အခန်းကြီး ၁၆
ရှမွေလကို ယုံကြည်သောနီဖိုင်းအမျိုးသားတို့သည် နီဖိုင်းအားဖြင့် ဗတ္တိဇံခံကြ၏—ရှမွေလကို နောင်တမရသော နီဖိုင်းအမျိုးသားတို့၏ မြားများနှင့် ကျောက်ခဲတို့ဖြင့် မကွပ်မျက်နိုင်ကြ—အချို့သောသူတို့သည် မိမိတို့စိတ်နှလုံးကို မာကျောစေ၏၊ အခြားသောသူတို့သည် ကောင်းကင်တမန်တို့ကို မြင်၏—ခရစ်တော်နှင့် ယေရုရှလင်၌ သူ၏ကြွလာတော်မူခြင်းကို ယုံကြည်ရန်မှာ ယုတ္တိမရှိဟု မယုံကြည်သူတို့က ဆိုကြ၏။ ဘီစီ ၆–၁ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားရှမွေလ မြို့တံတိုင်းများပေါ်၌ ပြောသည့်စကားများကို ကြားနာသည့်သူ များစွာရှိ၏။ သူ၏စကားကို ယုံကြည်သူမှန်သမျှသည်လည်း ထွက်သွားပြီး နီဖိုင်းကို ရှာကြ၏။ သူတို့သည် ထွက်လာပြီး၊ သူ့ကို တွေ့လျှင်၊ သူတို့အပြစ်များကို သူ့ထံသို့ ဝန်ခံ၍၊ ငြင်းဆိုခြင်းမရှိကြဘဲ ကိုယ်တော်ရှင်ထံသို့ ဗတ္တိဇံခံလိုကြ၏။
၂ သို့ရာတွင်၊ ရှမွေလ၏စကားများကို မယုံကြည်သူမှန်သမျှသည် သူ့ကို အမျက်ထွက်ကြ၏။ သူ့ကို တံတိုင်းပေါ်၌ ကျောက်ခဲနှင့်ပစ်ကြ၊ များစွာသောသူတို့ကလည်း သူ့ကို တံတိုင်းပေါ်၌ရပ်စဉ် မြားနှင့် ပစ်ကြ၏။ သို့ရာတွင်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူနှင့်အတူရှိတော်မူသဖြင့်၊ သူတို့၏ကျောက်ခဲများနှင့်သော်လည်းကောင်း၊ သူတို့၏မြားများနှင့်သော်လည်းကောင်း သူ့ကို မထိခိုက်နိုင်။
၃ ယခုတွင်၊ သူ့ကို မထိခိုက်နိုင်ကြောင်း သိကြလျှင်၊ သူ၏စကားများကို ယုံကြည်သောသူတို့မှာ ပို၍များစွာရှိ၏၊ ဗတ္တိဇံခံရန် နီဖိုင်းဆီသို့ ထွက်သွားကြ၏။
၄ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းသည် ဗတ္တိဇံပေးလျက်၊ ထို့အတူ ပရောဖက်ပြု၍ဟောလျက်၊ ထို့အတူ ဟောပြောလျက်၊ လူတို့အား နောင်တရခြင်းကို ဟစ်ကြော်လျက်၊ နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ကို ပြလျက်၊ လူတို့၌ အလွန်တရာအံ့ဩဖွယ်အမှုတို့ကိုပြလျက် ရှိလေသည်မှာ၊ မကြာမြင့်မီ၌ ခရစ်တော် ကြွလာတော်မူမည့်အကြောင်းကို သူတို့သိနိုင်ကြစေခြင်းငှာပေတည်း—
၅ မကြာမြင့်မီဖြစ်လာရမည့်အရာတို့အကြောင်းကို ပြောပြလျက်ရှိသည်မှာ၊ သူတို့ယုံကြည်နိုင်စေခြင်းငှာဟူသော ရည်ရွယ်ချက်ဖြင့် ထိုအရာတို့ကို သူတို့ထံသို့ ကြိုတင်၍ ဖော်ပြခဲ့လေကြောင်း ထိုအရာတို့ဖြစ်လာသည့်အချိန်၌၊ သူတို့သိ၍သတိရနိုင်ကြစေခြင်းငှာဖြစ်၏။ ထို့ကြောင့်၊ ရှမွေလ၏စကားများကို ယုံကြည်သူမှန်သမျှသည် ဗတ္တိဇံခံရန် သူ့ထံသို့ ထွက်သွားကြ၏။ အကြောင်းမူကား၊ သူတို့သည် နောင်တရလျက်၊ သူတို့၏အပြစ်များကို ဝန်ခံလျက် လာကြ၏။
