး​ခြင်း​မှ ကာ​ကွယ်​စောင့်​မ​နိုင်​စေခြင်းငှာ ကိုယ်​တော်​ရှင်​၏​လက်​တော်​ဖြင့်၊ ကာ​ကွယ်​စောင့်​မ​ထား​ခြင်း ခံ​ရ​သော ထို​ယောသပ်​၏​အမျိုး​အနွယ်​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

၁၅ သူ​တို့​သည် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ​လည်း​ကောင်း၊ အဲဂုတ္တု​ပြည်​မှ​လည်း​ကောင်း နှုတ်​ဆောင်​ခံ​ရ​သည်​မှာ​လည်း သူ​တို့​ကို ကာ​ကွယ်​စောင့်​မ​တော်​မူ​သည့် ထို​မပြောင်းမလဲသောဘုရားသခင်​အား​ဖြင့်​ပေ​တည်း။

၁၆ ထို​ကဲ့​သို့​အား​ဖြင့်၊ ငါ​၏​အဘ​လေဟိ​သည် သူ့​ဘိုး​ဘေး​တို့​၏ ဆွေ​စဉ်​မျိုး​ဆက်​မှတ်တမ်း​ကို ရှာ​ဖွေ​တွေ့​ရှိ​၏။ လာဗန်​သည်​လည်း ယောသပ်​၏​အမျိုး​အနွယ်​ဖြစ်​၏။ သို့​ဖြစ်​၍၊ သူ​နှင့် သူ​၏​ဘိုး​ဘေး​တို့​သည် မှတ်​တမ်း​များ​ကို ရေး​မှတ်​ကြ​၏။

၁၇ ယ​ခု​မူ​ကား၊ ငါ​၏​အဘ​သည် ဤ​အရာခပ်သိမ်းတို့ကို မြင်​လျှင်၊ ဝိညာဉ်​တော်​နှင့်​ပြည့်​စုံ​၍၊ သူ့​အမျိုး​အနွယ်​များ​အကြောင်း​ကို ပရောဖက်​ပြု​၍​ဟော​စ​ပြု​လေ​သည်​ကား—

၁၈ ဤ​ကြေး​ပုရပိုက်​ပြားများ​သည် သူ​၏​အမျိုး​အနွယ်​များ​ဖြစ်​သည့် ခပ်သိမ်း​သော​ပြည်​သား၊ အမျိုး​စု၊ အသီး​သီး​ဘာသာစကား​ကို​ပြော​သူ​နှင့် လူ​မျိုး​တို့​ထံ ကူး​သွား​လိမ့်​မည်​ဟု ဖြစ်​လေ​သ​တည်း။

၁၉ သို့​ဖြစ်​၍၊ ဤ​ကြေး​ပုရပိုက်​ပြား​များ​သည် အဘယ်​တော့​မျှ ပျက်​စီး​လိမ့်​မည်​မ​ဟုတ်​ကြောင်း​နှင့် အချိန်​ကြာ​လာ​သည်​နှင့်​အမျှ နောက်​ထပ်​၍ မှေး​မှိန်​သွား​လိမ့်​မည်​မ​ဟုတ်​တော့​ကြောင်း သူ​ဆို​၏။ သူ့​အမျိုး​အနွယ်​များ​နှင့် စပ်​လျဉ်း​၍၊ အရာ​များ​စွာ​တို့​ကို​လည်း သူ​ပရောဖက်​ပြု​၍​ဟော​၏။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နှင့်​ငါ​၏​အဘ​သည်​လည်း ကိုယ်​တော်​ရှင် မိန့်​တော်​မူ​လေ​သော ပညတ်​တော်​များ​ကို ဤ​မျှ​အထိ စောင့်​ထိန်း​၏။

၂၁ ငါ​တို့​သည်​လည်း ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​သည့် မှတ်​တမ်း​များ​ကို​ရ​ယူ​ပြီး၊ စေ့​စေ့​ဖတ်​ရှု​လျက်၊ နှစ်​လို​ဖွယ်​ဖြစ်​ကြောင်း​ကို​လည်း တွေ့​ရှိ​၏။ အမှန်​စင်​စစ်၊ ငါ​တို့​အတွက် ကြီး​စွာ​ပင်​အဖိုး​ထိုက်​သ​ဖြင့်၊ ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို ငါ​တို့​၏​သား​မြေး​တို့​အတွက် ငါ​တို့​ထိန်း​သိမ်း​စောင့်​ရှောက်​နိုင်​၏။

၂၂ သို့​ဖြစ်​၍၊ ကတိ​တော်​မြေ​ဆီ​သို့ တော​ရိုင်း​ထဲ​၌ ငါ​တို့​ခရီး​သွား​ကြ​စဉ်တွင် ထို​မှတ်​တမ်း​များ​ကို ငါ​တို့​နှင့်​အတူ သယ်​ဆောင်​ခြင်း​သည်​ကား၊ ကိုယ်​တော်​ရှင်​၏​ဉာဏ်​ပညာ​တော်​အတိုင်း​ပေ​တည်း။

ပုံနှိပ်သည်