အခန်းကြီး ၄
နီဖိုင်းအမျိုးသားသဘောကွဲလွဲသောသူများနှင့် လာမန်အမျိုးသားတို့သည် အင်အားစုများပူးပေါင်း၍၊ ဇရဟင်မလပြည်ကို သိမ်းယူကြ၏—နီဖိုင်းအမျိုးသားတို့၏ အရေးနိမ့်ခြင်းသည် သူတို့၏ဆိုးညစ်ခြင်းကြောင့် ကျရောက်၏—အသင်းတော်သည် လျော့ပါးဆုတ်ယုတ်လာ၏၊ လူတို့သည်လည်း လာမန်အမျိုးသားများကဲ့သို့ အားနည်းလာကြ၏။ ဘီစီ ၃၈–၃၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါးဆယ်လေးနှစ်မြောက်တွင်၊ အသင်းတော်၌ များစွာသောငြင်းခုံခြင်းများ ရှိ၏၊ များစွာသောအသွေးသွန်းလောင်းသည့်တိုင်အောင်၊ လူတို့၌ တိုက်ခိုက်ခြင်းများလည်း ရှိ၏။
၂ ပုန်ကန်သောသူအချို့သည် ကွပ်မျက်ခြင်းနှင့် ထိုပြည်မှနှင်ထုတ်ခြင်းတို့ကို ခံရ၍၊ လာမန်အမျိုးသားတို့၏မင်းကြီးထံသို့ သွားကြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်ရန် လာမန်အမျိုးသားတို့ကို နှိုးဆော်ခြင်းငှာ ကြိုးစားအားထုတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ လာမန်အမျိုးသားတို့သည် လွန်စွာကြောက်လန့်၍၊ သဘောကွဲလွဲသောသူတို့၏ စကားများကို စေ့စေ့နားမထောင်လိုကြ။
၄ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်ခြောက်နှစ်မြောက်တွင်၊ နီဖိုင်းအမျိုးသားတို့ထံမှ လာမန်အမျိုးသားတို့ဆီသို့ သွားသည့် သဘောကွဲလွဲသောသူများရှိ၏။ သူတို့သည်လည်း နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍အမျက်ထွက်စေရန် အခြားသောသူတို့ကို နှိုးဆော်ရာ၌ အောင်မြင်ကြ၏။ သူတို့သည် ထိုတစ်နှစ်လုံး၌ စစ်တိုက်ခြင်းအတွက် ပြင်ဆင်လျက်ရှိကြ၏။
၅ ငါးဆယ်ခုနစ်နှစ်မြောက်တွင်၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်ရန် ဆင်းလာကြ၏။ အသေသတ်ခြင်းအမှုကိုလည်း စတင်ကြ၏။ အမှန်စင်စစ်၊ တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်ရှစ်နှစ်မြောက်၌၊ ဇရဟင်မလပြည်၊ ထိုမှတစ်ပါး၊ အလျှံပယ်ပြည်အနီး၌ရှိသော ပြည်သို့တိုင်အောင်၊ ခပ်သိမ်းသောပြည်တို့ကို သိမ်းယူရာ၌ အောင်မြင်ကြ၏။
၆ နီဖိုင်းအမျိုးသားတို့နှင့် မော်ရော်နိဟ၏တပ်များသည်လည်း အလျှံပယ်ပြည်ထဲသို့တိုင်အောင် နှင်ထုတ်ခံရ၏။
၇ ထိုအရပ်၌ သူတို့သည် လာမန်အမျိုးသားတို့၏တစ်ဖက်တွင်၊ အနောက်မှ အရှေ့ပင်လယ်အထိ အင်အားခိုင်မာစေ၏။ ထိုနေရာမှာ၊ သူတို့အင်အားခိုင်မာစေ၍၊ သူတို့၏မြောက်ပိုင်းတိုင်းပြည်ကို ကာကွယ်ခြင်းငှာ တပ်များချထားသောနယ်ခြားစည်းတစ်လျှောက်တွင် နီဖိုင်းအမျိုးသားတစ်ဦးအတွက် တစ်နေ့ခရီးဖြစ်၏။
