အခန်းကြီး ၈
ဖောက်ပြန်သောတရားသူကြီးတို့သည် နီဖိုင်း၏တစ်ဖက်၌ လူတို့ကို သွေးထိုးလှုံ့ဆော်ရန် ကြိုးစား၏—အာဗြဟံ၊ မောရှေ၊ ဇေနုတ်၊ ဇေနော့၊ ဧဇိယ၊ ဟေရှာယ၊ ယေရမိ၊ လေဟိနှင့် နီဖိုင်းတို့အားလုံးသည် ခရစ်တော်အကြောင်းကို သက်သေခံကြ၏—လမ်းပြလှုံ့ဆော်မှုအားဖြင့် နီဖိုင်းသည် တရားသူကြီးချုပ်အား သတ်ခြင်းကို ကြေညာ၏။ ဘီစီ ၂၃–၂၁ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ နီဖိုင်း ဤစကားများကို ပြောခဲ့ပြီးလေလျှင်၊ ရှုလော့၊ တရားသူကြီးများဖြစ်သည့်၊ ဂါဒျန်တန်၏လျှို့ဝှက်သောအဖွဲ့၏ အဖွဲ့ဝင်များလည်းဖြစ်သည့် လူများရှိ၏။ သူတို့သည်လည်း အမျက်ထွက်၍၊ သူ့ကို ဆန့်ကျင်၍၊ အော်ဟစ်လျက်၊ လူတို့ကို ဆိုလေသည်ကား၊ သင်တို့သည် ဤလူကို သူပြုလေသောပြစ်မှုအတိုင်း အပြစ်ဒဏ်ချမှတ် ခံရစေရန်၊ အဘယ်ကြောင့် မဖမ်းဆီး၊ မခေါ်လာကြသနည်း။
၂ ဤလူမျိုးတို့ကိုဆန့်ကျင်လျက်၊ ငါတို့၏ဥပဒေကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုသည့် ဤလူကို သင်တို့ အဘယ်ကြောင့် ကြည့်၍၊ သူ့စကားကို ကြားနာကြသနည်း။
၃ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းသည် သူတို့ဥပဒေ၏ ဖောက်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ပြောဆို၏။ ထိုမှတစ်ပါး၊ များစွာသောအရာတို့ကို နီဖိုင်းက ပြောဆိုရာ၊ ထိုအရာတို့ကို မရေးနိုင်။ ဘုရားသခင်၏ ပညတ်တော်များနှင့်ဆန့်ကျင်သည့်အရာတစ်ခုကိုမျှလည်း မပြော။
၄ ထိုတရားသူကြီးတို့သည်လည်း မိမိတို့၏လျှို့ဝှက်သော မှောင်မိုက်ခြင်းအမှုများ အကြောင်းကို သူရှင်းလင်းစွာပြောဆိုသောကြောင့်၊ သူ့ကို အမျက်ထွက်ကြ၏။ သို့သော်လည်း၊ သူတို့လက်ဖြင့် သူ့ကို မဖမ်းဝံ့ကြ။ အကြောင်းမူကား၊ သူတို့အား လူတို့ဆန့်ကျင်အော်ဟစ်မည်ကို ကြောက်လန့်ကြ၏။
၅ ထို့ကြောင့်၊ သူတို့သည် လူတို့ကို ဟစ်အော်၍ ဆိုလေသည်ကား၊ သင်တို့သည် ဤလူအား ငါတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုစေရန် အဘယ်ကြောင့် အခွင့်ပေးကြသနည်း။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ဤလူခပ်သိမ်းတို့ကို ပျက်စီးသည့်တိုင်အောင်ပင် ပြစ်ဒဏ်ချမှတ်၏။ ထိုမှတစ်ပါး၊ ငါတို့၏ဤမြို့ကြီးများကို ငါတို့ထံမှ သိမ်းယူသွား၍၊ ထိုမြို့များ၌ ငါတို့နေစရာမရှိဖြစ်လိမ့်မည်။