၆ သို့ရာတွင်၊ သူတို့မှ အများစုသည် ရှမွေလ၏စကားများကို မယုံကြည်ကြ။ ထို့ကြောင့်၊ သူတို့၏ကျောက်ခဲများ၊ သူတို့၏မြားများနှင့် သူ့ကို မထိခိုက်နိုင်ကြောင်းကို သိကြလျှင်၊ သူတို့၏ဗိုလ်ချုပ်မင်းတို့ထံသို့ ဟစ်အော်၍ဆိုကြလေသည်ကား၊ ဤသူကို ဖမ်းဆီး၍ ချည်နှောင်လော့။ အကြောင်းမူကား၊ သူသည် နတ်ဆိုးစွဲသောသူဖြစ်၏။ သူ့အထဲ၌ရှိသည့် နတ်ဆိုး၏တန်ခိုးကြောင့်လည်း ငါတို့သည် သူ့ကို ငါတို့၏ကျောက်ခဲများ၊ ငါတို့၏မြားများနှင့် မထိခိုက်နိုင်ကြ။ ထို့ကြောင့်၊ သူ့ကိုဖမ်းဆီး၍ချည်နှောင်လျက် အဝေးသို့ ခေါ်ဆောင်သွားလော့။
၇ သူတို့ သူ့ကို ဖမ်းဆီးခြင်းငှာ ထွက်လာစဉ်တွင်၊ ရှုလော့၊ သူသည် တံတိုင်းပေါ်မှ ခုန်ချ၍ သူတို့၏ပြည်မှ၊ ထွက်ပြေး၍၊ အထူးသဖြင့်၊ သူ၏တိုင်းပြည်သို့ပင် ရောက်လျှင်၊ သူ၏လူမျိုးတို့၌ ဟောပြောခြင်းငှာနှင့် ပရောဖက်ပြု၍ဟောခြင်းငှာ အစပြု၏။
၈ ရှုဦးလော့၊ သူ့အကြောင်းကို နီဖိုင်းလူမျိုးတို့၌ ထပ်၍ မကြားရတော့ချေ။ ဤရွေ့ကား၊ လူမျိုးတို့၏ အမှုအမျိုးမျိုးပေတည်း။
၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်ခြောက်နှစ်မြောက် ပြီးဆုံး၏။
၁၀ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းရှစ်ဆယ်ခုနစ်နှစ်လည်းပြီးဆုံး၏။ လူမျိုးတို့၏အများစုသည် မိမိတို့မာနနှင့် ဆိုးညစ်ခြင်းတို့၌ ဆက်၍ရှိကြ၏၊ အနည်းစုသည် ဘုရားသခင်ရှေ့၌ ပို၍စေ့စေ့မြေ့မြေ့ကျင့်ဆောင်လျက်ရှိကြ၏။
၁၁ ဤအရာတို့သည်ကား၊ တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်ရှစ်နှစ်မြောက်၌ရှိသည့် အခြေအနေများလည်း ဖြစ်၏။
၁၂ တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်ကိုးနှစ်မြောက်၌ လူတို့သည် ဒုစရိုက်၌ ပို၍မာကျောစပြုလျက်၊ ဘုရားသခင်၏ပညတ်တော်များနှင့် ဆန့်ကျင်သည့်အရာတို့ကို အထပ်ထပ်ပြုသည်မှတစ်ပါး၊ လူတို့၏အမှုများ၌ အနည်းငယ်သော ပြုပြင်ပြောင်းလဲခြင်းသာရှိ၏။
၁၃ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ကိုးဆယ်နှစ်မြောက်၌၊ လူတို့ထံသို့ ပေးတော်မူသည့် ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများရှိ၏။ ပရောဖက်တို့၏စကားများသည်လည်း ပြီးပြည့်စုံစပြု၏။
၁၄ ကောင်းကင်တမန်တို့သည်လည်း လူတို့နှင့် ဉာဏ်ပညာရှိသောသူတို့ထံသို့ ရောက်လာ၍၊ ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်းကို ဟောကြားကြ၏။ ထိုကဲ့သို့အားဖြင့်၊ ဤနှစ်၌၊ ကျမ်းစာများ ပြီးပြည့်စုံစပြု၏။
၁၅ သို့သော်လည်း၊ လူတို့သည် မိမိတို့စိတ်နှလုံးကို မာကျောစပြုစေလျက်၊ ယုံကြည်မှုအရှိဆုံးသောသူတို့မှတစ်ပါး၊ နီဖိုင်းအမျိုးသားနှင့် လာမန်အမျိုးသားနှစ်မျိုးစလုံးမှ ခပ်သိမ်းသောသူတို့သည် သူတို့၏ကိုယ်ပိုင်ခွန်အားနှင့် သူတို့၏ကိုယ်ပိုင်ဉာဏ်ပညာတို့ကို အားကိုးစပြု၍ ဆိုကြလေသည်ကား၊
၁၆ အကြင်သူတို့မှန်းဆသောအရာအချို့သည် အလွန်များစွာသောအရာတို့၌ မှန်နိုင်၏။ သို့ရာတွင်၊ ရှုလော့၊ ဟောပြောထားသည့် ခပ်သိမ်းသော ဤကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုများ ဖြစ်မလာနိုင်သည်ကို ငါတို့သိကြ၏။
၁၇ သူတို့အချင်းချင်း ဆွေးနွေးလျက် ငြင်းခုံစပြု၍လည်း ဆိုလေသည်ကား၊
