အခန်းကြီး ၁၄
ရှမွေလသည် ခရစ်တော်ဖွားမြင်တော်မူရာကာလ၌ ညဉ့်အချိန်၏အလင်းနှင့် အသစ်ဖြစ်သောကြယ်တို့ကို ကြိုတင်ဟောကိန်းထုတ်၏—ခရစ်တော်သည် လူသားတို့ကို ဇာတိပကတိနှင့် ဝိညာဉ်ပကတိသေခြင်းတို့မှ ရွေးနှုတ်တော်မူ၏—သူ့သေခြင်း၏ နိမိတ်လက္ခဏာတို့၌၊ မှောင်မိုက်ခြင်းသုံးရက်၊ ကျောက်များကွဲခြင်းနှင့် လောကဓာတ်၏အုံကြွခြင်းတို့ ပါဝင်၏။ ဘီစီ ၆ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ လာမန်အမျိုးသား ရှမွေလသည် မရေးနိုင်အောင် ပို၍အလွန်များသော အရာတို့ကို ပရောဖက်ပြု၍ဟော၏။
၂ ရှုဦးလော့၊ သူဆိုလေသည်ကား၊ ရှုလော့၊ ငါသည် သင်တို့ကို နိမိတ်လက္ခဏာတစ်ခု ကိုဖော်ပြ၏။ အကြောင်းမူကား၊ ရှုဦးလော့၊ နောက်ထပ် ငါးနှစ်အကြာ၌၊ ဘုရားသခင်၏သားတော်သည် သူ၏နာမတော်ကို ယုံကြည်မည့်သူ ခပ်သိမ်းကို ရွေးနှုတ်တော်မူခြင်းငှာ၊ ကြွလာတော်မူမည်။
၃ ရှုဦးလော့၊ သူကြွလာတော်မူသည့်အချိန်၌ နိမိတ်လက္ခဏာတစ်ခုအဖြစ် ဤအရာကို သင်တို့အား ငါဖော်ပြမည်။ အကြောင်းမူကား၊ ရှုလော့၊ ကောင်းကင်၌ ကြီးစွာသောအလင်းအိမ်တို့ရှိ၍၊ သူကြွလာတော်မမူမီညဉ့်အချိန်၌ မှောင်မိုက်မရှိသဖြင့်၊ ထိုညဉ့်သည် လူသားအဖို့ နေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။
၄ ထို့ကြောင့်၊ တစ်နေ့၊ တစ်ညဉ့်နှင့် တစ်နေ့ဖြစ်၍၊ ထိုကာလသည် တစ်နေ့တည်းဖြစ်၍၊ ညမရှိသကဲ့သို့ ဖြစ်လိမ့်မည်။ ဤအရာသည် သင်တို့အတွက် နိမိတ်လက္ခဏာအဖြစ်ရှိလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် နေထွက်ခြင်းနှင့် ဝင်ခြင်းကို သိလိမ့်မည်။ ထို့ကြောင့်၊ နှစ်နေ့နှင့် တစ်ညဖြစ်လိမ့်မည့်အကြောင်းကို သူတို့ဧကန်အမှန်သိကြလိမ့်မည်။ သို့သော်လည်း ညသည် မှောင်မိုက်လိမ့်မည်မဟုတ်။ ထိုညသည်လည်း သူ့ကိုဖွားမြင်ရာမတိုင်မီ ညဖြစ်လိမ့်မည်။
၅ ရှုဦးလော့၊ သင်တို့မမြင်ဖူးသည့် အသစ်ဖြစ်သော ကြယ်တစ်လုံးထွက်လာ၍၊ ဤအရာသည်လည်း သင်တို့အတွက် နိမိတ်လက္ခဏာတစ်ခု ဖြစ်လိမ့်မည်။
၆ ရှုဦးလော့၊ ဤအရာသည် အလုံးစုံမဟုတ်။ ကောင်းကင်၌ များစွာသောနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများ ရှိလိမ့်မည်။
၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သင်တို့သည် အံ့အားသင့်၍ အံ့မခန်းချီးမွမ်းဖွယ်ဖြစ်သဖြင့် မြေကြီးသို့ လဲကျသည့်တိုင်အောင်ပင် ဖြစ်လိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဘုရားသခင်၏သားတော်ကို ယုံကြည်သူမှန်သမျှသည် ထာဝရတည်မြဲသောအသက်ကို ရလိမ့်မည်။
၉ ရှုဦးလော့၊ ထိုကဲ့သို့ ကိုယ်တော်ရှင်သည် ငါ့ကို သင်တို့ထံသို့ လာ၍ ဤအရာတို့ကို ပြောပြရမည့်အကြောင်း၊ သူ၏ကောင်းကင်တမန်အားဖြင့်၊ မိန့်တော်မူလေ၏။ ထိုမှတစ်ပါး၊ သင်တို့အား ဤအရာတို့ကို ငါပရောဖက်ပြု၍ ဟောရမည့်အကြောင်း မိန့်တော်မူ၏။ ထိုမှတစ်ပါး၊ ငါ့ကို မိန့်တော်မူလေသည်ကား၊ နောင်တရ၍ ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ရမည့်အကြောင်း၊ ဤလူမျိုးတို့ကို ဟစ်ကြွေးလော့ဟု ဖြစ်လေသတည်း။
၁၀ ယခုမူကား၊ ငါသည် လာမန်အမျိုးသားတစ်ဦးဖြစ်၍၊ ငါ့ကို ကိုယ်တော်ရှင် မိန့်တော်မူခဲ့လေသည့် စကားများကို သင်တို့အား ဟောပြောသောကြောင့်လည်းကောင်း၊ ထိုအမှုသည်၊ သင်တို့တစ်ဖက်၌ ခက်ထန်သောကြောင့်လည်းကောင်း သင်တို့သည် ငါ့ကို အမျက်ထွက်၍၊ ဖျက်ဆီးရန်ကြိုးစားကြ၏၊ သင်တို့အထဲမှလည်း နှင်ထုတ်ကြလေပြီ။
၁၁ သင်တို့သည် ငါ၏စကားများကို ကြားနာကြလော့။ အကြောင်းမူကား၊ ငါသည် ဤရည်ရွယ်ချက်ကြောင့် ဤမြို့တံတိုင်းများပေါ်သို့ တက်လာလေပြီ၊ သင်တို့၏ဒုစရိုက်များကြောင့်၊ သင်တို့ကို စောင့်နေသည့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းများကို သင်တို့ကြားနာ၍ သိနိုင်ကြစေကြောင်း၊ ထို့အတူ၊ နောင်တရခြင်းအခွင့်များကိုလည်း သင်တို့သိနိုင်ကြစေကြောင်း၊
၁၂ ထို့အတူ၊ ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်၊ ကောင်းကင်နှင့် မြေကြီး၏ခမည်းတော်၊ ရှေးဦးစွာကတည်းက၊ အရာခပ်သိမ်းတို့ကို ဖန်ဆင်းရှင်၏ ကြွလာတော်မူခြင်းကိုလည်း သင်တို့သိနိုင်ကြစေကြောင်း၊ သူ၏နာမတော်ကို ယုံကြည်နိုင်ကြစေခြင်းငှာဟူသော ရည်ရွယ်ချက်အတွက် သူကြွလာတော်မူခြင်း၏နိမိတ်လက္ခဏာတို့ကို သင်တို့သိနိုင်ကြစေကြောင်းတို့ပင်တည်း။
၁၃ ထို့အတူ၊ သင်တို့သည် သူ၏နာမတော်ကို ယုံကြည်လျှင်၊ သင်တို့၏ခပ်သိမ်းသောအပြစ်များမှ နောင်တရ၍၊ ထိုနည်းအားဖြင့် သူ၏ကောင်းမှုများအားဖြင့်၊ ထိုအပြစ်များမှလွှတ်ခြင်းကို ရရှိနိုင်ကြ၏။