၆ ယခုမူကား၊ ငါတို့သည် ဤအမှုမဖြစ်နိုင်သည်ကို သိကြ၏။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့သည် အားကြီး၍၊ ငါတို့မြို့များသည်လည်း ကြီးမား၏။ ထို့ကြောင့်၊ ငါတို့၏ရန်သူများသည် ငါတို့အပေါ် အစိုးရခြင်းမရှိနိုင်ကြ။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းကို ဆန့်ကျင်၍အမျက်ထွက်စေခြင်းငှာ လူတို့ကို နှိုးဆော်လျက်၊ သူတို့ကြား၌ ရန်တွေ့ခြင်းကို ဖြစ်စေ၏။ အကြောင်းမူကား၊ အချို့သောသူများက အော်ဟစ်သည်မှာ၊ ဤလူသည် ကောင်းမြတ်သောသူဖြစ်သောကြောင့်၊ သူ့ကို အနှောင့်အယှက်မပေးနှင့်။ ငါတို့နောင်တမရလျှင်၊ သူပြောသည့်ထိုအမှုများလည်း ဧကန်အမှန်ဖြစ်လာပေမည်။
၈ ထိုမှတစ်ပါး၊ ရှုလော့၊ ငါတို့ထံသို့ သူသက်သေခံသည့် ခပ်သိမ်းသော တရားစီရင်တော်မူခြင်းများသည် ငါတို့အပေါ်ကျရောက်လာမည်။ အကြောင်းမူကား၊ သူသည် ငါတို့၏ဒုစရိုက်များနှင့်စပ်လျဉ်း၍ ငါတို့ထံသို့ မှန်ကန်စွာ သက်သေခံသည်ကို ငါတို့သိကြ၏။ ရှုဦးလော့၊ ၎င်းတို့မှာများစွာရှိ၏၊ သူသည် ငါတို့၏ဒုစရိုက်များအကြောင်းကို သိသကဲ့သို့ ငါတို့ထံသို့ ဖြစ်ပျက်လာမည့် ခပ်သိမ်းသောအရာတို့ကိုလည်း သိ၏။
၉ ထိုမှတစ်ပါး၊ ရှုဦးလော့၊ သူသည် ပရောဖက်တစ်ပါး မဟုတ်လျှင်၊ ထိုအရာတို့နှင့်စပ်လျဉ်း၍ သက်သေခံနိုင်ခဲ့မည်မဟုတ်။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းကိုဖျက်ဆီးရန် ကြိုးစားအားထုတ်သော ထိုလူတို့သည် သူတို့၏ကြောက်ရွံ့ခြင်းကြောင့်၊ သူ့ကို မဖမ်းဆီးရမည့်အကြောင်း အနိုင်အထက်စီရင်ခံရကြ၏။ ထို့ကြောင့်၊ သူသည် လူအချို့၏ မျက်လုံးများ၌ နှစ်သက်ခံရသည်ကို သိလျက်၊ တစ်ဖန်ပြောစပြုသဖြင့်၊ သူတို့မှ ကျန်ကြွင်းသောသူတို့သည်လည်း ကြောက်လန့်ကြ၏။
