နီဖိုင်းအမျိုးသားများသို့ လာမန်အမျိုးသားရှမွေလ၏ ပရောဖက်ပြုဟောချက်။
အခန်းကြီး ၁၃ မှ ၁၅ အထိဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၁၃
လာမန်အမျိုးသားရှမွေလသည် နီဖိုင်းအမျိုးသားတို့ နောင်တမရလျှင်၊ သူတို့၏ပျက်စီးခြင်းကို ပရောဖက်ပြု၍ ဟော၏—သူတို့နှင့် သူတို့၏စည်းစိမ်ဥစ္စာများသည် အကျိန်ခံရ၏—သူတို့သည် ပရောဖက်တို့ကို ငြင်းပယ်၍၊ ကျောက်ခဲနှင့်ပစ်သဖြင့် နတ်ဆိုးတို့၏ဝိုင်းပတ်ခြင်းကို ခံရ၏၊ ဒုစရိုက်ကို ပြုရာ၌ ပျော်ရွှင်ခြင်းကို ရှာဖွေကြ၏။ ဘီစီ ၆ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ရှစ်ဆယ်ခြောက်နှစ်မြောက်၌၊ လာမန်အမျိုးသားတို့သည် ဘုရားသခင်၏ပညတ်တော်များကို မောရှေ၏ညတ်တရားအတိုင်း၊ တင်းကျပ်စွာ စောင့်ထိန်းရန် အားထုတ်ကြစဉ်၊ နီဖိုင်းအမျိုးသားတို့မှာ ဆိုးညစ်ခြင်း၌ အမှန်စင်စစ်၊ ကြီးစွာသောဆိုးညစ်ခြင်း၌ ဆက်၍ရှိနေကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနှစ်၌၊ ရှမွေလအမည်ရှိသော လာမန်အမျိုးသားတစ်ဦးသည် ဇရဟင်မလပြည်ထဲသို့ ရောက်လာ၍၊ လူတို့ကို ဟောပြောစပြု၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူတို့အား နောင်တရခြင်းကို နေ့ပေါင်းများစွာကြာအောင်၊ ဟောပြော၍ သူတို့က နှင်ထုတ်သဖြင့်၊ မိမိနေရင်းပြည်သို့ ပြန်သွားတော့မည်ပြု၏။
၃ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏အသံ သူ့ထံသို့ ရောက်လာ၍ ကြားရသည်ကား၊ သူတစ်ဖန် ပြန်သွား၍ စိတ်နှလုံးထဲသို့ ဝင်လာသမျှသော အရာတို့ကို လူတို့အား ပရောဖက်ပြု၍ ဟောရမည့်အကြောင်းပေတည်း။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သူ့ကို မြို့ထဲသို့ ဝင်ရောက်ရန် အခွင့်မပေးကြ။ ထို့ကြောင့်၊ သူသည် သွား၍ ထိုမြို့တံတိုင်းပေါ်သို့တက်၏၊ လက်ကို ဆန့်၍၊ ကျယ်သောအသံနှင့် ဟစ်ကြွေးလျက်၊ သူ၏စိတ်နှလုံးထဲသို့ ကိုယ်တော်ရှင်သွင်းပေးတော်မူသော အရာမှန်သမျှကို လူတို့အား ပရောဖက်ပြု၍ ဟော၏။
၅ သူဆိုလေသည်ကား၊ ရှုလော့၊ လာမန်အမျိုးသားတစ်ဦးဖြစ်သော ငါရှမွေလသည် ငါ၏စိတ်နှလုံးထဲသို့ ကိုယ်တော်ရှင်သွင်းပေးတော်မူသည့် သူ၏နှုတ်ကပတ်တော်တို့ကို ဟောပြော၏။ ရှုဦးလော့၊ အပြစ်ပေးခြင်းဓားသည် ဤလူမျိုးတို့အပေါ်၌ မိုးမည့်အကြောင်း၊ ဤလူမျိုးတို့ကို ဟောပြောရန် နှုတ်ကပတ်တော်ကို ငါ၏စိတ်နှလုံးထဲသို့ သွင်းပေးတော်မူခဲ့၏။ နှစ်ပေါင်းလေးရာသည်လည်း ဤလူမျိုးတို့အပေါ် အပြစ်ပေးခြင်းဓား မကျရောက်မီ မကုန်လွန်ရ။
