အခန်းကြီး ၁၀
ကိုယ်တော်ရှင်သည် နီဖိုင်းအား စည်းနှောင်ခြင်းတန်ခိုးကို ပေး၏—သူသည် မြေကြီးပေါ်နှင့် ကောင်းကင်ဘုံ၌ ချည်နှောင်စေရန်နှင့် ဖြေလွှတ်စေရန် အခွင့်လွှဲအပ်ခံရ၏—သူသည် လူတို့ကို နောင်တရရန်၊ သို့မဟုတ်လျှင်၊ ပျက်စီးမည့်အကြောင်း မိန့်မှာ၏—ဝိညာဉ်တော်သည် သူ့ကို လူအစုအဝေးတစ်ခုမှ လူအစုအဝေးတစ်ခုသို့ ဆောင်ယူတော်မူ၏။ ဘီစီ ၂၁–၂၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့၌ ကွဲပြားခြင်းရှိသဖြင့်၊ အရပ်ရပ်သို့ကွဲသွား၍၊ သူတို့လမ်းသူတို့သွားလျက်၊ နီဖိုင်းကို သူတို့အလယ်၌ ရပ်နေစဉ် တစ်ယောက်တည်း ထားခဲ့ကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် သူ့ကို ကိုယ်တော်ရှင် ပြတော်မူလေသည့် အရာတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက် မိမိအိမ်သို့ သူ့လမ်းသူသွား၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ထိုကဲ့သို့ မှတ်ကျုံး၍စဉ်းစားဆင်ခြင်နေစဉ်၌—သူသည် နီဖိုင်းလူမျိုးတို့၏ ဆိုးညစ်ခြင်း၊ သူတို့၏လျှို့ဝှက်သော မှောင်မိုက်ခြင်းအမှုများ၊ သူတို့၏လူ့အသက်သတ်ခြင်းများ၊ သူတို့၏လုယက်ခြင်းများနှင့် အမျိုးမျိုးသော ဒုစရိုက်များကြောင့် အလွန်စိတ်ပျက်၏—ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့စိတ်နှလုံး၌ ထိုကဲ့သို့ မှတ်ကျုံး၍ စဉ်းစားဆင်ခြင်နေစဉ် အသံတော်တစ်ခု သူ့ထံသို့ ရောက်လာ၍ မြွက်ဆိုလေသည်ကား၊
၄ အသင်နီဖိုင်းသည် ပြုခဲ့သော ထိုအမှုများကြောင့် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို ပေးတော်မူသည့် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား သင်အဘယ်ကဲ့သို့ မမောမပန်းဘဲနှင့် ဟောကြားသည်ကို မြင်တော်မူ၏။ သင်သည် သူတို့ကို မကြောက်လန့်၊ သင့်အသက်ကို မငဲ့ကွက်၊ ငါ၏အလိုတော်ကို ဆောင်ရန်နှင့် ငါ၏ပညတ်တော်များကို စောင့်ထိန်းရန်သာ ကြိုးစားအားထုတ်လေပြီ။
၅ ယခုမူကား၊ သင်သည် ထိုကဲ့သို့ မမောမပန်းဘဲနှင့်ဆောင်ရွက်သောကြောင့်၊ ရှုလော့၊ ငါသည် သင့်ကို ကာလအစဉ်အဆက် ကောင်းချီးပေးတော်မူမည်။ သင့်ကို စကားအရာနှင့် အကျင့်အရာ၊ ယုံကြည်ခြင်းအရာနှင့် အမှုအရာတို့၌လည်း အားကြီးစေမည်။ ထိုမှတစ်ပါး၊ ခပ်သိမ်းသောအရာတို့ကို သင့်ထံသို့ သင်၏စကားများအတိုင်းပင် ဖြစ်စေတော်မူမည်။ အကြောင်းမူကား၊ သင်သည် ငါ၏အလိုနှင့် ဆန့်ကျင်သောအရာကို တောင်းဆိုမည်မဟုတ်။
၆ ရှုလော့၊ သင်သည် နီဖိုင်းဖြစ်၏။ ငါသည် ဘုရားသခင်ဖြစ်၏။ ရှုလော့၊ ငါ၏ကောင်းကင်တမန်တို့ရှေ့၌ သင့်ကို ဟောကြားသည်ကား၊ သင်သည် ဤလူမျိုးတို့အပေါ် တန်ခိုးရှိလိမ့်မည်။ ဤလူမျိုးတို့၏ ဆိုးညစ်ခြင်းအတိုင်း မြေကြီးကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်၊ ထို့အတူ ကာလနာဘေးနှင့် ဖျက်ဆီးခြင်းဘေးတို့ဖြင့်လည်း ဒဏ်ခတ်လိမ့်မည်။
၇ ရှုလော့၊ ငါသည် သင့်အား တန်ခိုးကိုပေး၍၊ မြေကြီးပေါ်၌ သင်တံဆိပ်ခတ်သမျှသည် ကောင်းကင်ဘုံ၌ တံဆိပ်ခတ်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်။ ထိုကဲ့သို့အားဖြင့်၊ သင်သည် ဤလူမျိုးတို့၌ တန်ခိုးရှိလိမ့််မည်။
၈ ထိုကဲ့သို့အားဖြင့်၊ ဤဗိမာန်တော်ကို နှစ်ခြမ်းကွဲလိမ့်မည်ဟု သင်ဆိုလျှင်၊ ထိုအမှုဖြစ်လိမ့်မည်။
