အခန်းကြီး ၂
ဟေလမန်၏သား ဟေလမန်သည် တရားသူကြီးချုပ်ဖြစ်လာ၏—ဂါဒျန်တန်သည် ခိရှခူမင်၏အဖွဲ့ကို ဦးဆောင်၏—ဟေလမန်၏ကျွန်သည် ခိရှခူမင်ကို ကွပ်မျက်၏၊ ဂါဒျန်တန်အဖွဲ့သည်လည်း တောရိုင်းထဲသို့ ထွက်ပြေးသွား၏။ ဘီစီ ၅၀–၄၉ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်နှစ်နှစ်မြောက်တွင်၊ မော်ရော်နိဟက နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားတို့ကြား၌ ငြိမ်းချမ်းခြင်းကို တစ်ဖန် တည်ဆောက်ပြီးနောက်တွင်၊ ရှုလော့၊ တရားပလ္လင်၌ ထမ်းဆောင်ရန် အဘယ်သူမျှမရှိ။ ထို့ကြောင့်၊ တရားပလ္လင်၌ အဘယ်သူ ထမ်းဆောင်သင့်သည် ဟူသောအချက်နှင့်စပ်လျဉ်း၍ လူတို့၌ ငြင်းခုံခြင်း တစ်ဖန်ရှိစပြု၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဟေလမန်၏သား ဟေလမန်သည် တရားပလ္လင်၌ ထမ်းဆောင်စေရန် လူတို့၏မဲဆန္ဒဖြင့် ခန့်အပ်ခံရ၏။
၃ သို့ရာတွင်၊ ရှုလော့၊ ပါဟောရန်ကို သတ်ခဲ့လေသူ ခိရှခူမင်သည် ဟေလမန်ကိုလည်း ဖျက်ဆီးခြင်းငှာ ချောင်းမြောင်း၍ စောင့်၏။ သူ၏ဆိုးညစ်ခြင်းကို အဘယ်သူမျှမသိရစေမည့်အကြောင်း ပဋိညာဉ်ပြုခဲ့သောသူများဖြစ်သည့် သူ့တပ်ဖွဲ့၏ထောက်ခံမှုကိုလည်း ရရှိ၏။
၄ အကြောင်းမူကား၊ လူ့အသက်ကိုသတ်ခြင်းနှင့် အနိုင်အထက်လုယူခြင်းတို့၏ လျှို့ဝှက်သောအမှုများကို ဆောင်ရွက်ခြင်းငှာ၊ များစွာသောစကားအရာနှင့် ကိုယ့်အမှုများ၌ အလွန်ကျွမ်းကျင်သည့် ဂါဒျန်တန်ဟုအမည်ရသောသူတစ်ဦး ရှိ၏။ ထို့ကြောင့်၊ သူသည် ခိရှခူမင်အဖွဲ့၏ အကြီးအကဲဖြစ်လာ၏။
၅ ထို့ကြောင့်၊ တရားပလ္လင်၌ သူ့ကို ခန့်အပ်ကြမည်ဆိုလျှင်၊ ဤအဖွဲ့၏အဖွဲ့ဝင်တို့အား လူတို့၌ တန်ခိုးနှင့် အခွင့်အာဏာရရန် အခွင့်ပေးမည့်အကြောင်း သူတို့နှင့် ခိရှခူမင်ကိုလည်း မြှောက်ပင့်ပြောဆို၏။ ထို့ကြောင့်၊ ခိရှခူမင်သည် ဟေလမန်ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဟေလမန်ကို ဖျက်ဆီးရန် တရားပလ္လင်ဆီသို့ ထွက်သွားစဉ်၊ ရှုလော့၊ ဟေလမန်၏ကျွန်တို့မှ တစ်ယောက်သောသူသည် ညဉ့်အချိန်၌ အပြင်သို့ထွက်၍၊ ခြားနားသောအယောင်ကိုဆောင်ခြင်းအားဖြင့် ဤအဖွဲ့စီမံသည့် ဟေလမန်ကို ဖျက်ဆီးရန် အကြံအစည်များကို သိရှိခဲ့၏—
