အခန်းကြီး ၉
တမန်တို့သည် တရားသူကြီးချုပ်ကို တရားပလ္လင်၌ သေနေသည်ကို တွေ့ရှိကြ၏—သူတို့သည် ထောင်ထဲ၌ လှောင်ထားခံရ၏၊ နောက်ပိုင်း၌ လွှတ်ပေးခံရကြ၏—လမ်းပြလှုံ့ဆော်မှုအားဖြင့်၊ နီဖိုင်းသည် ရှေနတမ်ကို လူ့အသက်သတ်သောသူအဖြစ် ဖော်ထုတ်၏—နီဖိုင်းကို ပရောဖက်တစ်ပါးအဖြစ် အချို့သောသူများက လက်ခံကြ၏။ ဘီစီ ၂၃–၂၁ ခန့်။
၁ ရှုလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်း ဤစကားများကို ပြောလေပြီးလျှင်၊ သူတို့အထဲမှ လူအချို့သည် တရားပလ္လင်သို့ ပြေးသွားကြ၏။ အထူးသဖြင့်၊ သွားသောသူ ငါးဦးရှိ၏၊ သူတို့သွားကြစဉ် အချင်းချင်း ပြောကြလေသည်ကား၊
၂ ရှုလော့၊ ယခုတွင်၊ ငါတို့သည် ဤလူအား ပရောဖက်တစ်ပါး ဟုတ်မဟုတ်ကိုလည်းကောင်း၊ ငါတို့ထံသို့၊ ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ပရောဖက်ပြု၍ဟောစေခြင်းငှာ၊ သူ့ကို ဘုရားသခင် မိန့်တော်မူလေခြင်း ရှိမရှိကိုလည်းကောင်း ဧကန်အမှန်သိကြလိမ့်မည်။ ရှုလော့၊ သူမိန့်တော်မူခံရကြောင်းကို ငါတို့မယုံကြည်ကြ။ ထိုမှတစ်ပါး၊ သူသည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ငါတို့မယုံကြည်ကြ။ အဘယ်သို့ပင်ဖြစ်စေ၊ တရားသူကြီးချုပ်နှင့်စပ်လျဉ်း၍၊ သေသည့်အကြောင်း၊ သူပြောသည့်အရာ မှန်ကန်မည်ဆိုလျှင်၊ ထို့နောက်တွင်၊ သူပြောလေသည့် အခြားသောစကားများသည်လည်း မှန်ကန်ကြောင်းကို ငါတို့ယုံကြည်ကြမည်။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အစွမ်းရှိသမျှပြေးသွား၍၊ တရားပလ္လင်ရှိရာသို့ ဝင်လာကြ၏။ ရှုဦးလော့၊ တရားသူကြီးချုပ်သည် မြေကြီးသို့လဲကျ၍၊ အသွေး၌ လဲနေ၏။
၄ ယခုမူကား၊ ရှုလော့၊ သူတို့သည် ဤအမှုကိုမြင်လျှင်၊ လွန်စွာအံ့ဩကြသည်မှာ မြေကြီးသို့ လဲကျသည့်တိုင်အောင်ပင်တည်း။ အကြောင်းမူကား၊ တရားသူကြီးချုပ်နှင့်စပ်လျဉ်း၍၊ နီဖိုင်းပြောသည့်စကားများကို မယုံကြည်ကြ။
၅ သို့ရာတွင်၊ ယခုမူကား၊ မြင်ကြရသောအခါ ယုံကြည်ကြ၏။ နီဖိုင်းပြောသည့် ခပ်သိမ်းသောတရားစီရင်တော်မူခြင်းများ လူတို့အပေါ် ကျရောက်လာမည်ကို ကြောက်ရွံ့ခြင်းသည် သူတို့အပေါ် ကျရောက်လာ၏။ ထို့ကြောင့်၊ သူတို့သည် တုန်လှုပ်၍ မြေကြီးသို့ လဲကျကြ၏။
၆ ယခုတွင်၊ တရားသူကြီး အသတ်ခံရပြီးလျှင်ပြီးချင်း—သူ့ ညီက လျှိုဝှက်သောအဝတ်အစားကိုဝတ်၍၊ ထိုးသည်ကို သူခံရခြင်းဖြစ်၏။ ထိုသူ ထွက်ပြေး၍၊ ကျွန်တို့သည်လည်း သူတို့၌ လူ့အသက်ကိုသတ်ခြင်းအမှုကို အော်ဟစ်၍ပြေးလာပြီးလျှင်၊ လူတို့ကို ပြောပြကြ၏။
