အခန်းကြီး ၃
များစွာသောနီဖိုင်းအမျိုးသားတို့သည် မြောက်ဘက်လားရာပြည်သို့ နေရာပြောင်းရွှေ့ကြ၏—သူတို့သည် အင်္ဂတေအိမ်များကို တည်ဆောက်၍၊ များစွာသောမှတ်တမ်းများကို ရေးကြ၏—သောင်းပေါင်းများစွာတို့သည် ပြောင်းလဲ၍ ဗတ္တိဇံခံကြ၏—ဘုရားသခင်၏နှုတ်ကပတ်တော်သည် လူသားတို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်၏—ဟေလမန်၏သားနီဖိုင်းသည် တရားပလ္လင်၌ ထမ်းဆောင်၏။ ဘီစီ ၄၉–၃၉ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်သုံးနှစ်မြောက်တွင်၊ လူတို့၌ အနည်းငယ်သော ငြင်းခုံခြင်းအချို့ကို ဖြစ်စေသည့်၊ အသင်းတော်၌ရှိသည့် အနည်းငယ်သော မာနမှတစ်ပါး၊ နီဖိုင်းလူမျိုးတို့၌ ရန်တွေ့ခြင်းမရှိ။ ဤအမှုများသည် လေးဆယ်သုံးနှစ်မြောက်၏ အဆုံးပိုင်းတွင် ပြေငြိမ်းသွား၏။
၂ လေးဆယ်လေးနှစ်မြောက်တွင်၊ လူတို့၌ ရန်တွေ့ခြင်းမရှိ။ လေးဆယ်ငါးနှစ်မြောက်တွင်လည်း များစွာသောရန်တွေ့ခြင်းမရှိ။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေးဆယ်ခြောက်နှစ်မြောက်တွင်၊ အမှန်စင်စစ်၊ ရန်တွေ့ခြင်းများစွာနှင့် ငြင်းခုံခြင်းများစွာရှိ၏။ ထိုငြင်းခုံခြင်းများကြောင့်၊ ဇရဟင်မလပြည်မှ ထွက်ခွာ၍ မြောက်ဘက်လားရာပြည်သို့ ထိုပြည်ကို အမွေခံခြင်းငှာ ထွက်သွားသူ အလွန်များစွာရှိ၏။
၄ သူတို့သည်လည်း၊ အလွန်ကြီးစွာဝေးသောအရပ်သို့ ခရီးသွား၍၊ ကြီးစွာသောရေများနှင့် များစွာသောမြစ်များရှိရာသို့ ရောက်ကြ၏။
၅ ထိုမှတစ်ပါး၊ သူတို့သည် ထိုပြည်၏ ခပ်သိမ်းသောအရပ်များထဲသို့ပင်၊ ထိုပြည်ကို ယခင်က အမွေခံသည့် ပြည်သားတို့ကြောင့်၊ သစ်ပင်မရှိဘဲ လူဆိတ်ညံရာမဖြစ်လေသည့် အရပ်မှန်သမျှထဲသို့ ပျံ့နှံ့သွားကြ၏။
၆ ယခုမူကား၊ သစ်ပင်မရှိခြင်းမှတစ်ပါး၊ ထို့ပြည်၏အဘယ်အစိတ်အပိုင်းမျှ၊ လူဆိတ်ညံခြင်းမရှိ။ သို့ရာတွင်၊ ထိုပြည်၌ ယခင်က နေထိုင်ခဲ့ကြသောသူတို့ပျက်စီးခြင်း၏ ကြီးမားလှခြင်းကြောင့်၊ လူဆိတ်ညံရာအရပ်ဟု ခေါ်ကြ၏။
၇ ထိုပြည်၏မျက်နှာပြင်ပေါ်၌၊ အနည်းငယ်သောသစ်ပင်တို့သာ ရှိ၏၊ အဘယ်သို့ပင်ဖြစ်စေ၊ ထွက်သွားကြသောလူတို့သည် အင်္ဂတေအတတ်၌ အလွန်ကျွမ်းကျင်လာကြ၏။ ထို့ကြောင့်၊ သူတို့သည် အင်္ဂတေအိမ်များကို ဆောက်၍၊ အတွင်းမှာ နေထိုင်ကြ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ပွားများ၍ ပျံ့နှံ့၏၊ တောင်ဘက်လားရာပြည်မှ၊ မြောက်ဘက်လားရာပြည်သို့ သွား၍၊ ပျံ့နှံ့သဖြင့်၊ တောင်ဘက်ပင်လယ်မှ မြောက်ဘက်ပင်လယ်၊ အရှေ့ဘက်ပင်လယ်မှ အနောက်ဘက်ပင်လယ်၊ မြေကြီးတစ်ခုလုံး၏မျက်နှာပြင်ကိုဖုံးလွှမ်းစပြု၏။