၁၄ ရှုဦးလော့၊ တခြားနိမိတ်လက္ခဏာတစ်ခု၊ အထူးသဖြင့်၊ သူ့သေခြင်း၏နိမိတ်လက္ခဏာတစ်ခုကို သင့်အား ငါပေး၏။
၁၅ အကြောင်းမူကား၊ ရှုလော့၊ သူသည် ကယ်တင်ခြင်းဖြစ်လာနိုင်စေရန် ဧကန်အမှန် သေရပေမည်။ အထူးသဖြင့်၊ သူ့ထံသို့ ထိုအမှုဖြစ်လာ၍၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေခြင်းငှာ သူသေရန် လိုအပ်လာ၏၊ ထိုကဲ့သို့အားဖြင့်၊ လူသားတို့ကို ကိုယ်တော်ရှင်၏မျက်မှောက်သို့ ဆောင်ယူနိုင်စေခြင်းငှာပေတည်း။
၁၆ အထူးသဖြင့်၊ ရှုလော့၊ ဤသေခြင်းက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေလျက်၊ လူသားခပ်သိမ်းတို့ကို ပထမသေခြင်း—ထိုဝိညာဉ်ပကတိသေခြင်းမှ ရွေးနှုတ်၏။ အကြောင်းမူကား၊ အာဒံ၏ကျရှုံးခြင်းအားဖြင့် ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရသည့် လူသားခပ်သိမ်းတို့ကို ဇာတိပကတိနှင့်ဆိုင်သောအရာများနှင့် ဝိညာဉ်ပကတိနှင့်ဆိုင်သောအရာများ နှစ်ခုစလုံးတို့၌ သေသူများအဖြစ် မှတ်ယူကြ၏။
၁၇ သို့ရာတွင်၊ ရှုလော့၊ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက လူသားကို၊ အမှန်စင်စစ်၊ လူသားခပ်သိမ်းတို့ကိုပင် ရွေးနှုတ်တော်မူ၍၊ ကိုယ်တော်ရှင်၏ မျက်မှောက်သို့ ပြန်လည်ဆောင်ယူတော်မူ၏။
၁၈ အကြောင်းမူကား၊ ထိုအမှုက နောင်တရခြင်းအခွင့်ကို ဖြစ်ပေါ်စေသည်မှာ၊ နောင်တရသောသူမှန်သမျှအား ခုတ်လှဲ၍ မီးထဲသို့ပစ်ချ မခံရစေခြင်းငှာပေတည်း။ သို့ရာတွင်၊ နောင်တရခြင်းမရှိသူမှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခံရ၏။ ဝိညာဉ်ပကတိသေခြင်းသည်လည်း သူတို့အပေါ်သို့ တစ်ဖန်ကျရောက်ပေ၏။ အကြောင်းမူကား၊ သူတို့သည် ဖြောင့်မတ်ခြင်းနှင့် စပ်ဆိုင်သောအရာတို့၌ တစ်ဖန်ပယ်ရှင်းခံရ၏။
၁၉ ထို့ကြောင့်၊ သင်တို့ နောင်တရကြလော့၊ သင်တို့ နောင်တရကြလော့။ ဤအရာတို့ကို သိသော်လည်း မကျင့်သုံးလျှင်၊ သင်တို့ကိုယ်သင်တို့ ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်စေရန် အခွင့်မပေးကြစေခြင်းငှာ၊ ထို့အတူ၊ ဤဒုတိယသေခြင်းသို့ ဆောင်ယူခြင်းကို သင်တို့မခံရစေခြင်းငှာပေတည်း။