၇ ရှုဦးလော့၊ လူတို့သည် တရားပလ္လင်ရှိရာနေရာသို့ သူတို့ကိုယ်သူတို့ အတူတကွစုဝေးကြ၏—ရှုဦးလော့၊ သူတို့သည် မြေကြီးသို့ လဲကျသူ ထိုလူငါးဦးကိုမြင်၍ အံ့ဩကြ၏။
၈ ယခုမူကား၊ ရှုလော့၊ လူတို့သည် နီဖိုင်း၏ဥယျာဉ်၌ အတူတကွစုဝေးသည့် လူအစုအဝေးအကြောင်း အဘယ်အရာကိုမျှ မသိကြ။ ထို့ကြောင့်၊ သူတို့အချင်းချင်းဆိုကြသည်မှာ၊ ဤလူတို့သည်ကား၊ တရားသူကြီးကို သတ်သောသူများဖြစ်၏၊ ဘုရားသခင်က သူတို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ငါတို့ထံမှ ထွက်မပြေးနိုင်ကြ။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူတို့ကို ဖမ်းဆီး၍ ချည်နှောင်ပြီးလျှင်၊ ထောင်ထဲ၌ လှောင်ထားကြ၏။ တရားသူကြီးချုပ် ကွပ်မျက်ခံရလေကြောင်းနှင့် လူ့အသက်သတ်သောသူများကို ဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားလေပြီဖြစ်ကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့၌၊ လူတို့သည် ကွပ်မျက်ခံရသည့် တရားသူကြီးချုပ်ကို သင်္ဂြိုဟ်ရာ၌ ငိုကြွေးမြည်တမ်းခြင်းငှာနှင့် အစာရှောင်ခြင်းငှာ၊ သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးကြ၏။
၁၁ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်း၏ဥယျာဉ်၌ ရှိကြ၏၊ သူ၏စကားများကို ကြားနာသူ ထိုတရားသူကြီးတို့သည်လည်း သင်္ဂြိုဟ်ရာတွင် အတူတကွ စုဝေးကြ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည်လည်း လူတို့၌မေးမြန်းကြားသည်ကား၊ တရားသူကြီးချုပ်နှင့်စပ်လျဉ်း၍၊ သေမသေမေးမြန်းရန် စေလွှတ်ခံရသူ ငါးယောက်သည် အဘယ်မှာရှိလေသနည်းဟု ဆိုကြ၏။ သူတို့ကဖြေသည်မှာ၊ သင်တို့စေလွှတ်ခဲ့သည်ဆိုသော ငါးယောက်အကြောင်းကို ငါတို့သိခြင်းမရှိ။ သို့ရာတွင်၊ လူ့အသက်ကိုသတ်သူ၊ ထောင်ထဲ၌ ငါတို့လှောင်ထားသူ ငါးယောက်ရှိ၏ဟု ဆိုကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးတို့က သူတို့ကို ဆောင်ယူခဲ့ရမည့်အကြောင်း တောင်းဆို၍၊ ဆောင်ယူခဲ့ကြ၏။ ရှုဦးလော့၊ သူတို့သည်ကား၊ စေလွှတ်ခံရသူ ငါးဦးဖြစ်၏။ ရှုဦးလော့၊ တရားသူကြီးတို့ကလည်း ထိုအမှုအကြောင်းကို သိခြင်းငှာ သူတို့ကို မေးမြန်းရာ၊ သူတို့ပြုခဲ့သမျှကို ပြောပြ၍ ဆိုလေသည်ကား၊