၆ ထိုမှတစ်ပါး၊ ပြင်းထန်သောဖျက်ဆီးခြင်းသည် ဤလူမျိုးတို့ကို စောင့်နေ၏၊ ထိုအမှုသည် ဤလူမျိုးသို့ ဧကန်အမှန်ရောက်လာလိမ့်မည်။ နောင်တရခြင်း၊ ထို့အတူ လောကထဲသို့ ဧကန်အမှန် ကြွလာတော်မူ၍၊ များစွာသောအရာတို့ကို ခံစားတော်မူ၍၊ သူ၏လူမျိုးတို့အတွက် ကွပ်မျက်ခံရမည့် ကိုယ်တော်ရှင်ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းတို့မှတစ်ပါး၊ အဘယ်အရာကမျှ ဤလူမျိုးတို့ကို မကယ်တင်နိုင်။
၇ ရှုဦးလော့၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်တစ်ပါးက ထိုအမှုကို ငါ့အား ဟောကြား၍၊ သူသည် ဝမ်းသာစရာသတင်းကို ငါ၏စိတ်ဝိညာဉ်ဆီသို့ ဆောင်ယူ၏။ ရှုဦးလော့၊ ဝမ်းသာစရာသတင်းကို သင်တို့ရရှိနိုင်ကြစေခြင်းငှာ၊ ထိုအရာကို သင်တို့ထံသို့လည်း ဟောပြောစေရန် ငါ့ကို စေလွှတ်တော်မူ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ငါ့ကို လက်မခံလိုကြ။
၈ ထို့ကြောင့်၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ နီဖိုင်းလူမျိုးတို့၏ စိတ်နှလုံးမာကျောခြင်းကြောင့်၊ သူတို့နောင်တမရလျှင်၊ ငါ၏နှုတ်ကပတ်တော်ကို သူတို့ထံမှ ငါဖယ်ရှားတော်မူမည်။ ငါ၏ဝိညာဉ်တော်ကိုလည်း သူတို့ထံမှ ငါနှုတ်ယူတော်မူမည်။ ငါသည် သူတို့ကို သည်းခံတော့မည်မဟုတ်ဘဲ၊ သူတို့ညီအစ်ကိုတို့၏စိတ်နှလုံးကို သူတို့အား ဆန့်ကျင်ဘက်ပြုစေမည်။
၉ ငါသည် သူတို့ကို ဒဏ်ခတ်ခြင်းမဖြစ်စေမီတွင်လည်း နှစ်ပေါင်းလေးရာ ကုန်လွန်လိမ့်မည်မဟုတ်။ ထိုမှတစ်ပါး၊ ငါသည် သူတို့ကို ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ ကာလနာဘေးဖြင့်လည်းကောင်း ဆုံးမတော်မူမည်။
၁၀ ထိုမှတစ်ပါး၊ ငါသည် သူတို့ကို ငါ၏ပြင်းစွာသောအမျက်ဖြင့် ဆုံးမတော်မူ၍၊ သင်တို့၏ရှင်းရှင်းပျက်စီးခြင်းကို မြင်ရဖို့ သင်တို့ရန်သူတို့မှ အသက်ရှင်လျက်ရှိမည်ဖြစ်သော လေးဆက်မြောက်မျိုးဆက် ရှိလိမ့်မည်။ သင်တို့နောင်တမရလျှင်၊ ဤအမှုဧကန်အမှန် ဖြစ်လာလိမ့်မည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ လေးဆက်မြောက်မျိုးဆက်မှ ထိုသူတို့သည်လည်း သင်တို့၏ပျက်စီးခြင်းကို စီရင်ကြလိမ့်မည်။
၁၁ သို့ရာတွင်၊ သင်တို့သည် နောင်တရ၍ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ ပြန်လာကြမည်ဆိုလျှင်၊ ငါ၏အမျက်တော်ကို လွှဲတော်မူမည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်ကား၊ နောင်တရ၍ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ ပြန်လာသောသူတို့သည် မင်္ဂလာရှိ၏။ သို့ရာတွင်၊ နောင်တရခြင်းမရှိသောသူသည် အမင်္ဂလာရှိ၏။