၁၁ ထို့ကြောင့်၊ သူသည် သူတို့ထံ ထပ်ပြောရန် အတင်းစေခိုင်းသည်ကို ခံရ၍ ဆိုလေသည်ကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ဘုရားသခင်သည် မောရှေဟုခေါ်သူတစ်ဦးအား တန်ခိုးကို ပေးတော်မူ၍၊ ဧဒုံပင်လယ်ရေကို ရိုက်စေ၍၊ တစ်ဖက်တစ်ချက်သို့ကွဲသဖြင့်၊ ငါတို့၏ဘိုးဘေးများဖြစ်သော ဣသရေလအမျိုးသားတို့ကို ခြောက်သွေ့သောမြေပေါ်မှာဖြတ်လျှောက်စေ၍၊ အဲဂုတ္တုလူတို့၏တပ်များအပေါ် ရေများဖုံးလွှမ်းလျက်၊ နှစ်မြှုပ်ခဲ့ကြောင်း သင်တို့ မဖတ်ဖူးကြသလော။
၁၂ ယခုမူကား၊ ရှုလော့၊ ဘုရားသခင်သည် ဤလူအား၊ ထိုမျှလောက်သောတန်ခိုးကို ပေးတော်မူလျှင်၊ သင်တို့သည် အဘယ့်ကြောင့် အချင်းချင်းငြင်းခုံကြသနည်း။ သင်တို့နောင်တမရလျှင်၊ သင်တို့အပေါ်ကျရောက်လာမည့် တရားစီရင်တော်မူခြင်းများကို ငါသိနိုင်စေမည့် တန်ခိုးကို ငါ့အား သူပေးတော်မမူကြောင်းကိုလည်း ဆိုကြလေသနည်း။
၁၃ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ငါ၏စကားများကိုသာလျှင် ငြင်းဆိုကြသည်မဟုတ်ဘဲ၊ ငါတို့၏ဘိုးဘေးတို့ပြောထားသည့် ခပ်သိမ်းသောစကားများကိုလည်းကောင်း၊ ထိုမျှကြီးစွာသောတန်ခိုးကို ပေးထားခံရသူ၊ ဤလူသား မောရှေအားဖြင့် ပြောသည့် စကားများကိုလည်းကောင်း၊ ထိုမှတစ်ပါး၊ မေရှိယကြွလာတော်မူခြင်းအကြောင်း၊ သူပြောလေသောစကားများကိုလည်းကောင်း ငြင်းဆိုကြ၏။
၁၄ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏သားတော်ကြွလာတော်မူမည့်အကြောင်းကို သက်သေမခံသလော။ တောရိုင်းထဲ၌ ကြေးဝါမြွေကို သူမြှောက်ထားသကဲ့သို့၊ ထိုကဲ့သို့ပင် ကြွရောက်တော်မူလာမည့်သူသည်လည်း မြှောက်ထား ခံရပေလိမ့်မည်။
၁၅ ထိုမြွေကို ကြည့်သူမှန်သမျှသည် အသက်ရှင်ရမည် ဖြစ်သကဲ့သို့၊ ထိုကဲ့သို့ပင်၊ ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းနှင့် မျှော်လင့်သူမှန်သမျှသည်လည်း ကြေကွဲသောစိတ်ရှိလျက်၊ ထိုထာဝရဖြစ်သည့်အသက်တာသို့တိုင်အောင်ပင် ရှင်သန်နိုင်ကြလိမ့်မည်။
၁၆ ယခုမူကား၊ ရှုလော့၊ မောရှေသာလျှင် မဟုတ်၊ သူ့လက်ထက်မှ အာဗြဟံ၏လက်ထက်သို့တိုင်အောင်ပင် သန့်ရှင်းသော ပရောဖက်ခပ်သိမ်းတို့လည်း၊ ဤအရာတို့အကြောင်းကို သက်သေခံ၏။
၁၇ ထိုမှတစ်ပါး၊ ရှုလော့၊ အာဗြဟံသည်လည်း သူ၏ကြွလာတော်မူခြင်းနှင့်စပ်လျဉ်း၍ မြင်၏၊ ဝမ်းသာခြင်းနှင့်လည်းပြည့်၍၊ ရွှင်လန်းဝမ်းမြောက်၏။
