အခန်းကြီး ၁၁
နီဖိုင်းသည် ကိုယ်တော်ရှင်အား မိမိတို့စစ်တိုက်ခြင်းကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် အစားထိုးရန် တောင်းဆို၏—များစွာသောလူတို့ ပျက်စီးကြ၏—သူတို့သည် နောင်တရကြ၏၊ နီဖိုင်းသည် ကိုယ်တော်ရှင်အား မိုးရွာစေရန် အပူတပြင်းတောင်းဆို၏—နီဖိုင်းနှင့် လေဟိတို့သည် များစွာသော ဗျာဒိတ်တော်များကို လက်ခံရရှိကြ၏—ဂါဒျန်တန်ဓားပြတို့သည် သူတို့ကိုယ်သူတို့ ထိုပြည်၌ ခိုင်မာစွာ တည်ဆောက်ကြ၏။ ဘီစီ ၂၀–၆ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခုနစ်ဆယ်နှစ်နှစ်မြောက်၌၊ ရန်တွေ့ခြင်းများ တိုးပွားသဖြင့်၊ ထိုပြည်တစ်လျှောက်လုံးရှိ ခပ်သိမ်းသောနီဖိုင်းလူမျိုးတို့၌ စစ်တိုက်ခြင်းများရှိ၏။
၂ ထိုအမှုမှာ၊ ဤဖျက်ဆီးခြင်းနှင့် ဆိုးညစ်ခြင်းအမှုကို ပြုသူ ဤလျှို့ဝှက်သောဓားပြအဖွဲ့ဖြစ်၏။ ဤစစ်တိုက်ခြင်းသည်လည်း ထိုနှစ်တစ်နှစ်လုံး တာရှည်၏။ ခုနစ်ဆယ်သုံးနှစ်မြောက်၌လည်း ရှိလေ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနှစ်၌၊ နီဖိုင်းသည် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၍ ဆိုလေသည်ကား၊
၄ အို ကိုယ်တော်ရှင်၊ ဤလူမျိုးတို့အား ဓားဘေးဖြင့် ဖျက်ဆီးခံရမည့်အကြောင်း အခွင့်ပေးတော်မမူပါနှင့်။ သို့ရာတွင်၊ အို ကိုယ်တော်ရှင်၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား အောက်မေ့ဖို့ရာ သူတို့ကို နှိုးဆော်ခြင်းငှာ၊ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုသာလျှင်၊ ရှိစေတော်မူပါ။ သူတို့သည်လည်း ကိုယ်တော်ထံသို့ နောင်တရ၍၊ ပြန်လာကောင်းပြန်လာကြပါမည်။
၅ နီဖိုင်း၏စကားများအတိုင်းပင် ဖြစ်လေ၏။ ထိုပြည်ပေါ်ရှိ ခပ်သိမ်းသောနီဖိုင်းလူမျိုးတို့၌ ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိ၏။ ထိုကဲ့သို့အားဖြင့်၊ ခုနစ်ဆယ်လေးနှစ်မြောက်၌၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆက်၍ရှိလျက်၊ ဓားဘေးဖြင့် ဖျက်ဆီးခြင်းမှာ ရပ်တန့်သော်လည်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်ကား၊ ပြင်းထန်လာ၏။
၆ ဤဖျက်ဆီးခြင်းအမှုသည် ခုနစ်ဆယ်ငါးနှစ်မြောက်၌လည်း ဆက်၍ရှိ၏။ မြေကြီးသည် ဒဏ်ခတ် ခံရသဖြင့်၊ ခြောက်သွေ့၍၊ စပါးရာသီ၌ စပါးမသီး။ လာမန်အမျိုးသားတို့နှင့် နီဖိုင်းအမျိုးသားနှစ်မျိုးစလုံးတို့၌ မြေကြီးတစ်ခုလုံးသည် ဒဏ်ခတ် ခံရ၏။ ထို့ကြောင့်၊ သူတို့သည် ဒဏ်ခတ်ခံရသဖြင့်၊ ထိုပြည်၏ ပို၍ဆိုးညစ်သောအရပ်များ၌ ထောင်ပေါင်းများစွာ ပျက်စီးကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ဖျက်ဆီးခံရတော့မည်ကို သိလျှင်၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့စပြုကြ၏။ နီဖိုင်း၏စကားများကိုလည်း သတိရစပြုကြ၏။