၁၄ ငါတို့သည် ပြေးသွား၍ တရားပလ္လင်ရှိရာနေရာသို့ ရောက်လျှင်၊ နီဖိုင်းသက်သေခံသည့်အတိုင်းပင် ခပ်သိမ်းသောအရာတို့ကို မြင်ရ၍၊ မြေကြီးသို့လဲကျသည်တိုင်အောင် အံ့ဩကြ၏။ အံ့ဩရာမှ ပြန်လည်အသိဝင်လာသောအခါ၊ သူတို့သည် ငါတို့ကို ထောင်ထဲ၌ လှောင်ထားကြ၏။
၁၅ ယခုတွင်၊ ဤလူကို သတ်ခြင်းအမှုနှင့်စပ်လျဉ်း၍၊ ငါတို့သည် ထိုအမှုကို အဘယ်သူပြုမှန်း သိခြင်းမရှိ။ ငါတို့သည် သင်တောင်းဆိုသည့်အတိုင်း ပြေး၍၊ ရောက်လာကြ၏။ ရှုလော့၊ နီဖိုင်း၏စကားများအတိုင်း၊ သူသည်လည်း သေပြီ၊ ဤမျှအထိသာ သိကြ၏။
၁၆ ယခုမူကား၊ အချိန်တန်လာသောအခါ၊ တရားသူကြီးတို့သည် ထိုအမှုကို လူတို့အား ရှင်းပြ၍၊ နီဖိုင်းကို ဆန့်ကျင်၍ အော်ဟစ်လျက် ဆိုကြလေသည်ကား၊ ရှုလော့၊ ဤနီဖိုင်းသည် တရားသူကြီးကို ကွပ်မျက်ရန် တစ်စုံတစ်ဦးနှင့် သဘောတူညီခဲ့ရပေမည်။ ထို့နောက်တွင်၊ သူသည် ငါတို့ကို သူ၏ယုံကြည်ခြင်းသို့ ပြောင်းလဲနိုင်စေခြင်းငှာလည်းကောင်း၊ သူ့ကိုယ်သူ ကြီးမြတ်သောသူ၊ ဘုရားသခင် ရွေးကောက်တော်မူထားသည့်သူနှင့် ပရောဖက်တစ်ပါးအဖြစ် ချီးမြှောက်နိုင် ခြင်းငှာလည်းကောင်း၊ ငါတို့အား ထိုအမှုကို ကြေညာနိုင်ပေမည်။
၁၇ ယခုမူကား၊ ရှုလော့၊ ငါတို့သည် ဤလူကို စုံစမ်းကြမည်။ သူသည်လည်း မိမိအမှားကို ဝန်ခံ၍၊ ဤတရားသူကြီးကို သတ်သောသူအမှန်ကို ငါတို့အား ဖော်ပြလိမ့်မည်။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သင်္ဂြိုဟ်သောနေ့၌၊ ထိုငါးယောက်သည် လွတ်မြောက်၏။ သို့သော်လည်း၊ သူတို့သည် တရားသူကြီးတို့အား နီဖိုင်းကို ဆန့်ကျင်ပြောသည့် စကားများနှင့်စပ်လျဉ်း၍ အပြစ်တင်ကြ၏၊ သူတို့ကို တစ်ဦးချင်း ငြင်းခုံ၍၊ ချေပကြဆို၏။
၁၉ သို့သော်လည်း၊ နီဖိုင်းကို ဖမ်းဆီး၍ ချည်နှောင်ပြီးလျှင်၊ လူအစုအဝေး၏ရှေ့သို့ ဆောင်ယူလာစေလျက်၊ သူ့ကို ဆန့်ကျင်ဘက်ပြုကြခြင်းငှာနှင့်၊ စွပ်စွဲ၍၊ သေပြစ်ကိုစီရင်နိုင်ကြခြင်းငှာ အထူးထူးအပြားပြားမေးမြန်းစပြုကြ၏—
၂၀ သူ့ကို ဆိုလေသည်ကား၊ သင်သည် တစ်စုံတစ်ဦးနှင့် ပူးပေါင်းကြံစည်၏။ ဤလူ့အသက်သတ်ခြင်းကို ပြုသည့်သူကား အဘယ်သူနည်း။ ယခုတွင်၊ ငါတို့ကို ပြော၍၊ သင်၏အမှားတို့ကို ဝန်ခံလော့။ ဆိုကြပြန်သည်ကား၊ ရှုလော့၊ ဒီမှာ ငွေရှိ၏။ သင်သည် ငါတို့ကို ပြောပြ၍၊ သူနှင့်ပြုခဲ့သည့် သဘောတူညီမှုကိုလည်း ဝန်ခံလျှင်၊ ငါတို့သည် သင့်အသက်ကို ချမ်းသာပေးမည်။