၁၂ ထိုမှတစ်ပါး၊ ဤဇရဟင်မလမြို့ကြီးသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ ထိုသို့ဖြစ်ရသည်မှာ ကယ်တင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူများကြောင့်ဖြစ်၏။ ထိုမှတစ်ပါး၊ ဤမြို့ကြီးသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ငါသိမြင်၏။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ များစွာသောသူတို့၊ အမှန်စင်စစ်၊ ငါ့ကိုဆန့်ကျင်၍ စိတ်နှလုံးကို မာကျောစေမည့်သူများဖြစ်သည့် ဤမြို့ကြီးမှ အများစုသောသူတို့ပင်ရှိ၏ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၃ သို့ရာတွင်၊ နောင်တရမည့်သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့ကို ငါသည်ချမ်းသာပေးမည်။ သို့ရာတွင်၊ ရှုလော့၊ ဤမြို့ကြီး၌ ရှိသည့် ဖြောင့်မတ်သောသူတို့အတွက် မဟုတ်လျှင်၊ ရှုလော့၊ ငါသည် မီးကို ကောင်းကင်မှ ကျဆင်းလာစေ၍၊ မြို့ကို ဖျက်ဆီးစေမည်။
၁၄ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သောသူတို့အတွက်၊ ချမ်းသာပေး၏။ သို့ရာတွင်၊ ရှုလော့၊ အချိန်ကျရောက်လာ၍၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ဖြောင့်မတ်သောသူတို့ကို သင်တို့အထဲမှ သင်တို့နှင်ထုတ်သောအချိန်၌၊ သင်တို့သည် ပျက်စီးခြင်းအတွက် အချိန်တန်ပေလိမ့်မည်။ ထိုမှတစ်ပါး၊ ဤမြို့ကြီးသည် ၎င်း၌ရှိသော ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ အမင်္ဂလာရှိ၏။
၁၅ ထိုမှတစ်ပါး၊ ဂိဒေါင်မြို့သည် မိမိ၌ရှိသည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် အမင်္ဂလာရှိ၏။
၁၆ ထိုမှတစ်ပါး၊ နီဖိုင်းအမျိုးသားတို့က ပိုင်သည့် ထိုပြည်၏ပတ်ဝန်းကျင်ရှိ ခပ်သိမ်းသောမြို့များသည် မိမိတို့မှာရှိသည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် အမင်္ဂလာရှိ၏။
၁၇ ရှုဦးလော့၊ ကောင်းကင်ဗိုယ်ခြေကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ ထိုပြည်၌ရှိသောလူမျိုးတို့၏အကျင့်ကြောင့်၊ အထူးသဖြင့်၊ သူတို့၏ဆိုးညစ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ကျိန်ခြင်းသည် ထိုပြည်အပေါ်သို့ ကျရောက်လိမ့်မည်။