၈ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့၏သဘောကွဲလွဲသောသူများသည် လာမန်အမျိုးသားတို့၏ မြောက်မြားစွာသောတပ်တို့၏အကူအညီဖြင့် တောင်ဘက်လားရာပြည်၌ရှိသော၊ နီဖိုင်းအမျိုးသားတို့၏ပိုင်ဆိုင်ရာမှန်သမျှကို ရယူကြ၏။ ဤခပ်သိမ်းသောအမှုများသည်လည်း တရားသူကြီးများအုပ်စိုးခြင်း ငါးဆယ်ရှစ်နှင့် ငါးဆယ်ကိုးနှစ်မြောက်၌ ဖြစ်လေ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်နှစ်မြောက်တွင်၊ မော်ရော်နိဟသည် သူ၏တပ်များဖြင့် ထိုပြည်၏များစွာသောအရပ်တို့ကို ရယူရာ၌ အောင်မြင်၏။ ထိုမှတစ်ပါး၊ သူတို့သည် လာမန်အမျိုးသားတို့၏လက်ထဲသို့ ကျရောက်ခဲ့သည့် များစွာသောမြို့တို့ကို ပြန်လည်ရရှိကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်တစ်နှစ်မြောက်တွင်၊ သူတို့ပိုင်ဆိုင်ရာအားလုံး၏တစ်ဝက်ကိုပင် ပြန်လည်ရရှိရာ၌ အောင်မြင်ကြ၏။
၁၁ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့၌ဖြစ်သည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများမရှိလျှင်၊ ဤကြီးစွာသောဆုံးရှုံးခြင်းနှင့် သူတို့၌ဖြစ်သည့် ကြီးစွာသော သိမ်းရုံးသတ်ဖြတ်ခြင်းတို့လည်း ဖြစ်ပျက်မည်မဟုတ်။ ထိုမှတစ်ပါး၊ ယင်းအမှုတို့မှာ၊ ဘုရားသခင်၏အသင်းတော်နှင့် ဆိုင်သောသူ အယောင်ဆောင်သောသူတို့၌လည်း ရှိပေ၏။
၁၂ ထိုအမှုမှာ၊ သူတို့၏မာနစိတ်နှလုံးနှင့် သူတို့၏အလွန်များသောစည်းစိမ်ဥစ္စာများကြောင့် ဖြစ်၏။ ထိုမှတစ်ပါး၊ ယင်းအမှုသည်ကား၊ ဆင်းရဲသားတို့ကို သူတို့၏ညှဉ်းပန်းနှိပ်စက်ခြင်း၊ သူတို့၏ စားစရာကို မွတ်သိပ်သောသူတို့အား မပေးဘဲဆိုင်းငံ့ထားခြင်း၊ သူတို့၏အဝတ်များကို အဝတ်မရှိသူတို့အား မပေးဘဲဆိုင်းငံ့ထားခြင်း၊ သူတို့၏ညီအစ်ကိုတို့အား ပါးကိုရိုက်ခြင်း၊ သန့်ရှင်းမွန်မြတ်သောအရာကို ပြက်ရယ်ပြုခြင်း၊ ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်တို့ကို ငြင်းဆိုခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ လုယက်ခြင်း၊ မုသားပြောခြင်း၊ ခိုးယူခြင်း၊ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်ခြင်း၊ ကြီးစွာသောရန်တွေ့ခြင်း၌ ထကြွခြင်း၊ လာမန်အမျိုးသားတို့အကြား နီဖိုင်းပြည်သို့ ခွဲထွက်သွားခြင်းတို့ကြောင့်ပေတည်း—