၁၈ ထိုမှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ အာဗြဟံတစ်ဦးတည်းသာလျှင်၊ ဤအရာတို့ကို သိသည်မဟုတ်ဘဲ၊ အာဗြဟံလက်ထက်မတိုင်မီကတည်းက ဘုရားသခင်၏အသင်းအားဖြင့်၊ အထူးသဖြင့်၊ သူ့သားတော်၏အသင်းအတိုင်းပင် ခေါ်တော်မူခြင်းခံရလေသူ များစွာရှိ၏။ ဤအမှုမှာ၊ သူ၏ကြွလာတော်မူခြင်းမတိုင်မီ အလွန်များသည့် နှစ်ထောင်ပေါင်းများစွာက လူတို့ထံဖော်ပြရမည့် ရွေးနှုတ်ခြင်း သူတို့ထံ အမှန်ကျရောက်တော်မူလာမည့်အကြောင်းလည်း ဖြစ်၏။
၁၉ ယခုမူကား၊ ဤအရာတို့အကြောင်းကို သက်သေခံသည့် များစွာသော ပရောဖက်များ အာဗြဟံ၏လက်ထက်ကတည်းကပင် ရှိလေ၍၊ အထူးသဖြင့်၊ ရှုလော့၊ ပရောဖက်ဇေနုတ်သည် ရဲရင့်စွာ သက်သေခံ၍၊ ထိုအကြောင်းကြောင့် ကွပ်မျက်ခံရကြောင်းကို သင်တို့သိစေရန် ငါအလိုရှိ၏။
၂၀ ရှုဦးလော့၊ ဇေနော့သည်လည်းကောင်း၊ ဧဇိယသည်လည်းကောင်း၊ ဟေရှာယသည်လည်းကောင်း၊ ယေရမိသည်လည်းကောင်း ရှိခဲ့လေပြီ။ (ယေရမိသည် ယေရုရှလင်မြို့ပျက်စီးခြင်းအကြောင်းကို သက်သေခံသည့် ပရောဖက်ပင်ဖြစ်၏) ယခုမူကား၊ ငါတို့သည် ယေရုရှလင်မြို့ ယေရမိ၏စကားများအတိုင်း ဖျက်ဆီးခံရကြောင်းကို သိကြ၏။ အို ထိုသို့ဆိုလျှင်၊ ဘုရားသခင်၏သားတော်သည် သူ၏ပရောဖက်ပြုဟောချက်အတိုင်း ကြွလာတော်မမူဘဲ ရှိမည်လော။
၂၁ ယခုမူကား၊ သင်တို့သည် ယေရုရှလင်မြို့ဖျက်ဆီးခံရကြောင်းကို ငြင်းခုံကြမည်လော။ မြူးလက်မှတစ်ပါး၊ ဇေဒကိ၏သားအားလုံး ကွပ်မျက်မခံရဟု ပြောကြမည်လော။ ထိုမှတစ်ပါး၊ ဇေဒကိ၏အမျိုးအနွယ်တို့သည် ငါတို့နှင့်အတူ ရှိ၏၊ သူတို့သည်လည်း ယေရုရှလင်နယ်မြေမှ နှင်ထုတ်ခံရကြောင်းကို သင်တို့မသိမြင်ကြသလော။ သို့ရာတွင်၊ ရှုလော့။ ဤအရာသည်ကား၊ အလုံးစုံမဟုတ်—
၂၂ ငါတို့၏ဘိုးဘေးလေဟိသည် ဤအရာတို့အကြောင်းကို သက်သေခံသောကြောင့် ယေရုရှလင်မှ နှင်ထုတ်ခံရ၏။ နီဖိုင်းနှင့် ငါတို့၏ဘိုးဘေးတို့အားလုံးနီးပါးသည်လည်း ဤအရာတို့အကြောင်းကို ယခုအချိန်ထိတိုင်အောင်ပင် သက်သေခံကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် ခရစ်တော်ကြွလာတော်မူခြင်းအကြောင်းကို သက်သေခံလျက်၊ ရောက်လာမည့် သူ၏နေ့ရက်တို့ကို မျှော်လင့်၍၊ ရွှင်လန်းဝမ်းမြောက်ကြ၏။