၉ မြောက်ဘက်လားရာပြည်၌ ရှိသည့် လူတို့သည် တဲများနှင့် အင်္ဂတေအိမ်များ၌ နေထိုင်ကြ၏၊ သူတို့၏အိမ်များ၊ အမှန်စင်စစ်၊ သူတို့၏မြို့များ၊ ထို့အတူ သူတို့၏ဗိမာန်တော်များ၊ ထို့အတူ သူတို့၏တရားဇရပ်များ၊ ထို့အတူ သူတို့၏ ဝတ်ပြုရာဌာနများ၊ ထို့အတူ သူတို့၏အမျိုးမျိုးသော အဆောက်အအုံများကို တည်ဆောက်ရန်၊ သစ်သားများကို အချိန်စေ့သောအခါ၌ ရနိုင်ခြင်းငှာ၊ သစ်ပင်မှန်သမျှကို ထိုပြည်၏မျက်နှာပြင်ပေါ်၌ အပင်ပေါက်၍ ကြီးထွားစေ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သစ်သားသည် မြောက်ဘက်လားရာပြည်၌ အလွန်ရှားပါးသဖြင့်၊ သူတို့သည် သင်္ဘောခရီးဖြင့် များစွာပို့ကြ၏။
၁၁ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မြောက်ဘက်လားရာပြည်၌ရှိသောလူတို့အား များစွာသောမြို့များကို သစ်သားနှင့် အင်္ဂတေနှစ်မျိုးစလုံးဖြင့် တည်ဆောက်နိုင်စေခြင်းငှာ ထောက်ကူကြ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤပြည်ထဲသို့ ထွက်သွားကြသည့် လာမန်အမျိုးသားဇာတိဖြစ်သူ အမ္မုန်လူမျိုးတို့သည်လည်း များစွာရှိ၏။
၁၃ ယခုမူကား၊ ဤလူမျိုးတို့၏ လုပ်ဆောင်မှုများအကြောင်းကို ဤလူမျိုးတို့မှ များစွာသောသူတို့ ရေးထားသည့် သူတို့နှင့်စပ်လျဉ်း၍၊ အသေးစိတ်သော၊ အလွန်များသောမှတ်တမ်းများစွာရှိ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ ဤလူမျိုးတို့၏လုပ်ဆောင်မှုများမှ အနည်းငယ်၊ အထူးသဖြင့်၊ လာမန်အမျိုးသားများနှင့် နီဖိုင်းအမျိုးသားများ၊ ထို့အတူ သူတို့၏စစ်တိုက်ခြင်းများ၊ ထို့အတူ ရန်တွေ့ခြင်းများ၊ ထို့အတူ ငြင်းခုံခြင်းများ၊ ထို့အတူ သူတို့၏ဟောပြောခြင်း၊ ထို့အတူ သူတို့၏ပရောဖက်ပြုဟောချက်များ၊ ထို့အတူ သူတို့၏သင်္ဘောခရီးနှင့် သူတို့၏သင်္ဘောများ တည်ဆောက်ခြင်း၊ ထို့အတူ သူတို့၏ဗိမာန်တော်များ၊ ထို့အတူ တရားဇရပ်များနှင့် သူတို့၏ဝတ်ပြုရာဌာနများ တည်ဆောက်ခြင်း၊ ထို့အတူ သူတို့၏ဖြောင့်မတ်ခြင်း၊ ထို့အတူ သူတို့၏ဆိုးညစ်ခြင်း၊ ထို့အတူ သူတို့၏လူ့အသက်သတ်ခြင်းများ၊ ထို့အတူ သူတို့၏ အနိုင်အထက်လုယူခြင်းများ၊ ထို့အတူ သူတို့၏လုယက်ခြင်းများ၊ ထို့အတူ အမျိုးမျိုးသော စက်ဆုပ်ရွံရှာဖွယ်အမှုများနှင့် မတရားသောမေထုန်အမှုများအကြောင်း မှတ်တမ်းသည် ဤကျမ်း၌ မပါရှိနိုင်ပေ။
၁၅ သို့ရာတွင်၊ ရှုလော့၊ အဓိကအားဖြင့် နီဖိုင်းအမျိုးသားတို့ ရေးသည့် များစွာသောကျမ်းများနှင့် အမျိုးမျိုးသောမှတ်တမ်းများစွာ ရှိ၏။