၈ လူတို့သည် မိမိတို့၏တရားသူကြီးချုပ်များနှင့် မိမိတို့၏အကြီးအကဲတို့ကိုလည်းတောင်းပန်၍၊ သူတို့ကို နီဖိုင်းထံသို့ ပြောစေလိုသည်ကား၊ ရှုလော့၊ သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း ငါတို့သိကြ၏။ ထို့ကြောင့်လည်း၊ ငါတို့၏ပျက်စီးခြင်းနှင့်စပ်လျဉ်း၍ သင်ပြောသည့် အလုံးစုံသောစကားများ မပြီးပြည့်စုံစေခြင်းငှာ၊ ငါတို့ထံမှ ဤငတ်မွတ်ခေါင်းပါးခြင်းဘေးကို လွှဲဖယ်တော်မူမည့်အကြောင်း ငါတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်ပါလော့။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးတို့သည် လူတို့အလိုရှိသည့် စကားများအတိုင်း နီဖိုင်းထံသို့ ပြောကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် လူတို့နောင်တရ၍၊ သူတို့ကိုယ်သူတို့ လျှော်တေအဝတ်၌ နှိမ့်ချကြသည်ကို မြင်ရလျှင်၊ ကိုယ်တော်ရှင်ထံသို့ တစ်ဖန်တောင်းလျှောက်လေသည်ကား၊
၁၀ အို ကိုယ်တော်ရှင်၊ ဤလူမျိုးတို့ နောင်တရသည်ကို ရှုတော်မူပါ။ သူတို့သည်လည်း ဂါဒျန်တန်ဓားပြအဖွဲ့ကို သူတို့အထဲမှ ပယ်ရှားသဖြင့်၊ ၎င်းတို့ ဆိတ်သုဉ်းသွားပါပြီ။ သူတို့၏ လျှို့ဝှက်သောအကြံအစည်များကိုလည်း မြေကြီးထဲ၌ မြှုပ်ကြပါပြီ။
၁၁ ယခုတွင်၊ အို ကိုယ်တော်ရှင်၊ သူတို့၏ ဤနှိမ့်ချခြင်းကြောင့်၊ ကိုယ်တော်သည် ကိုယ်တော်၏အမျက်တော်ကို လွှဲတော်မူပါ။ ကိုယ်တော်၏အမျက်တော်ကို ကိုယ်တော်ဖျက်ဆီးနှင့်လေပြီးသည့် ထိုဆိုးညစ်သောသူတို့ကို ဖျက်ဆီးရာ၌လည်း ကျေနပ်စေတော်မူပါ။
၁၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏အမျက်တော်ကို၊ အမှန်စင်စစ်၊ ကိုယ်တော်၏ ပြင်းစွာသောအမျက်တော်ကို လွှဲတော်မူပါ၊ ဤပြည်၌ ဤငတ်မွတ်ခေါင်းပါးခြင်းဘေးကို ရပ်တန့်စေတော်မူပါ။
၁၃ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စေ့စေ့နားထောင်တော်မူ၍၊ အကျွန်ုပ်၏စကားများအတိုင်း ဖြစ်စေတော်မူ၍၊ မြေကြီးသည် မိမိအသီးကို သီးနိုင်စေခြင်းငှာလည်းကောင်း၊ စပါးရာသီ၌ မိမိစပါးကို သီးနိုင်စေခြင်းငှာလည်းကောင်း၊ မြေကြီးမျက်နှာပြင်ပေါ်သို့ မိုးရွာစေတော်မူပါ။
၁၄ အို ကိုယ်တော်ရှင်၊ ဓားဘေးတည်းဟူသော ကာလနာဘေးကို ရပ်တန့်နိုင်စေခြင်းငှာ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေတော်မူပါဟု အကျွန်ုပ်ဆိုသောအခါ အကျွန်ုပ်၏စကားများကို ကိုယ်တော် စေ့စေ့နားထောင်တော်မူ၏။ ဤကာလ၌ပင်၊ အကျွန်ုပ်၏စကားများကို ကိုယ်တော်နားထောင်တော်မူမည့်အကြောင်း အကျွန်ုပ်သိပါ၏။ အကြောင်းမူကား၊ ကိုယ်တော် မိန့်တော်မူသည်မှာ၊ ဤလူမျိုးတို့ နောင်တရလျှင်၊ ငါသည် သူတို့ကို ချမ်းသာပေးမည်။