၂၃ ရှုဦးလော့၊ သူသည် ဘုရားသခင်ဖြစ်တော်မူ၏၊ သူတို့နှင့်အတူ ရှိတော်မူ၏။ သူတို့သည်လည်း သူ့အားဖြင့် ရွေးနှုတ်တော်မူခြင်း ခံရကြောင်း သူတို့ကို သူကိုယ်တိုင်ထင်ရှားစွာပြတော်မူ၏။ သူတို့သည်လည်း ဖြစ်လာမည့်အရာကြောင့်၊ သူ့ကို ချီးမွမ်းကြ၏။
၂၄ ယခုမူကား၊ သင်တို့သည် ဤအမှုများကို သိလျက် မုသားကို ပြောသည်မှတစ်ပါး၊ မငြင်းဆိုနိုင်ကြ။ ထို့ကြောင့်၊ ဤအမှု၌ သင်တို့သည် အပြစ်ကို ပြုကြလေပြီ။ အကြောင်းမူကား၊ သင်တို့လက်ခံရရှိသည့် အလွန်များစွာသောသက်သေခံများ၊ ထိုမှတစ်ပါး၊ ၎င်းတို့ မှန်ကန်ကြောင်းသက်သေအဖြစ် ကောင်းကင်ဘုံ၌ရှိသောအရာများနှင့် မြေကြီး၌ရှိသောအရာအားလုံး ရှိသော်ငြားလည်း၊ ဤအရာခပ်သိမ်းတို့ကို ငြင်းပယ်ကြလေပြီ။
၂၅ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သမ္မာတရားကို ငြင်းပယ်၍၊ သင်တို့၏သန့်ရှင်းသောဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကြ၏။ ဤကာလ၌ပင်၊ အဘယ်အရာကမျှ မဖျက်ဆီးနိုင်ရာ၊ မစင်ကြယ်သောအဘယ်အရာမျှ မလာနိုင်ရာ ကောင်းကင်ဘုံ၌ သင်တို့ကိုယ်တိုင်အတွက် ဘဏ္ဍာကိုသိုထားလျက်ရှိရမည့်အစား၊ တရားစီရင်တော်မူရာနေ့၌ သင်တို့ကိုယ်တိုင်အတွက် အမျက်ကို စုပုံနေကြ၏။
၂၆ ထိုမှတစ်ပါး၊ ဤကာလ၌ပင် သင်တို့သည် သင်တို့၏လူ့အသက်ကိုသတ်ခြင်း၊ သင်တို့၏မတရားသောမေထုန်နှင့် ဆိုးညစ်ခြင်းတို့ကြောင့်၊ ထာဝရတည်မြဲသောပျက်စီးခြင်းအတွက် အချိန်တန်လာကြလေပြီ။ အကြောင်းမူကား၊ သင်တို့သည် နောင်တမရလျှင်၊ ထိုအမှုသည် သင်တို့ထံ မကြာမြင့်မီ ရောက်လာပေမည်။
၂၇ ထိုမှတစ်ပါး၊ ရှုလော့၊ ထိုအမှုသည် ယခုတွင်၊ အကယ်စင်စစ်၊ သင်တို့၏တံခါးဝ၌ ရှိ၏။ ထိုမှတစ်ပါး၊ သင်တို့သည် တရားပလ္လင်သို့ သွား၍ ရှာကြလော့၊ ရှုဦးလော့၊ သင်တို့၏တရားသူကြီး အသတ်ခံရ၏။ သူသည် မိမိအသွေး၌ လဲလျောင်းနေ၏။ တရားပလ္လင်၌ထိုင်ရန် ကြိုးစားသည့် သူ့ ညီအားဖြင့် အသတ်ခံရလေပြီ။
၂၈ ရှုဦးလော့၊ သူတို့နှစ်ဦးစလုံးသည် တည်ထောင်သူ ဂါဒျန်တန်၏ အဖွဲ့ဖြစ်သည့်၊ သင်တို့၏ လျှို့ဝှက်သောအဖွဲ့နှင့်လည်းကောင်း၊ လူသားတို့၏စိတ်ဝိညာဉ်များကို ဖျက်ဆီးရန်ကြိုးစားအားထုတ်သူ မာရ်နတ်နှင့်လည်းကောင်း ဆိုင်ကြ၏။