၁၆ ၎င်းတို့ကို မျိုးဆက်တစ်ခုမှ တခြားတစ်ခုသို့ နီဖိုင်းအမျိုးသားတို့အားဖြင့်လက်ဆင့်ကမ်း၍ ပေးခဲ့သည်မှာ၊ လွန်ကျူးခြင်းထဲသို့ သူတို့လဲကျကြ၊ အသတ်ခံရ၊ လုယက်ခံရ၊ ထို့အတူ လိုက်၍အရှာခံရ၊ ထို့အတူ အဝေးသို့နှင်ထုတ်ခံရ၊ ထို့အတူ ကွပ်မျက်ခံရ၊ ထို့အတူ မြေကြီးမျက်နှာပြင်ပေါ်သို့ ဖြန့်ကျဲခံရသည့်အချိန်တိုင်အောင်ဖြစ်၏၊ နီဖိုင်းအမျိုးသားများဟု အခေါ်မခံရတော့သည့်တိုင်အောင် လာမန်အမျိုးသားတို့နှင့် သွေးစပ်ရောနှော၍၊ ဆိုးညစ်၊ ရိုင်းစိုင်း ရက်စက်လာကြသဖြင့်၊ အမှန်စင်စစ်၊ လာမန်အမျိုးသားများပင် ဖြစ်လာကြ၏။
၁၇ ယခုမူကား၊ ငါသည် ငါ၏မှတ်တမ်းကို တစ်ဖန်ပြန်စ၏။ ထို့ကြောင့်၊ နီဖိုင်းလူမျိုးတို့၌ ကြီးစွာသောရန်တွေ့ခြင်းများ၊ ထို့အတူ နှောင့်ယှက်ခြင်းများ၊ ထို့အတူ စစ်တိုက်ခြင်းများ၊ ထို့အတူ ငြင်းခုံခြင်းများ ရှိလေပြီးနောက်၊ ငါပြောလေသည့်အရာများ ဖြစ်ပျက်၏။
၁၈ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်ခြောက်နှစ်မြောက် ပြီးဆုံး၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်၌ ကြီးစွာသောရန်တွေ့ခြင်း ရှိနေသေးလျက်၊ အထူးသဖြင့်၊ လေးဆယ်ခုနစ်နှစ်မြောက်အထိရှိ၏၊ ထို့အတူ လေးဆယ်ရှစ်နှစ်မြောက်၌လည်းရှိ၏။
၂၀ အဘယ်သို့ပင်ဖြစ်စေ၊ ဟေလမန်သည် တရားမျှတခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ဖြင့် တရားပလ္လင်၌ ထမ်းဆောင်၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏ ထုံးဥပဒေသများ၊ ထို့အတူ စီရင်တော်မူချက်များ၊ ထို့အတူ ပညတ်တော်များကို စောင့်ထိန်းရန် အားထုတ်၏။ ထို့အတူ၊ သူသည် ဘုရားသခင်၏အမြင်၌ မှန်ကန်သည့်အရာတို့ကို အစဉ်မပြတ်ပြု၏။ ထို့အတူ၊ သူသည် မိမိအဘ၏လမ်းများသို့လိုက်သဖြင့်၊ ထိုပြည်၌ အောင်မြင်၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့၌ သားနှစ်ယောက် ရှိ၏။ သူသည် အကြီးဆုံးကို နီဖိုင်းဟု အမည်ပေး၏၊ အငယ်ဆုံးကို လေဟိဟု အမည်ပေး၏။ သူတို့သည်လည်း ကိုယ်တော်ရှင်အဖို့ ကြီးထွားစပြုကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်ရှစ်နှစ်မြောက်၏နောက်ဆုံးပိုင်းကာလတွင်၊ နီဖိုင်းလူမျိုးတို့၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ အနည်းငယ် ရပ်တန့်စပြု၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်ကိုးနှစ်မြောက်တွင်၊ ပြည်၏အများစုနေထိုင်ရာအရပ်တို့၌ ဓားပြဂါဒျန်တန် တည်ထောင်သည့် လျှို့ဝှက်ဂိုဏ်းများမှတစ်ပါး၊ ထိုပြည်၌ အဆက်မပြတ်ငြိမ်းချမ်းခြင်းကို တည်ဆောက်၏။ ထို့အဖွဲ့ကို တည်ထောင်ချိန်၌ အစိုးရ၏ အကြီးအကဲနေရာ၌ ရှိသောသူတို့ မသိကြ။ ထို့ကြောင့်၊ သူတို့သည် ထိုပြည်မှ ဖျက်ဆီးမခံရကြ။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤတစ်နှစ်တည်းတွင်၊ အသင်းတော်၌ အလွန်ကြီးစွာသော အောင်မြင်ခြင်းရှိ၍၊ ကိုယ်တိုင် အသင်းတော်သို့ဝင်၍ နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံခံသူ ထောင်ပေါင်းများစွာရှိ၏။