၁၃ သူတို့၏ ဤကြီးစွာသောဆိုးညစ်ခြင်းနှင့် သူတို့ကိုယ်တိုင်၏ခွန်အား၌ ဝါကြွားခြင်းကြောင့်လည်း၊ သူတို့ကိုယ်တိုင်၏ခွန်အား၌ ပစ်ထား ခံရ၏။ ထို့ကြောင့်၊ သူတို့သည် မအောင်မြင်ကြ၊ ဒုက္ခရောက်ကြ၊ ပြင်းစွာအရိုက်ခံရ၊ သူတို့၏ပိုင်ဆိုင်ရာပြည်အားလုံးနီးပါးတို့ကို ဆုံးရှုံးရသည်အထိ လာမန်အမျိုးသားတို့ရှေ့မှ နှင်ထုတ် ခံရခြင်းသာရှိကြ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ မော်ရော်နိဟသည် လူတို့အား၊ သူတို့၏ဒုစရိုက်ကြောင့် များစွာသောအရာများကို ဟောပြော၏။ ထို့အတူ၊ ဟေလမန်၏သားများဖြစ်သည့် နီဖိုင်းနှင့် လေဟိတို့ကလည်း လူတို့အား များစွာသောအရာများကို ဟောပြောလျက်၊ ထိုမှတစ်ပါး၊ သူတို့၏ဒုစရိုက်များနှင့်စပ်လျဉ်းသည့် များစွာသောအရာများကိုလည်းကောင်း၊ သူတို့၏အပြစ်များမှ သူတို့နောင်တမရလျှင်၊ သူတို့အပေါ်ကျရောက်လာမည့်အရာများကိုလည်းကောင်း ပရောဖက်ပြု၍ဟောကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နောင်တရကြ၏။ သူတို့သည် နောင်တရသည်နှင့်အမျှ၊ အောင်မြင်စပြုကြ၏။
၁၆ အကြောင်းမူကား၊ မော်ရော်နိဟသည် သူတို့နောင်တရသည်ကို မြင်လျှင်၊ သူတို့ကို တစ်နေရာမှ တစ်နေရာသို့၊ ထို့အတူ မြို့တစ်မြို့မှ တစ်မြို့သို့ ပို့ဆောင်ရန် စွန့်စားသည်မှာ၊ သူတို့ဥစ္စာပစ္စည်းများ၏တစ်ဝက်နှင့် သူတို့၏ခပ်သိမ်းသောပြည်တို့၏တစ်ဝက်ကို သူတို့ပြန်လည်ရရှိခဲ့လေသည့်တိုင်အောင်ပင်တည်း။
၁၇ ထိုကဲ့သို့အားဖြင့် တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်တစ်နှစ်မြောက် ပြီးဆုံး၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ့်နှစ်နှစ်မြောက်တွင် မော်ရော်နိဟသည် လာမန်အမျိုးသားတို့ထံမှ ပိုင်ဆိုင်ရာတို့ကို မရယူနိုင်တော့။
၁၉ ထို့ကြောင့်၊ သူတို့သည် သူတို့၏ကျန်ကြွင်းသောပြည်များကို ရယူရန်အကြံအစည်ကို စွန့်လွှတ်ကြ၏။ အကြောင်းမူကား၊ လာမန်အမျိုးသားတို့မှာ အလွန်မြောက်မြားလှသဖြင့်၊ နီဖိုင်အမျိုးသားတို့အတွက် ထိုသူတို့ထက်ပို၍ကြီးသော အင်အားကို ရရှိရန်မှာ မဖြစ်နိုင်သော အခြေအနေသို့ ရောက်လာ၏။ ထို့ကြောင့်၊ မော်ရော်နိဟသည် မိမိ၏ခပ်သိမ်းသောတပ်များကို သူသိမ်းယူခဲ့လေသည့် ထိုအရပ်တို့ကို ထိန်းသိမ်းရာ၌ လုပ်ကိုင်စေ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏ အရေအတွက်များခြင်းကြောင့်၊ နီဖိုင်းအမျိုးသားတို့သည် မိမိတို့ အနိုင်ခံရ၊ ထို့အတူ နင်းချေခံရ၊ ထို့အတူ ကွပ်မျက်ခံရ၊ ထို့အတူ ဖျက်ဆီးခံရမည်တို့ကို ကြီးစွာစိုးရိမ်ကြ၏။