၁၈ ထိုကဲ့သို့သော ဘုရားသည် ခရစ်တော်အဖြစ်ကြွလာတော်မူမည်ဟု ဆိုသည်မှာ ယုတ္တိမရှိ။ ထိုသို့ဆိုလျှင်၊ ဟောထားလေသည့်အတိုင်း၊ သူသည် ဘုရားသခင်၏သားတော်၊ ကောင်းကင်နှင့်မြေကြီး၏ခမည်းတော်ဖြစ်၍၊ ယေရုရှလင်၌ ရှိမည့်သူများကို ကဲ့သို့ ငါတို့ကို အဘယ်ကြောင့် ကိုယ်ထင်မပြဘဲ ရှိမည်နည်း။
၁၉ ထိုမှတစ်ပါး၊ သူသည် ယေရုရှလင်နယ်မြေမှာကဲ့သို့ ဤပြည်၌ အဘယ့်ကြောင့် ကိုယ်ထင်မပြဘဲရှိမည်နည်း။
၂၀ သို့ရာတွင်၊ ရှုလော့၊ ဤအရာသည်ကား၊ ဆိုးညစ်သော နည်းဥပဒေသတစ်ခု ဖြစ်သည်ကို ငါတို့သိကြ၏၊ ငါတို့၌မဟုတ်၊ သို့ရာတွင် ဝေးကွာသောပြည်၊ ငါတို့သိခြင်းမရှိသည့်ပြည်၌ ဖြစ်လာမည့် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာအချို့ကို ငါတို့ယုံကြည်စေခြင်းငှာ ငါတို့၏ဘိုးဘေးတို့က ငါတို့ကို လက်ဆင့်ကမ်းပေးခဲ့သည့်အရာ ဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် ငါတို့ကို အသိတရားကင်းမဲ့ရာ၌ ဆက်၍ထားနိုင်ကြ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုအရာတို့မှန်ကန်ကြောင်းကို ငါတို့မျက်စိဖြင့် မမြင်နိုင်ကြ။
၂၁ သူတို့သည်လည်း ထိုစကားများကို ငါတို့အား သွန်သင်ပေးစေခြင်းငှာ၊ သူတို့ကို အားကိုးရမည်ဖြစ်၍၊ ငါတို့ကို သူတို့စကားများ၏ကျွန်များအဖြစ်၊ ထို့အတူ၊ သူတို့၏ကျွန်များအဖြစ်ထားမည့်၊ ငါတို့နားမလည်နိုင်သည့် ကြီးစွာသော နက်နဲသည့်အရာအချို့ကို မာရ်နတ်၏ စဉ်းလဲ၍၊ လျှို့ဝှက်ဆန်းကြယ်သော ပရိယာယ်များအားဖြင့် ပြုကြလိမ့်မည်။ ငါတို့ကိုယ်ကို သူတို့ထံသို့ အရှုံးပေးကြမည်ဆိုလျှင်၊ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ငါတို့၏အသက်တာတစ်လျှောက်လုံး၌၊ ငါတို့ကို အသိတရားကင်းမဲ့ရာ၌ ဆက်၍ ထားကြလိမ့်မည်။
၂၂ မိုက်မဲ၍၊ အချည်းနှီးဖြစ်သည့် ပို၍များစွာသောအရာတို့ကိုလည်း လူတို့သည် စိတ်နှလုံး၌ ထင်မြင်ကြ၏။ များစွာနှောင့်ယှက်ခြင်းကိုလည်း ခံရ၏။ အကြောင်းမူကား၊ စာတန်သည် သူတို့ကို ဒုစရိုက်ပြုစေရန် အစဉ်မပြတ်နှိုးဆော်၏။ ထိုမှတစ်ပါး၊ လူတို့၏စိတ်နှလုံးအား ကောင်းမြတ်သောအရာကို ဆန့်ကျင်၍၊ ဖြစ်လာမည့်အရာကို ဆန့်ကျင်၍ မာကျောနိုင်စေခြင်းငှာ၊ သတင်းစကားများနှင့် ရန်တွေ့ခြင်းများကို ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ ပျံ့နှံ့စေလျက် အရပ်ရပ်သို့ သွား၏။
၂၃ ထို့အတူ၊ ကိုယ်တော်ရှင်၏လူမျိုးတို့၌ နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ကို ပြုပြင်စီရင်ထားလျက်၊ သူတို့ပြုသည့် အလွန်တရာအံ့ဩဖွယ်အမှု များစွာတို့ ရှိသော်ငြားလည်း စာတန်သည် ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ လူတို့၏ စိတ်နှလုံးကို ကြီးစွာလွှမ်းမိုးခြင်းရှိ၏။
၂၄ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ကိုးဆယ်နှစ်မြောက် ပြီးဆုံး၏။
၂၅ ထိုကဲ့သို့အားဖြင့်၊ ဟေလမန်နှင့် သူ့သားတို့၏မှတ်တမ်းများအတိုင်း ဟေလမန်ကျမ်း ပြီးဆုံး၏။