၁၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်၊ အမှန်စင်စစ်၊ ငါတို့၏ကြီးမြတ်မှန်ကန်သောဘုရားသခင် မိန့်တော်မူသည်ကား၊ အကြင်သူသည် ဖြောင့်မတ်လျက်၊ ဘဏ္ဍာကို ကိုယ်တော်ရှင်ထံသို့ ဝှက်ထားခြင်းမရှိလျှင်၊ ထိုပြည်၌ ရှိသည့် ကြီးစွာသော ကျိန်ခြင်းကြောင့်၊ ဘဏ္ဍာများကို မြေကြီးထဲ၌ ဝှက်ထားသူအဘယ်သူမဆို ထိုအရာတို့ကို တစ်ဖန် မတွေ့ရတော့ လတ္တံ့။
၁၉ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါသည် သူတို့၏ဘဏ္ဍာများကို ငါ့အဖို့ဝှက်ထားစေရန် အလိုရှိ၏။ သူတို့၏ဘဏ္ဍာများကို ငါ့အဖို့ဝှက်ထားခြင်းမရှိသောသူတို့သည်လည်း ကျိန်ခြင်းကို ခံရ၏။ အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့မှတစ်ပါး၊ အဘယ်သူမျှ သူတို့၏ဘဏ္ဍာကို ငါ့အဖို့ ဝှက်ထားခြင်းမရှိ။ မိမိဘဏ္ဍာများကို ငါ့အဖို့ ဝှက်ထားခြင်းမရှိသောသူနှင့် ဘဏ္ဍာသည်လည်း ကျိန်ခြင်းကို ခံရ၏။ ထိုပြည်၌ရှိသည့် ကျိန်ခြင်းကြောင့် အဘယ်သူမျှလည်း ထိုအရာကို ရွေးယူရမည် မဟုတ်။
၂၀ သူတို့သည်လည်း မိမိတို့စိတ်နှလုံးကို စည်းစိမ်ဥစ္စာတို့အပေါ်မှာထားသောကြောင့်၊ သူတို့ဘဏ္ဍာများကို သူတို့ဝှက်ထားမည့်နေ့သည် ကျရောက်လာပေမည်။ သူတို့သည် မိမိတို့စိတ်နှလုံးကို မိမိတို့၏စည်းစိမ်ဥစ္စာတို့အပေါ်မှာထားသောကြောင့်၊ သူတို့၏ရန်သူများရှေ့မှ ထွက်ပြေးကြသောအခါ၌လည်း သူတို့ဘဏ္ဍာများကို ဝှက်ထားကြလိမ့်မည်။ သူတို့သည် ထိုအရာတို့ကို ငါ့အဖို့ ဝှက်ထားကြမည်မဟုတ်သောကြောင့်၊ ကျိန်ခြင်းခံရမည်မှာ သူတို့နှင့် သူတို့၏ဘဏ္ဍာများ ဖြစ်၏။ ထိုနေ့၌ သူတို့သည် ဒဏ်ခတ်သည်ကိုလည်း ခံရလိမ့််မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၁ အသင်၊ ဤမြို့ ကြီးမှလူတို့၊ ရှုလော့၊ ငါ၏စကားများကိုလည်း စေ့စေ့နားထောင်ကြလော့။ ကိုယ်တော်ရှင်မိန့်တော်မူသည့် စကားများကိုလည်း စေ့စေ့နားထောင်ကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သူမိန့်တော်မူသည်မှာ၊ သင်တို့သည် သင်တို့၏စည်းစိမ်ဥစ္စာများကြောင့် ကျိန်ခြင်းကို ခံကြရ၏။ သင်တို့၏စည်းစိမ်ဥစ္စာများသည်လည်း ကျိန်ခြင်းကို ခံရသည်ကား၊ သင်တို့သည် သင်တို့စိတ်နှလုံးကို ထိုအရာတို့အပေါ်၌ ထား၍၊ သင်တို့ထံသို့ ထိုအရာတို့ကို ပေးတော်မူသောသူ၏စကားများကို စေ့စေ့နားမထောင်သောကြောင့်ပေတည်း။