၂၁ ထိုမှတစ်ပါး၊ အယ်လမာ၏ပရောဖက်ပြုဟောချက်များနှင့် မောဇိယ၏စကားများကိုလည်း သတိရစပြုကြ၏။ သူတို့သည် လည်ပင်းခိုင်မာသောလူမျိုးများ ဖြစ်ကြကြောင်း၊ ထို့အတူ ဘုရားသခင်၏ပညတ်တော်များကို အလေးမထားဘဲလျစ်လျူရှု ကြကြောင်းကို သိကြ၏။
၂၂ မောဇိယ၏ပညတ်တရား၊ သို့မဟုတ်၊ လူတို့ကိုပေးရန် သူ့အား ကိုယ်တော်ရှင်မိန့်တော်မူခဲ့သည့်အရာကို ပြောင်းလဲ၍ သူတို့ခြေအောက်၌ နင်းချေကြသည်ကိုလည်း သိကြ၏။ သူတို့၏ဥပဒေများ ဖောက်ပြန်လာ၍၊ သူတို့သည် ဆိုးညစ်သောလူမျိုးများ ဖြစ်လာ၍၊ လာမန်အမျိုးသားတို့ကဲ့သို့ပင် ဆိုးညစ်ကြောင်းကိုလည်း သိကြ၏။
၂၃ သူတို့၏ဒုစရိုက်ကြောင့်၊ အသင်းတော်သည်လည်း လျော့ပါးဆုတ်ယုတ်လာစပြု၏။ သူတို့သည် ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်ကို မယုံကြည်စပြုလာကြ၏။ ဘုရားသခင်၏တရားစီရင်တော်မူခြင်းများကလည်း သူတို့မျက်နှာကို စေ့စေ့ကြည့်တော်မူ၏။
၂၄ သူတို့ညီအစ်ကို လာမန်အမျိုးသားများကဲ့သို့ အားနည်းလာကြကြောင်းနှင့် သူတို့ကို ကိုယ်တော်ရှင်၏ဝိညာဉ်တော် ကာကွယ်စောင့်မတော်မူခြင်း မရှိတော့ကြောင်းတို့ကိုလည်း သူတို့သိကြ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် မသန့်ရှင်းသောဗိမာန်များ၌ မနေထိုင်သောကြောင့်၊ သူတို့ထံမှ ထွက်ခွာတော်မူလေပြီ—
၂၅ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို သူ၏အလွန်တရာအံ့ဩဖွယ်ကောင်း၍ အတုမရှိသောတန်ခိုးတော်အားဖြင့် ကာကွယ်စောင့်မတော်မူခြင်းမှ ရန့်တန့်တော်မူ၏။ အကြောင်းမူကား၊ သူတို့သည် မယုံကြည်ခြင်းနှင့် အလွန်ဆိုးရွားသော ဆိုးညစ်ခြင်းတို့၏အခြေအနေထဲသို့ ကျရောက်ကြ၏။ သူတို့သည် လာမန်အမျိုးသားတို့မှာ၊ သူတို့ထက် အလွန်ပို၍အမြောက်အမြားရှိကြောင်းကိုလည်း သိကြ၏။ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်ကို မှီဝဲဆည်းကပ်ခြင်းမရှိလျှင်၊ ရှောင်လွှဲ၍မရဘဲပျက်စီးရကြမည်။
၂၆ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် လာမန်အမျိုးသားတို့၏ခွန်အားမှာ လူတစ်ဦးချင်းသည်ပင်၊ မိမိတို့၏ခွန်အားကဲ့သို့ အားကြီးသည်ကို သိကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဤကြီးစွာသောလွန်ကျူးခြင်းထဲသို့ လဲကျကြ၏။ အမှန်စင်စစ်၊ ထိုကဲ့သို့ များစွာမကြာသောနှစ်များအတွင်းတွင် သူတို့၏လွန်ကျူးခြင်းကြောင့် အားနည်းလာကြလေသတည်း။