၂၁ သို့ရာတွင်၊ နီဖိုင်းက သူတို့ကို ဆိုလေသည်ကား၊ အို အသင်လူမိုက်တို့၊ အသင် စိတ်နှလုံးအားဖြင့် အရေပြားလှီးခြင်းကို မခံကြသောသူတို့၊ အသင် လူကန်းတို့၊ အသင် လည်ပင်းခိုင်မာသော လူမျိုးတို့၊ သင်တို့အပြစ်ပြုရာ ဤလမ်းသို့ သင်တို့ဆက်၍လိုက်စေရန် သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်က သင်တို့ကို အဘယ်မျှကြာအောင် အခွင့်ပေးတော်မူခဲ့လေသည်ကို သင်တို့သိသလော။
၂၂ အို အသင်တို့သည် နောင်တမရလျှင်၊ ဤကာလ၌ သင်တို့ကို စောင့်နေသည့် ကြီးစွာသောပျက်စီးခြင်းကြောင့်၊ ညည်းတွားမြည်တမ်းလျက် ငိုကြွေးမြည်တမ်းစပြုသင့်ပေပြီ။
၂၃ ရှုလော့၊ လူတစ်ယောက်က ငါတို့၏တရားသူကြီးချုပ် စေဇောရမ်ကို သတ်ရန်၊ ထိုသူနှင့် ငါသဘောတူညီသည်ဟု သင်တို့ဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤသို့ဖြစ်ရသည်မှာ၊ ဤအရာအကြောင်း သင်တို့သိနိုင်စေခြင်းငှာ၊ ထိုမှတစ်ပါး၊ သင်တို့၌ရှိသည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ငါသိကြောင်း သက်သေတစ်ခုအဖြစ် သင်တို့ကို ငါသက်သေခံသောကြောင့်ပင်တည်း။
၂၄ ငါဤသို့ပြုသောကြောင့်လည်း၊ လူတစ်ယောက် ဤအမှုကိုပြုရန် ထိုသူနှင့် ငါသဘောတူလေပြီဟု သင်တို့ဆိုကြ၏။ ထိုမှတစ်ပါး၊ ငါသည် သင်တို့အား ဤနိမိတ်လက္ခဏာကို ပြသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်၍ ငါ့အသက်ကို ဖျက်ဆီးရန် ကြိုးစားကြ၏။
၂၅ ယခုမူကား၊ ရှုလော့၊ ငါသည် သင်တို့ကို တခြားနိမိတ်လက္ခဏာတစ်ခုကို ပြလျှင်၊ ဤအရာနှင့်စပ်လျဉ်း၍၊ သင်တို့ ငါ့ကို ဖျက်ဆီးရန် ကြိုးစားခြင်း ရှိမရှိ ကြည့်ဦးမည်။
၂၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ စေဇောရမ်၏ညီဖြစ်သူ ရှေနတမ်၏အိမ်သို့သွားလော့၊ သူ့ကို ဆိုရမည်မှာ—
၂၇ သင်၏အစ်ကို စေဇောရမ်ကို သင်သတ်ရာ၌ ဤလူမျိုးတို့၏ မကောင်းမှုအကြောင်းကို အလွန်များစွာပရောဖက်ပြု၍ဟောသည့် အယောင်ဆောင်ပရောဖက်နီဖိုင်းသည် သင်နှင့် သဘောတူညီခဲ့သလော။
၂၈ ရှုဦးလော့၊ မဟုတ်ပေဟု သူသည် သင်တို့ကို ဆိုလိမ့်မည်။
၂၉ သင်တို့ကလည်း သူ့ကို မေးရမည်ကား၊ သင်သည် သင့်အစ်ကိုကို သတ်သလော။
၃၀ ထိုသူသည်လည်း ကြောက်ရွံ့စွာရပ်၍ အဘယ်သို့ပြောရမှန်းမသိ ဖြစ်လိမ့်မည်။ ရှုဦးလော့၊ သင်တို့ကို ငြင်းဆိုလိမ့်မည်။ အံ့ဩသကဲ့သို့လည်း ပြုလိမ့်မည်။ သို့ရာတွင်၊ အပြစ်မရှိကြောင်း သင်တို့ကို ပြောကြားလိမ့်မည်။
၃၁ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သူ့ကို စုံစမ်းစစ်ဆေးရမည်။ ထို့နောက်တွင်၊ သင်တို့သည် သူ့ဝတ်ရုံ၏အစွန်း၌ အသွေးကို တွေ့ရလိမ့်မည်။