၂၂ သင်တို့သည် သင်တို့ကို ကောင်းချီးပေးတော်မူလေသည့်အရာတို့ ၌ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို မအောက်မေ့ကြ၊ သို့ရာတွင် သင်တို့၏စည်းစိမ်ဥစ္စာများကို အစဉ်အမြဲအောက်မေ့သော်လည်း၊ ထိုအရာတို့အတွက် သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်မချီးမွမ်းကြ။ ထိုမှတစ်ပါး၊ သင်တို့၏စိတ်နှလုံးသည် ကိုယ်တော်ရှင်ထံသို့ အာရုံမပြုကြ၊ ကြီးစွာသောမာနနှင့် ပြည့်လျက် ဝါကြွားခြင်းသို့ရောက်၍၊ ကြီးစွာသောထောင်လွှားခြင်း၊ ဂုဏ်ပြိုင်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ရန်ငြိုးထားခြင်း၊ ညှဉ်းဆဲခြင်းများ၊ ထို့အတူ လူ့အသက်ကိုသတ်ခြင်းများနှင့် အမျိုးမျိုးသော ဒုစရိုက်များသို့သာ ရောက်ကြ၏။
၂၃ ဤအကြောင်းရင်းကြောင့်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ကျိန်ခြင်းကို ထိုပြည်အပေါ်သို့၊ ထို့အတူ၊ သင်တို့၏စည်းစိမ်ဥစ္စာများအပေါ်သို့လည်း ကျရောက်စေတော်မူ၏၊ ဤအမှုမှာ သင်တို့၏ဒုစရိုက်များကြောင့်ပေတည်း။
၂၄ ထိုမှတစ်ပါး၊ သင်တို့သည် ရှေးလွန်လေပြီးသောကာလကသူများ ပြုကြသကဲ့သို့ပင် ပရောဖက်တို့ကိုနှင်ထုတ်ကြ၊ ထို့အတူ သူတို့ကို ပြက်ရယ်ပြုကြ၊ ထို့အတူ သူတို့ကို ကျောက်ခဲနှင့်ပစ်ကြ၊ ထို့အတူ သူတို့ကို ကွပ်မျက်ကြ၊ ထို့အတူ သူတို့အား အမျိုးမျိုးသော ဒုစရိုက်ကို ပြုကြသည့် ဤကျရောက်လာသောအချိန်ကြောင့် ဤလူမျိုးတို့သည် အမင်္ဂလာရှိ၏။
၂၅ ယခုမူကား၊ သင်တို့စကားပြော၍ ဆိုကြသည်ကား၊ ငါတို့၏နေ့ရက်သည် ငါတို့ရှေးဘိုးဘေးတို့၏နေ့ရက်၌ ရှိလေလျှင်၊ ငါတို့သည် ပရောဖက်တို့ကို ကွပ်မျက်ကြလိမ့်မည်မဟုတ်။ သူတို့ကို ကျောက်ခဲဖြင့်ပစ်ခြင်းနှင့် နှင်ထုတ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။
၂၆ ရှုလော့၊ သင်တို့သည် သူတို့ထက် သာ၍ဆိုးကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်အသက်ရှင်တော်မူသည့်အတိုင်း၊ ပရောဖက်တစ်ပါးသည် သင်တို့ထံသို့လာ၍၊ သင်တို့၏အပြစ်များနှင့် ဒုစရိုက်များအကြောင်း သက်သေခံသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို သင်တို့အား ဟောကြားလျှင်၊ သင်တို့သည် သူ့ကို အမျက်ထွက်လာ၍၊ သူ့ကိုနှင်ထုတ်၍၊ သူ့ကိုဖျက်ဆီးရန် အမျိုးမျိုးသော နည်းလမ်းများကို ရှာကြ၏။ ထိုမှတစ်ပါး၊ သူသည် မိစ္ဆာပရောဖက်ဖြစ်သည်ဟုလည်းကောင်း၊ သူသည် အပြစ်ရှိသူဖြစ်၍၊ သင်တို့၏အကျင့်များဆိုးကြောင်းကို သက်သေခံသောကြောင့်၊ နတ်ဆိုး၏လူဖြစ်သည်ဟုလည်းကောင်း သင်တို့ဆိုကြပေမည်။