၁၅ ထိုမှတစ်ပါး၊ အို ကိုယ်တော်ရှင်၊ သူတို့ထံသို့ ရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကာလနာဘေးနှင့် ဖျက်ဆီးခြင်းဘေးကြောင့် သူတို့နောင်တရသည်ကို ကိုယ်တော် သိမြင်တော်မူပါ၏။
၁၆ ယခုမူကား၊ အို ကိုယ်တော်ရှင်၊ သူတို့သည် ကိုယ်တော်ကို အစေခံကြလျှင်၊ ကိုယ်တော်သည် ကိုယ်တော်၏ အမျက်တော်ကို လွှဲတော်မူ၍ သူတို့ကို တစ်ဖန်စမ်းသပ်တော်မူမည်လော။ ထိုသို့ဆိုလျှင်၊ အိုကိုယ်တော်ရှင်၊ ကိုယ်တော်သည် သူတို့ကို ကိုယ်တော်မိန့်တော်မူလေသည့် စကားများအတိုင်း ကောင်းချီးပေးနိုင်တော်မူပါပေ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ခုနစ်ဆယ်ခြောက်နှစ်မြောက်တွင်၊ ကိုယ်တော်ရှင်သည် မိမိအမျက်တော်ကို လူတို့ထံမှ လွှဲတော်မူ၍၊ မြေကြီးပေါ်သို့ မိုးရွာစေသဖြင့်၊ မြေကြီးသည် မိမိအသီးရာသီ၌ မိမိအသီးကို သီး၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မိမိစပါးရာသီ၌ မိမိစပါးကို သီး၏။
၁၈ ရှုဦးလော့၊ လူတို့သည် ရွှင်လန်းဝမ်းမြောက်၍၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးသည် ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ပြည့်၏။ သူတို့သည် နီဖိုင်းကို ဖျက်ဆီးရန် မကြိုးစားတော့၊ သူ့ကို ကြီးစွာသော ပရောဖက်၊ ထို့အတူ၊ ဘုရားသခင်၏လူ၊ ဘုရားသခင်ထံမှပေးထားသော ကြီးစွာသောတန်ခိုးနှင့် အခွင့်အာဏာရှိလေသူအဖြစ် မှတ်ယူကြ၏။
၁၉ ရှုဦးလော့၊ သူ၏ညီလေဟိသည်လည်း ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သောအရာတို့၌ သူ့ထက် အနည်းငယ်မျှ လျော့နည်းသူ မဟုတ်။
၂၀ ထိုကဲ့သို့အားဖြင့်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့သည် ထိုပြည်၌ တစ်ဖန်အောင်မြင်စပြု၍၊ သူတို့၏ဆိတ်ညံရာအရပ်တို့ကို ပြန်၍တည်ဆောက်စပြုလျက်၊ အရှေ့ပင်လယ်မှ အနောက်ပင်လယ်သို့၊ မြောက်ဘက်လားရာနှင့် တောင်ဘက်လားရာ နှစ်ခုစလုံး၌ ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသည့်တိုင်အောင်ပင်၊ ပွားများ၍ ပျံ့နှံ့စပြုကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ခုနစ်ဆယ်ခြောက်နှစ်မြောက်သည် ငြိမ်းချမ်းစွာ ပြီးဆုံး၏။ ခုနစ်ဆယ်ခုနစ်နှစ်မြောက်သည်လည်း ငြိမ်းချမ်းစွာအစပြု၏။ အသင်းတော်သည်လည်း ခပ်သိမ်းသောပြည်တို့၏ မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့၏။ နီဖိုင်းအမျိုးသားနှင့် လာမန်အမျိုးသားနှစ်မျိုးစလုံးမှ လူအများစုသည် အသင်းတော်နှင့် ဆိုင်ကြ၏။ သူတို့သည်လည်း ထိုပြည်၌ အလွန်ကြီးစွာသော ငြိမ်းချမ်းခြင်း ရှိ၏။ ထိုကဲ့သို့အားဖြင့်၊ ခုနစ်ဆယ်ခုနစ်နှစ်မြောက် ပြီးဆုံး၏။