၃၂ သင်တို့သည်လည်း ဤအရာကို မြင်လျှင်၊ ဆိုရမည်ကား၊ ဤအသွေးသည် အဘယ်နေရာမှ လာသနည်း။ သင့်အစ်ကို၏အသွေးဖြစ်ကြောင်းကို ငါတို့မသိလေသလော။
၃၃ ထိုသူသည်လည်း တုန်၍၊ သူ့အပေါ်သို့ သေခြင်း ကျရောက်လာသကဲ့သို့ပင် ဖြူရော်လာလိမ့်မည်။
၃၄ ထို့နောက်တွင်၊ သင်တို့ ဆိုကြမည်ကား၊ သင်၏မျက်နှာပေါ်၌ ရောက်လာသော ဤကြောက်ရွံ့ခြင်းနှင့်၊ ဤဖြူရော်ခြင်းတို့ကြောင့်၊ ရှုလော့၊ ငါတို့သည် သင်အပြစ်ရောက်ကြောင်းကို သိကြ၏။
၃၅ ထို့နောက်တွင် ပို၍ကြီးစွာသောကြောက်ရွံ့ခြင်းသည် သူ့အပေါ်သို့ ရောက်လာလတ္တံ့။ ထို့နောက်တွင်သင်တို့ထံ ဝန်ခံ၍၊ ဤလူ့အသက်သတ်ခြင်းအမှုကို သူမပြုကြောင်း မငြင်းဆိုတော့လတ္တံ့။
၃၆ ထို့နောက်တွင်ကား၊ ငါနီဖိုင်းသည် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပေးထားသောအသိမှတစ်ပါး၊ ထိုအမှုနှင့်စပ်လျဉ်း၍ အဘယ်အရာကိုမျှ မသိကြောင်း သူက သင်တို့ကို ဆိုလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့သည် ငါ့ကို၊ ရိုးသားသောသူတစ်ဦးဖြစ်ကြောင်းနှင့်၊ ငါ့ကို ဘုရားသခင်ထံမှ သင်တို့ထံသို့ စေလွှတ်တော်မူကြောင်းကို သိကြလိမ့်မည်။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သွား၍၊ နီဖိုင်းပြောသည့်အတိုင်းပင် ပြုကြ၏။ ရှုဦးလော့၊ သူပြောသည့် စကားများမှာ မှန်ကန်၏။ အကြောင်းမူကား၊ ထိုစကားများအတိုင်းပင်၊ ထိုသူငြင်းဆို၏။ ထိုစကားများအတိုင်းပင် ထိုသူဝန်ခံ၏။
၃၈ ထို့အတူ၊ သူကိုယ်တိုင်သည် လူ့အသက်သတ်သောသူအမှန်ဖြစ်ကြောင်း ထင်ရှားစွာပြစေရန် ဆောင်ယူခံရ၍၊ ငါးယောက်နှင့် နီဖိုင်းသည်လည်း လွတ်မြောက်၏။
၃၉ နီဖိုင်း၏စကားများကို ယုံကြည်သည့် နီဖိုင်းအမျိုးသားအချို့လည်း ရှိ၏။ ငါးယောက်တို့၏ သက်သေခံချက်ကြောင့် ယုံကြည်သူအချို့လည်း ရှိလေ၏။ အကြောင်းမူကား၊ သူတို့သည် ထောင်ထဲ၌ရှိစဉ် ပြောင်းလဲကြလေပြီ။
၄၀ ယခုမူကား၊ နီဖိုင်းသည် ပရောဖက်တစ်ပါးဖြစ်ကြောင်းပြောသူအချို့ လူတို့၌ ရှိ၏။
၄၁ အခြားသောသူတို့ကလည်း ဆိုကြသည်ကား၊ ရှုလော့၊ သူသည် ဘုရားတစ်ပါးဖြစ်၏။ အကြောင်းမူကား၊ ဘုရားတစ်ပါးမဟုတ်လျှင်၊ ခပ်သိမ်းသောအရာတို့ကို သိနိုင်မည်မဟုတ်။ အကြောင်းမူကား၊ ရှုလော့၊ ငါ့တို့စိတ်နှလုံး၏ အတွေးအကြံတို့ကို ငါတို့အား ပြောပြလေပြီ။ အရာများစွာတို့ကိုလည်း ငါတို့အား ပြောပြလေပြီ။ ငါတို့၏တရားသူကြီးချုပ်အား သတ်သောသူအမှန်ကို ငါတို့သိခြင်းသို့လည်း ဆောင်ခဲ့ပေပြီ။