၂၇ သို့ရာတွင်၊ ရှုလော့၊ အကြင်လူတစ်ဦးက သင်တို့ထံသို့လာ၍၊ ဤအရာကိုပြုလော့၊ ဒုစရိုက်မရှိ။ ထိုအရာကိုပြုလော့၊ သင်တို့ခံစားရမည်မဟုတ်ဟုဆို၍၊ ထိုမှတစ်ပါး၊ သူက ဆိုမည်ကား၊ သင်တို့၏မာနစိတ်နှလုံးအတိုင်း လိုက်လော့၊ ထိုမှတစ်ပါး၊ သင်တို့၏မာနမျက်လုံးအတိုင်း လိုက်၍၊ သင်တို့စိတ်နှလုံးအလိုရှိသည်အတိုင်း ပြုကြလော့—အကြင်လူတစ်ဦးက သင်တို့ထံသို့လာ၍ ဤသို့ပြောလျှင်၊ သင်တို့သည် သူ့ကိုလက်ခံ၍ သူသည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ဆိုကြပေမည်။
၂၈ ထိုမှတစ်ပါး၊ သင်တို့သည် သူ့ကို ချီးမြှောက်၍၊ သူ့ကို သင်တို့၏ဥစ္စာအချို့ကို ပေးကြမည်။ သူ့ကို သင်တို့၏ရွှေနှင့် သင်တို့၏ငွေတို့ကို ပေး၍၊ သူ့ကို အဖိုးထိုက်သောအဝတ်ဖြင့် ဝတ်ဆင်ကြမည်။ သူက သင်တို့ကို မြှောက်ပင့်သောစကားများ ပြောသောကြောင့်၊ ဖြစ်သမျှသည် ကောင်းပါ၏ဟု သူကဆိုလျှင်၊ သင်တို့သည် သူ့ ၌ အမှားကို ရှာကြမည်မဟုတ်။
၂၉ အို အသင် ဆိုးညစ်၍၊ ဖောက်ပြန်သောအမျိုးတို့၊ အသင် မာကျော၍၊ လည်ပင်းခိုင်မာသော လူမျိုးတို့ ကိုယ်တော်ရှင်သည် သင်တို့ကို အဘယ်မျှကြာအောင် သည်းခံတော်မူလိမ့်မည်ဟု ထင်မှတ်ကြသနည်း။ ထိုမှတစ်ပါး၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ မိုက်မဲ၍ မျက်စိမမြင်သည့် လမ်းပြတို့အားဖြင့် ပို့ဆောင်ခံရစေရန် အဘယ်မျှကြာအောင် အခွင့်ပေးကြမည်နည်း။ ထိုမှတစ်ပါး၊ သင်တို့သည် အဘယ်မျှကြာအောင် အလင်းထက် မှောင်မိုက်ကို ရွေးချယ်ကြမည်နည်း။
၃၀ ထိုမှတစ်ပါး၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သင်တို့ကို အမျက်ထွက်နှင့်လေပြီ။ ရှုလော့၊ သူသည် သင်တို့၏ဒုစရိုက်ကြောင့် မြေကို ကျိန်လေပြီ။
၃၁ ရှုဦးလော့၊ သင်တို့၏စည်းစိမ်ဥစ္စာတို့ကို သူကျိန်သည့်အချိန်သည် ကျရောက်လာသဖြင့် ထိုအရာတို့သည် ချော်တတ်လာ၍၊ သင်တို့မကိုင်နိုင်ကြ။ သင်တို့ဆင်းရဲနွမ်းပါးသည့်ကာလ၌လည်း ထိုအရာတို့ကို သင်တို့ထိန်းသိမ်းမထားနိုင်ကြ။
၃၂ သင်တို့ဆင်းရဲနွမ်းပါးသည့်ကာလ၌ သင်တို့သည်လည်း ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်ကြလိမ့်မည်။ အချည်းနှီးတောင်းလျှောက်ကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ဆိတ်ညံခြင်းသည် သင်တို့ထံသို့ ရောက်နှင့်လျက်၊ သင်တို့၏ပျက်စီးခြင်းကို ဧကန်အမှန်ဖြစ်စေပြီ။ သင်တို့သည်လည်း ထိုကာလ၌ ငိုကြွေး၍၊ ညည်းတွားမြည်တမ်းကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူ၏။ ထို့နောက်တွင်၊ သင်တို့မြည်တမ်း၍ ဆိုကြမည်ကား၊