၂၅ အသင်းတော်၏အောင်မြင်ခြင်းသည်လည်း အလွန်ကြီးမားလှ၏၊ လူတို့အပေါ်၌ သွန်းလောင်းသည့် ကောင်းချီးမင်္ဂလာတို့မှာ အလွန်များသဖြင့်၊ ယဇ်ပုရောဟိတ်မင်းများနှင့် ဆရာတို့သည်ပင် အတိုင်းထက်အလွန် အံ့ဩကြ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏အမှုတော် အောင်မြင်သည်မှာ၊ များစွာသောသူများ၊ အမှန်စင်စစ်၊ သောင်းပေါင်းများစွာအထိ၊ ဗတ္တိဇံခံ၍၊ ဘုရားသခင်၏အသင်းတော်သို့ ပေါင်းစည်းကြသည်တိုင်အောင်ဖြစ်လေသတည်း။
၂၇ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်သည် သူတို့စိတ်နှလုံး၏ရိုးသားခြင်းဖြင့်၊ သူ၏ သန့်ရှင်းသောနာမတော်ကို ပဌာနပြုမည့်သူမှန်သမျှကို ကရုဏာကြီးတော်မူကြောင်း ငါတို့သိနိုင်၏။
၂၈ ထိုမှတစ်ပါး၊ ကောင်းကင်ဘုံတံခါးသည် ခပ်သိမ်းသောသူတို့အတွက်၊ အကယ်စင်စစ်၊ ဘုရားသခင်၏သားတော်ဖြစ်သူ ယေရှုခရစ်တော်၏နာမတော်ကို ယုံကြည်မည့်သူတို့အတွက် ပွင့်လျက်ရှိကြောင်းကို ထိုကဲ့သို့အားဖြင့် ငါတို့သိမြင်ကြ၏။
၂၉ ထိုမှတစ်ပါး၊ ငါတို့ သိမြင်ကြသည်မှာ၊ ရှင်သန်၍ တန်ခိုးကြီးသော ဘုရားသခင့် နှုတ်ကပတ်တော်၊ နတ်ဆိုး၏ ခပ်သိမ်းသောစဉ်းလဲခြင်း ထောင်ချောက်များနှင့် ပရိယာယ်များကို အစိတ်စိတ်ကွဲစေသည့်၊ ဆိုးညစ်သောသူများကို နစ်မြုပ်စေရန် ပြင်ဆင်ထားသည့် ထာဝရတည်မြဲသော ဝမ်းနည်းပူဆွေးမှုချောက်ကို ဖြတ်ကျော်၍ ခရစ်တော်၏လူကို ကျပ်တည်းကျဉ်းမြောင်းသည့်လမ်းသို့ ပို့ဆောင်မည်ဖြစ်သော ထိုနှုတ်ကပတ်တော်ကို ဆွဲကိုင်လိုသူမှန်သမျှ ဆွဲကိုင်နိုင်၍—
၃၀ ထို့အတူ၊ သူတို့၏ဝိညာဉ်များ၊ အမှန်စင်စစ်၊ သူတို့၏သေခြင်းမရှိသောဝိညာဉ်များကို အပြင်သို့ ထွက်မသွားစေတော့ဘဲ အာဗြဟံနှင့်အတူ၊ ဣဇာက်၊ ယာကုပ်နှင့် အတူ၊ ငါတို့၏သန့်ရှင်းသောဘိုးဘေးခပ်သိမ်းတို့နှင့်အတူ ထိုင်ရန် ကောင်းကင်နိုင်ငံတော်ရှိ ဘုရားသခင်၏လက်ယာတော်ဘက်သို့ ရောက်စေခြင်းပေတည်း။
၃၁ ဤနှစ်တွင် ဇရဟင်မလပြည်၌၊ ထို့အတူ ခပ်သိမ်းသောပတ်ဝန်းကျင်ဒေသတို့၌၊ နီဖိုင်းအမျိုးသားတို့ပိုင်သည့် ခပ်သိမ်းသောပြည်တို့၌ပင် အဆက်မပြတ်ဝမ်းမြောက်ခြင်းလည်း ရှိ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေးဆယ်ကိုးနှစ်မြောက်၏ကျန်ကြွင်းသော အချိန်၌၊ ငြိမ်းချမ်းခြင်းနှင့် အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းရှိ၏။ ထိုမှတစ်ပါး၊ တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်နှစ်မြောက်၌လည်း အဆက်မပြတ်ငြိမ်းချမ်းခြင်းနှင့် ကြီးစွာသောဝမ်းမြောက်ခြင်းရှိ၏။