၂၀ သို့ရာတွင်၊ ရှုလော့၊ တခြားနိမိတ်လက္ခဏာ၊ သူ၏သေခြင်းနိမိတ်လက္ခဏာနှင့်စပ်လျဉ်း၍ သင်တို့ကို ငါပြောသကဲ့သို့ပင်၊ ရှုလော့၊ သေခြင်းကို သူခံစားမည့် ထိုနေ့၌၊ နေသည် မှောင်မိုက်လာ၍၊ သူ၏အလင်းကို သင်တို့ထံပေးရန် ငြင်းပယ်လိမ့်မည်။ လနှင့် ကြယ်တို့သည်လည်း၊ ထိုနည်းတူ ဖြစ်လိမ့်မည်။ သေခြင်းကို သူခံစားမည့်အချိန်မှစ၍ပင်၊ သေရာမှ သူတစ်ဖန်ထမြောက်မည့်အချိန်အထိ သုံးရက်ကြာအောင် ဤပြည်၏မျက်နှာပြင်ပေါ်၌ အလင်းမရှိဘဲဖြစ်လိမ့်မည်။
၂၁ ထိုမှတစ်ပါး၊ သူသည် ဝိညာဉ်တော်ကို လွှတ်တော်မူသည့် အချိန်၌ နာရီပေါင်းများစွာ ကြာအောင် မိုးချုန်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ရှိလိမ့်မည်။ မြေကြီးသည်လည်း လှုပ်၍၊ တုန်လိမ့်မည်။ ဤမြေကြီး၏မျက်နှာပြင်ပေါ်မှာရှိသည့်၊ မြေကြီးအထက်နှင့် အောက်မှာရှိသည့်၊ ဤအချိန်၌ အစိုင်အခဲ၊ သို့မဟုတ် အများစုမှာ တစ်ခုတည်းသောအစိုင်အခဲထုအဖြစ် သင်တို့သိသည့် ကျောက်များသည်လည်း ပြိုကွဲလိမ့်မည်။
၂၂ ထိုမှတစ်ပါး၊ နှစ်ခြမ်းကွဲလိမ့်မည်၊ မြေကြီးတစ်ခုလုံး၏မျက်နှာပြင်ပေါ်၌၊ အထူးသဖြင့်၊ မြေကြီး၏အထက်နှင့် အောက်နှစ်ခုစလုံး၌ အအက် အကွဲများအဖြစ်နှင့် ကျိုးပဲ့သော အပိုင်းအစများအဖြစ် အစဉ်အဆက် တွေ့ရလိမ့်မည်။
၂၃ ရှုဦးလော့၊ ကြီးစွာသောမိုးသက်မုန်တိုင်းများ ရှိလိမ့်မည်။ တောင်များစွာလည်း ချိုင့်ဝှမ်းကဲ့သို့ နိမ့်ကျလိမ့်မည်။ အလွန်မြင့်သောတောင်များဖြစ်လာမည့် ယခုတွင် ချိုင့်ဝှမ်းဟုခေါ်သောနေရာများစွာရှိလိမ့်မည်။
၂၄ များစွာသောလမ်းမများလည်း ပြိုကျ၍၊ များစွာသောမြို့များသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။
၂၅ ထို့အတူ၊ သင်္ချိုင်းများစွာတို့သည် ပွင့်၍ ၎င်းတို့၏အသေကောင်များစွာတို့ကို လွှတ်ပေးလိမ့်မည်။ သန့်ရှင်းသူများစွာတို့သည်လည်း များစွာသောသူတို့ထံသို့ ပေါ်လာလိမ့်မည်။
၂၆ ရှုဦးလော့၊ ထိုကဲ့သို့ ကောင်းကင်တမန်သည် ငါ့ကိုမြွက်ဆိုတော်မူ၏။ အကြောင်းမူကား၊ နာရီပေါင်းများစွာကြာအောင်၊ မိုးချုန်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ရှိလိမ့်မည်ဖြစ်ကြောင်း ငါ့ကို မြွက်ဆိုတော်မူ၏။