၉ ဤတောင်ကို ပြိုကျ၍ ညီညာလာစေလော့ဟု သင်ဆိုလျှင်လည်း၊ ထိုအမှုဖြစ်လိမ့်မည်။
၁၀ ရှုဦးလော့၊ ဘုရားသခင်သည် ဤလူမျိုးတို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု သင်ဆိုလျှင်၊ ထိုအမှု ဖြစ်လာလိမ့်မည်။
၁၁ ယခုမူကား၊ ရှုလော့၊ သင်သည် ဤလူမျိုးတို့ထံသို့ သွား၍၊ ဟောကြားရမည့်အကြောင်း၊ သင့်ကို ငါမိန့်မှာ၍၊ အနန္တတန်ခိုးရှင်ဖြစ်တော်မူသော ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေသည်ကား၊ သင်တို့သည် နောင်တမရလျှင်၊ ပျက်စီးခြင်းသို့တိုင်အောင်ပင် ဒဏ်ခတ်တော်မူခြင်းကို ခံရလိမ့်မည်။
၁၂ ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းအား ဤစကားများကို ကိုယ်တော်ရှင် မိန့်တော်မူလေပြီးလျှင်၊ သူသည်လည်း ရပ်တန့်၍ မိမိအိမ်သို့မသွား၊ ထိုပြည်၏မျက်နှာပြင်ပေါ်၌ ကွဲပြားပြန့်ကျဲလျက်ရှိသော လူအစုအဝေးတို့ထံသို့သာ ပြန်လာ၍၊ သူတို့နောင်တမရလျှင်၊ သူတို့၏ပျက်စီးခြင်းနှင့်စပ်လျဉ်း၍၊ သူ့ကို မိန့်တော်မူသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များကို သူတို့အား ဟောကြားစပြု၏။
၁၃ ယခုတွင် ရှုလော့၊ တရားသူကြီးချုပ်သေခြင်းအကြောင်းကို ပြောပြရာ၌ နီဖိုင်းပြုလေသည့် ကြီးစွာသော ထိုအလွန်တရာအံ့ဩဖွယ်အမှုရှိသော်ငြားလည်း၊ သူတို့သည် စိတ်နှလုံးကို မာကျောစေလျက်၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များကို စေ့စေ့နားမထောင်ကြ။
၁၄ ထို့ကြောင့်၊ နီဖိုင်းက သူတို့အား ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ဟောကြား၍ ဆိုလေသည်ကား၊ သင်တို့နောင်တမရလျှင်၊ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ၊ သင်တို့သည် ပျက်စီးခြင်းသို့တိုင်အောင်ပင် ဒဏ်ခတ်တော်မူခြင်းကို ခံရလိမ့်မည်။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းက သူတို့အား ထိုစကားကို ဟောကြားပြီးလျှင်၊ ရှုလော့၊ သူတို့သည် စိတ်နှလုံးကို မာကျောစေသေးလျက်ရှိ၍၊ သူ၏စကားများကို စေ့စေ့နားမထောင်လိုကြ။ ထို့ကြောင့်၊ သူ့ကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုလျက်၊ ထောင်ထဲ၌ လှောင်ထားနိုင်ခြင်းငှာ၊ ဖမ်းဆီးရန် ကြိုးစားကြ၏။
၁၆ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်၏တန်ခိုးတော်သည် သူနှင့်အတူ ရှိတော်မူ၍၊ သူ့ကို ထောင်ထဲ၌လှောင်ထားရန် မဖမ်းဆီးနိုင်ကြ။ အကြောင်းမူကား၊ သူသည် ဝိညာဉ်တော်အားဖြင့် ခေါ်ဆောင်ခံရ၍၊ သူတို့အလယ်မှ ဝေးရာသို့ ပို့ဆောင်ခံရ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ထိုကဲ့သို့ ဝိညာဉ်တော်အားဖြင့် ထွက်သွား၍၊ လူအစုအဝေးတစ်ခုမှ လူအစုအဝေးတစ်ခုသို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောကြားလျက်၊ သူတို့အားလုံးသို့ ဟောကြားပြီးလေသည့်တိုင်အောင် သို့မဟုတ်၊ လူမျိုးခပ်သိမ်းတို့၌ ပျံ့နှံ့စေသည့်တိုင်အောင်ပင်တည်း။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သူ၏စကားများကို စေ့စေ့နားမထောင်လိုကြ။ ရန်တွေ့ခြင်းများလည်း အစပြုသဖြင့်၊ သူတို့အချင်းချင်း ကွဲပြား၍ တစ်ယောက်ကိုတစ်ယောက် ဓားဖြင့် ကွပ်မျက်စပြုကြ၏။
၁၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ခုနစ်ဆယ်တစ်နှစ်မြောက် ပြီးဆုံး၏။