၃၃ တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်တစ်နှစ်မြောက်တွင်လည်း၊ အသင်းတော်ထဲသို့ ဝင်စပြုသည့်—ဘုရားသခင်၏အသင်းတော်ထဲသို့မဟုတ်၊ ဘုရားသခင်၏အသင်းတော်နှင့် ဆိုင်သောသူ အယောင်ဆောင်ကြသောလူတို့၏ စိတ်နှလုံးထဲသို့သာ ဝင်သည့် မာနမှတစ်ပါး၊ ငြိမ်းချမ်းခြင်း ရှိ၏—
၃၄ ထိုသူတို့သည် မိမိတို့၏များစွာသောညီအစ်ကိုတို့ကို ညှဉ်းဆဲခြင်းသို့တိုင်အောင် မာနဖြင့်ဘဝင်မြင့်ကြ၏။ ယခုတွင်၊ ဤအမှုသည်ကား၊ ကြီးစွာသောမကောင်းမှုဖြစ်၏၊ ပို၍နှိမ့်ချသောအပိုင်းမှ လူတို့ကို ကြီးစွာသော ညှဉ်းဆဲခြင်းကို ခံစားစေ၏၊ များစွာသောဆင်းရဲဒုက္ခကို ဖြတ်ကျော်စေကြ၏။
၃၅ သို့သော်လည်း၊ သူတို့သည် အကြိမ်ကြိမ်အစာရှောင်၍၊ ဆုတောင်း၍ နှိမ့်ချခြင်း၌ ပို၍အားကြီးသည်ထက် အားကြီးလာလျက်၊ ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းသည် ခိုင်မြဲသည်ထက်ခိုင်မြဲလာသည်မှာ၊ သူတို့စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်း၊ သက်သာခြင်းတို့နှင့်၊ ပြည့်ခြင်းသို့ရောက်သည့်တိုင်အောင်ပင်တည်း။ အမှန်စင်စစ်၊ ဘုရားသခင်ထံသို့ သူတို့စိတ်နှလုံးကို အပ်နှင်းခြင်းကြောင့်၊ ကျရောက်လာသည့် သန့်ရှင်းစင်ကြယ်စေခြင်းတည်းဟူသော စိတ်နှလုံးစင်ကြယ်စေခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့ပင် ရောက်လေ၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့၏စိတ်နှလုံးထဲသို့ ဝင်ရောက်လေသည့် အလွန်ကြီးစွာသောမာနမှတစ်ပါး၊ ငါးဆယ်နှစ်နှစ်မြောက်သည်လည်း ငြိမ်းချမ်းစွာ ပြီးဆုံးလေ၏။ ထိုအမှုသည်ကား၊ ထိုပြည်၌ သူတို့၏အလွန်ကြီးစွာသော စည်းစိမ်ဥစ္စာများနှင့် သူတို့၏အောင်မြင်ခြင်းတို့ကြောင့်ပေတည်း။ ထိုအရာသည် သူတို့၌ နေ့တိုင်းမပြတ်တိုးပွား၏။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်သုံးနှစ်မြောက်တွင် ဟေလမန်သေ၍၊ သူ့နေရာ၌ သူ၏ အကြီးဆုံးသား နီဖိုင်း နန်းစံစပြု၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် တရားမျှတခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ဖြင့် တရားပလ္လင်၌ ထမ်းဆောင်၏။ ထိုမှတစ်ပါး၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်း၍၊ သူ့အဘ၏လမ်းများသို့ လိုက်၏။