၂၇ ထို့အတူ၊ မိုးချုန်းခြင်းနှင့် လျှပ်စီးလက်ခြင်း၊ မိုးသက်မုန်တိုင်းများလည်း ရှိစဉ်တွင်၊ ဤအရာများဖြစ်လာ၍၊ မှောင်မိုက်ခြင်းသည် မြေကြီးတစ်ခုလုံး၏မျက်နှာပြင်ကို သုံးရက်ကြာအောင် ဖုံးလွှမ်းလိမ့်မည် ဖြစ်ကြောင်း ငါ့ကို မြွက်ဆိုခဲ့၏။
၂၈ ထို့အတူ၊ ကောင်းကင်တမန်က များစွာသောသူတို့သည် ဤအရာတို့ထက် သာ၍ကြီးစွာသောအရာတို့ကို မြင်ရလိမ့်မည်ဖြစ်ကြောင်း ငါ့ကို မြွက်ဆိုသည်မှာ၊ ဤနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ ဤပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း သူတို့ယုံကြည်နိုင်စေခြင်းငှာဟူသော ရည်ရွယ်ချက်နှင့် လူသားတို့၌ မယုံကြည်ခြင်းအတွက် အကြောင်းရင်းမရှိစေခြာင်းငှာဟူသော ရည်ရွယ်ချက်ပေတည်း—
၂၉ ဤအမှုသည်ကား၊ ယုံကြည်မည့်သူမှန်သမျှ၊ ကယ်တင်ခြင်းသို့ ရောက်နိုင်ရန်နှင့်၊ မယုံကြည်မည့်သူမှန်သမျှထံသို့ ဖြောင့်မတ်သော တရားစီရင်တော်မူခြင်းကျရောက်လာနိုင်စေခြင်းငှာ ဟူသောရည်ရွယ်ချက်ပေတည်း။ သူတို့သည် ပြစ်ဒဏ်ချမှတ်ခံရလျှင်လည်း၊ သူတို့ကိုယ်ပေါ်သို့ သူတို့ကိုယ်တိုင်၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ရောက်စေကြ၏။
၃၀ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ပျက်စီးသူအဘယ်သူမဆို သူကိုယ်တိုင်ကြောင့် ပျက်စီး၍၊ ဒုစရိုက်ကို ပြုသူအဘယ်သူမဆို သူကိုယ်တိုင်သို့ ပြုကြောင်းကို သတိရကြလော့။ သတိရကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် လွတ်လပ်ကြ၏။ သင်တို့ကိုယ်တိုင်ပြုမူရန် သင်တို့ကို အခွင့်ပေးထား၏။ အကြောင်းမူကား၊ ရှုလော့၊ ဘုရားသခင်သည် သင်တို့အား အသိပညာကို ပေးထားတော်မူ၍၊ သင်တို့ကို လွတ်လပ်စေတော်မူ၏။
၃၁ သင်တို့အား အကောင်းနှင့် အဆိုးကို ခွဲခြား၍ သိနိုင်ကြစေခြင်းငှာ၊ ပေးထားတော်မူ၏၊ အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းကို ရွေးချယ်နိုင်စေခြင်းငှာလည်း ပေးထားတော်မူ၏။ သင်တို့သည်လည်း ကောင်းမှုကို ပြုနိုင်၍၊ ကောင်းမြတ်သည့်အရာသို့ ပြန်လည်ဆောင်ယူခြင်းကို ခံရကြ၊ သို့မဟုတ်၊ ကောင်းမြတ်သည့်အရာကို သင်တို့ထံ ပြန်လည်ဆောင်ယူ၍ ရရှိပေ၏။ သို့မဟုတ်၊ သင်တို့သည် အဆိုးကို ပြုနိုင်၍၊ မကောင်းသည့်အရာကို သင်တို့ထံ ပြန်လည်ဆောင်ယူ၍ ရရှိပေ၏။