၃၃ အို ငါသည် နောင်တရ၍၊ ပရာဖက်တို့ကို သတ်ခြင်း၊ ကျောက်ခဲနှင့်ပစ်ခြင်းနှင့် နှင်ထုတ်ခြင်းတို့ မရှိပါရစေနှင့်။ ထိုမှတစ်ပါး၊ ယင်းကာလ၌ သင်တို့ဆိုကြမည်ကား၊ အို ငါတို့သည် ငါတို့၏ဘုရားသခင်ကိုယ်တော်ရှင် ငါတို့အား ငါတို့၏စည်းစိမ်ဥစ္စာများကို ပေးတော်မူသောကာလ၌ သူ့ကို အောက်မေ့ကြသဖြင့်၊ ထိုအရာတို့ကို ဆုံးရှုံးရစေရန် ချော်တတ်လာခြင်းမရှိပါစေနှင့်။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့၏စည်းစိမ်ဥစ္စာများသည် ငါတို့ထံမှ ထွက်သွားလေပြီ။
၃၄ ရှုလော့၊ ငါတို့သည် ဤအရပ်၌ ကိရိယာကိုချထား၍ နက်ဖြန်နေ့၌ ထိုအရာသည် ထွက်သွား၏။ ရှုဦးလော့၊ တိုက်ပွဲအတွက် ငါတို့၏ဓားများကို ရှာသောကာလ၌ ငါတို့ထံမှ သိမ်းယူသွားခံရ၏။
၃၅ ထိုမှတစ်ပါး၊ ငါတို့၏ဘဏ္ဍာများကို ဝှက်ထားသော်လည်း၊ ထိုပြည်၌ရှိသည့် ကျိန်ခြင်းကြောင့်၊ ငါတို့ထံမှချော်ထွက်သွားလေပြီ။
၃၆ အို ငါတို့သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော် ငါတို့ထံသို့ရောက်သည့် ကာလ၌ နောင်တရကြပါစေသော်။ အကြောင်းမူကား၊ ရှုလော့၊ ထိုပြည်သည် ကျိန်ခြင်းကို ခံရ၍ အရာတို့သည် ချော်တတ်လာသဖြင့်၊ ငါတို့ကိုင်မထားနိုင်ကြ။
၃၇ ရှုလော့၊ ငါတို့သည် နတ်ဆိုးတို့ဖြင့် ဝိုင်းထားခံရ၏၊ ထိုမှတစ်ပါး၊ ငါတို့စိတ်ဝိညာဉ်တို့ကို ဖျက်ဆီးရန်ကြိုးစားအားထုတ်သော ထိုသူ၏တမန်တို့ဖြင့် ဝိုင်းပတ်ထားခံရကြ၏။ ရှုလော့၊ ငါတို့၏ ဒုစရိုက်များမှာ၊ ကြီးမားလှ၏။ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏အမျက်တော်ကို အကျွန်ုပ်တို့ထံမှ မလွှဲနိုင်သလော။ ဤအရာသည်လည်း ထိုကာလများ၌ သင်တို့၏ဘာသာစကားဖြစ်လိမ့်မည်။
၃၈ သို့ရာတွင်၊ ရှုလော့၊ သင်တို့၏အစမ်းသပ်ခံကာလများကုန်လွန်ပေပြီ။ သင်တို့၏ကယ်တင်ခြင်းကာလကို အစဉ်ထာဝရအလွန်နောက်ကျသည့်တိုင်အောင် သင်တို့ဖင့်နွှဲလျက်၊ သင်တို့၏ပျက်စီးခြင်းကို ဧကန်အမှန်ဖြစ်စေ၏။ အကြောင်းမူကား၊ သင်တို့သည် သင်တို့မရရှိနိုင်သည့်အရာကို သင်တို့အသက်တာ၏ကာလတစ်ခုလုံး၌ ကြိုးစားအားထုတ်ကြလေပြီ။ ထို့အတူ၊ သင်တို့သည် ငါတို့၏ထာဝရအကြီးအကဲ၏ ဖြောင့်မတ်ခြင်းသဘောနှင့် ဆန့်ကျင်သည့်အရာဖြစ်သည့် ဒုစရိုက်ကိုပြုခြင်း၌ ပျော်ရွှင်ခြင်းကို ရှာကြလေပြီ။
၃၉ အို အသင် ထိုပြည်၏လူမျိုးတို့၊ သင်တို့သည် ငါ၏စကားများကို ကြားကြပါစေ။ ငါသည်လည်း ကိုယ်တော်ရှင်၏အမျက်တော်ကို သင်တို့ထံမှ ငြိမ်းစေခြင်းငှာ၊ ထို့အတူ သင်တို့နောင်တရ၍ ကယ်တင်ခြင်းသို့ ရောက်ကြစေခြင်းငှာ ဆုတောင်း၏။