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူသည် ခိရှခူမင်ကိုတွေ့လျှင်၊ အမှတ်ပေး၏။ ထို့ကြောင့်၊ ခိရှခူမင်သည် သူ့အလိုဆန္ဒကြံရွယ်ချက်ကို ဖော်ပြ၍၊ ဟေလမန်ကို သတ်နိုင်ခြင်းငှာ သူ့ကို တရားပလ္လင်ဆီသို့ ခေါ်သွားပါမည့်အကြောင်း တောင်းဆို၏။
၈ ဟေလမန်၏ကျွန်ကလည်း၊ ခိရှခူမင်၏အလုံးစုံသောစိတ်နှလုံးကိုလည်းကောင်း၊ ထို့အမှုမှာ၊ လူ့အသက်ကို သတ်ရန်သူ၏ ကြံရွယ်ချက် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအမှုမှာ၊ လူ့အသက်ကိုသတ်ရန်၊ လုယူရန်နှင့် အာဏာရနိုင်ရန်၊ (ထို့အတူ၊ ဤအရာသည်ကား၊ သူတို့၏ လျှို့ဝှက်သောအကြံအစည်နှင့်၊ သူတို့၏ဂိုဏ်း) သူ့အဖွဲ့အသင်းဝင်ခပ်သိမ်းတို့၏ ကြံရွယ်ချက်ဖြစ်ကြောင်းကိုလည်းကောင်း သိရလျှင်၊ ဟေလမန်၏ကျွန်က၊ ခိရှခူမင်အား၊ တရားပလ္လင်ဆီသို့ ငါတို့သွားကြကုန်အံ့ဟု ဆို၏။
၉ ယခုတွင်၊ ဤအမှုက ခိရှခူမင်ကို လွန်စွာနှစ်သက်စေ၏။ အကြောင်းမူကား၊ သူ့အကြံပြီးမြောက်တော့မည်ဟု ထင်မှတ်၏။ သို့ရာတွင်၊ ရှုလော့၊ ဟေလမန်၏ကျွန်က သူတို့တရားပလ္လင်ဆီသို့ သွားနေစဉ်၊ ခိရှခူမင်ကို နှလုံးသို့ပင် ထိုးဖောက်သဖြင့်၊ ညည်းသံတစ်ချက်မပြုဘဲ လဲကျ၍သေ၏။ သူသည်လည်း မိမိမြင်ရ၊ ကြားရလေသမျှသောအရာတို့ကို ဟေလမန်ထံသို့ပြေး၍ ပြောပြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဟေလမန်သည် ဓားပြအဖွဲ့နှင့် လျှို့ဝှက်သောလူ့အသက်သတ်သူတို့ကို ဖမ်းဆီး၍၊ ဥပဒေအတိုင်း သေဒဏ်ပေးခံရနိုင်စေခြင်းငှာ လူတို့ကို စေလွှတ်၏။
၁၁ သို့ရာတွင်၊ ရှုလော့၊ ဂါဒျန်တန်သည် ခိရှခူမင်ပြန်မလာသည်ကို သိရလျှင်၊ ဖျက်ဆီးခံရမည်ကိုစိုးရိမ်၏။ ထို့ကြောင့်၊ မိမိအဖွဲ့ကို သူ့နောက်သို့ လိုက်စေ၏။ သူတို့သည်လည်း လျှို့ဝှက်သောလမ်းဖြင့်၊ တောရိုင်းထဲသို့ ထွက်ပြေးကြ၏။ ထိုကဲ့သို့အားဖြင့်၊ ဟေလမန်က သူတို့ကို ဖမ်းဆီးစေရန် လွှတ်သောအခါ၊ အဘယ်အရပ်မှာမျှ၊ မတွေ့ရနိုင်ချေ။
၁၂ ဤဂါဒျန်တန်အကြောင်း ပို၍များသောအရာကို နောင်ကာလ၌ ပြောဦးမည်။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်နှစ်နှစ်မြောက် ပြီးဆုံး၏။
၁၃ ရှုဦးလော့၊ ဖျက်ဆီးခြင်းကို၊ အမှန်စင်စစ်၊ နီဖိုင်းလူမျိုးတို့၏ ပျက်စီးခြင်းတစ်ခုလုံးနီးပါးကို ဤဂါဒျန်တန်က ဖြစ်စေခဲ့ကြောင်း၊ ဤကျမ်း၏အဆုံး၌ သင်တို့မြင်ရလိမ့်မည်။
၁၄ ရှုလော့၊ ဟေလမန်ကျမ်းအဆုံးဟု ငါမဆိုလို၊ ငါရေးလေသည့်၊ ခပ်သိမ်းသောမှတ်တမ်းကို ထုတ်ယူရာ နီဖိုင်းကျမ်းအဆုံးဟုသာ ဆိုလို၏။