၂၂ ထို့အတူ၊ ခုနစ်ဆယ်ရှစ်နှစ်မြောက်၌လည်း၊ ပရောဖက်တို့အားဖြင့် တည်ထောင်သည့် ဩဝါဒအချက်များနှင့်စပ်လျဉ်း၍၊ အနည်းငယ်သော ငြင်းခုံခြင်းတို့မှတစ်ပါး၊ ငြိမ်းချမ်းခြင်းရှိ၏။
၂၃ ခုနစ်ဆယ့်ကိုးနှစ်မြောက်၌လည်း၊ ရန်တွေ့ခြင်းများစွာ ရှိစပြု၏။ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့်လေဟိ၊ ထို့အတူ မှန်သောဩဝါဒအချက်များကို သိသည့် သူတို့၏ညီအစ်ကိုများစွာတို့သည် များစွာသော ဗျာဒိတ်တော်တို့ကို နေ့စဉ်ရရှိလျက်၊ ထို့ကြောင့်၊ လူတို့အား ဟောပြောသဖြင့်၊ ထိုတစ်နှစ်တည်းတွင် သူတို့၏ရန်တွေ့ခြင်းများကို အဆုံးသတ်ကြ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်နှစ်မြောက်၌၊ ယခင်ကအချို့သောနှစ်များတွင် လာမန်အမျိုးသားတို့ထံသို့ ထွက်သွား၍၊ မိမိတို့အပေါ်၌ လာမန်အမျိုးသားတို့၏အမည်ကို ခံယူကြသောသူ၊ နီဖိုင်းလူမျိုးတို့နှင့် သဘောကွဲလွဲသောသူ အချို့ရှိလေ၏၊ လာမန်အမျိုးသားတို့၏အမျိုးအနွယ် အစစ်အမှန်ဖြစ်သူအချို့တို့သည် ထိုသူတို့အားဖြင့်၊ သို့မဟုတ်၊ ထိုသဘောကွဲလွဲသောသူတို့အားဖြင့် အမျက်ထွက်စေကြောင်း နှိုးဆော်ခံရ၏။ ထို့ကြောင့်၊ သူတို့ညီအစ်ကိုများနှင့် စစ်တိုက်ခြင်းကို စတင်ကြ၏။
၂၅ သူတို့သည် လူ့အသက်ကိုသတ်ခြင်းနှင့် လုယက်ခြင်းတို့ကိုလည်း ကျူးလွန်ကြ၏။ ထို့နောက်တွင်၊ သူတို့သည် တောင်များထဲသို့၊ တောရိုင်းနှင့် လျှို့ဝှက်သောအရပ်များထဲသို့ ပြန်ပြီးဆုတ်ခွာ၍၊ သူတို့ကို မတွေ့ရှိနိုင်စေခြင်းငှာ၊ ပုန်းကွယ်နေကြ၏။ သူတို့ထံသို့ ထွက်သွားသည့် သဘောကွဲလွဲသောသူများရှိလေသဖြင့်၊ သူတို့၏အရေအတွက်မှာ နေ့စဉ်တိုးပွားလျက်ရှိ၏။
၂၆ ထိုကဲ့သို့အားဖြင့် အချိန်စေ့သောအခါ၊ များစွာမကြာသောနှစ်များအတွင်း၌၊ သူတို့သည် အလွန်ကြီးစွာသော ဓားပြအဖွဲ့ ဖြစ်လာ၏။ သူတို့သည် ဂါဒျန်တန်၏ လျှို့ဝှက်သည့်အကြံအစည်ခပ်သိမ်းတို့ကိုလည်း ရှာဖွေကြ၏။ ထိုကဲ့သို့အားဖြင့် သူတို့သည် ဂါဒျန်တန်ဓားပြများ ဖြစ်လာကြ၏။
၂၇ ယခုတွင်၊ ရှုလော့၊ ဤဓားပြတို့သည် ကြီးစွာသောပျက်စီးခြင်း၊ အမှန်စင်စစ်၊ နီဖိုင်းလူမျိုးတို့၌၊ ထို့အတူ၊ လာမန်လူမျိုးတို့၌လည်း ကြီးစွာသောဖျက်ဆီးခြင်းကို ပြုကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤဖျက်ဆီးခြင်းအမှုကို ရပ်တန့်စေရန် လိုအပ်၏။ ထို့ကြောင့်၊ သူတို့သည် ဤဓားပြများအဖွဲ့ကို ရှာဖွေ၍ ဖျက်ဆီးခြင်းငှာ၊ အားကြီးသောသူတပ်တစ်တပ်ကို တောရိုင်းထဲနှင့်၊ တောင်များပေါ်သို့ စေလွှတ်၏။
၂၉ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ ထိုတစ်နှစ်တည်းတွင်၊ သူတို့နေရင်းပြည်ထဲသို့ ပြန်၍မောင်းထုတ်ခံရ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်ပြည့်နှစ်မြောက် ပြီးဆုံး၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရှစ်ဆယ်တစ်နှစ်မြောက်အစတွင်၊ သူတို့သည် ဤဓားပြများအဖွဲ့ကို တစ်ဖန်ထွက်သွား၍ တိုက်လျက်၊ များစွာသောသူတို့ကို ဖျက်ဆီးကြ၏။ သူတို့သည်လည်း များစွာသော ပျက်စီးခြင်းကို တွေ့ကြုံရ၏။
၃၁ တောင်များနှင့် တောရိုင်းတို့၌ ထကြွသူ၊ ထိုဓားပြတို့အရေအတွက် အလွန်များခြင်းကြောင့်၊ တောရိုင်းထဲမှလည်းကောင်း၊ တောင်များထဲမှလည်းကောင်း သူတို့၏နေရင်းပြည်သို့ ပြန်သွားစေရန် တစ်ဖန်အနိုင်ပြုခံရကြ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထို့ကဲ့သို့အားဖြင့်၊ ဤနှစ်သည် ပြီးဆုံး၏။ ဓားပြများသည်လည်း တိုးပွားလျက်ရှိ၍၊ အားကြီးလာကြသည်မှာ၊ နီဖိုင်းအမျိုးသားတို့၏၊ ထို့အတူ၊ လာမန်အမျိုးသားတို့၏ တပ်တစ်ခုလုံးကို ကြိမ်းပသည့်တိုင်အောင်ပင်တည်း။ သူတို့သည် ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်ရှိ လူတို့ထံသို့ ကြီးစွာသော ကြောက်ရွံ့ခြင်းကိုလည်း ရောက်လာစေ၏။
၃၃ အကြောင်းမူကား၊ သူတို့သည် ထိုပြည်၏အရပ်များစွာသို့ သွား၍၊ကြီးစွာသော ဖျက်ဆီးခြင်းကို ပြုကြ၏။ ထိုမှတစ်ပါး၊ များစွာသောသူတို့ကို သတ်၍၊ အခြားသောအကျဉ်းသားများ၊ အထူးသဖြင့် သူတို့၏မိန်းမများနှင့် သူတို့၏သားသမီးများကို အဝေးသို့ သယ်ဆောင်သွားကြ၏။
၃၄ ယခုတွင်၊ လူတို့၏ဒုစရိုက်ကြောင့်၊ ရောက်လာသည့် ဤကြီးစွာသောမကောင်းမှုက သူတို့ကို သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား အောက်မေ့ဖို့ရာ တစ်ဖန်နှိုးဆော်၏။
၃၅ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်း ရှစ်ဆယ်တစ်နှစ်မြောက် ပြီးဆုံး၏။
၃၆ ရှစ်ဆယ်နှစ်နှစ်မြောက်တွင်လည်း၊ သူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို တစ်ဖန် မေ့လျော့စပြုကြ၏။ သူတို့သည် ရှစ်ဆယ်သုံးနှစ်မြောက်၌လည်း၊ ဒုစရိုက်၌ အားကြီးစပြုကြ၏။ ရှစ်ဆယ်လေးနှစ်မြောက်၌လည်း သူတို့၏အကျင့်များကို မပြုပြင်ကြ။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရှစ်ဆယ်ငါးနှစ်မြောက်၌၊ သူတို့၏ မာနနှင့် သူတို့၏ဆိုးညစ်ခြင်းတို့၌ ပို၍အားကြီးသည်ထက် အားကြီးလာကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ပျက်စီးခြင်းအတွက် တစ်ဖန် အချိန်တန်လာ၏။
၃၈ ထိုကဲ့သို့အားဖြင့်၊ ရှစ်ဆယ်ငါးနှစ်မြောက် ပြီးဆုံး၏။