အခန်းကြီး ၁၅
ကိုယ်တော်ရှင်သည် နီဖိုင်းလူမျိုးတို့ကို ချစ်တော်မူသောကြောင့် ဆုံးမတော်မူ၏—ပြောင်းလဲသောလာမန်အမျိုးသားတို့သည် ယုံကြည်ခြင်း၌ ခိုင်မာလျက်၊ မြဲမြံစွာရှိကြ၏—ကိုယ်တော်ရှင်သည် လာမန်အမျိုးသားတို့ကို နောက်ပိုင်းကာလများ၌ ကရုဏာကြီးတော်မူလိမ့်မည်။ ဘီစီ ၆ ခန့်။
၁ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့သည် နောင်တမရလျှင်၊ သင်တို့နေအိမ်များသည် သင်တို့၌ လူဆိတ်ညံ၍ ကျန်ရစ်မည်ဖြစ်ကြောင်း ငါဟောကြား၏။
၂ ထိုမှတစ်ပါး၊ သင်တို့သည် နောင်တမရလျှင်၊ သင်တို့၏မိန်းမများသည် နို့တိုက်သောကာလ၌ ငိုကြွေးမြည်တမ်းရန် ကြီးစွာသော အကြောင်းရင်း ရှိလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ထွက်ပြေးရန် ကြိုးစားအားထုတ်၍၊ ခိုလှုံရာအရပ် မရှိဘဲနေလိမ့်မည်။ ထိုမှတစ်ပါး၊ ပဋိသန္ဓေတည်သောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် လေးလံ၍ ထွက်မပြေးနိုင်ကြ။ ထို့ကြောင့်၊ သူတို့သည် နင်းချေခံရ၍၊ ပျက်စီးစေရန် ချန်ထားခံရလိမ့်မည်။
၃ ထိုမှတစ်ပါး၊ နီဖိုင်းလူမျိုးဟုခေါ်သော ဤလူမျိုးတို့သည် သူတို့ထံသို့ ပြတော်မူမည့် ခပ်သိမ်းသော ဤနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကို မြင်ရသောအချိန်၌ နောင်တမရလျှင် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ကိုယ်တော်ရှင်၏ ရွေးကောက်တော်မူသော လူမျိုးဖြစ်၏။ ထိုမှတစ်ပါး၊ နီဖိုင်းလူမျိုးတို့ကိုချစ်တော်မူ၍၊ ဆုံးမတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့ကို ချစ်တော်မူသောကြောင့်၊ သူတို့၏ဒုစရိုက်ကာလများ၌ ဆုံးမတော်မူ၏။
၄ သို့ရာတွင်၊ ငါ၏ညီအစ်ကိုတို့၊ ရှုလော့၊ လာမန်အမျိုးသားတို့ကို သူမုန်းတော်မူသည်ကား၊ သူတို့၏အကျင့်များမှာ အစဉ်မပြတ်ဆိုးလေသောကြောင့်ပင်တည်း။ ဤသို့ဖြစ်ရသည်မှာ၊ သူတို့ဘိုးဘေးတို့နည်းဥပဒေသ၏ ဒုစရိုက်ကြောင့်ဖြစ်၏။ သို့ရာတွင်၊ ရှုလော့၊ ကယ်တင်ခြင်းသည် နီဖိုင်းအမျိုးသားတို့၏ဟောပြောခြင်းအားဖြင့် သူတို့ထံသို့ ရောက်လာ၏။ ဤရည်ရွယ်ချက်ကြောင့်လည်း၊ ကိုယ်တော်ရှင်သည် သူတို့၏အသက်တာကို ရှည်စေတော်မူ၏။
၅ သူတို့မှအများစုသည် သူတို့တာဝန်၏လမ်း၌ရှိပြီး၊ ဘုရားသခင်ရှေ့၌ စေ့စေ့မြေ့မြေ့ကျင့်ဆောင်၍၊ သူ၏ပညတ်တော်များ၊ သူ၏ထုံးဥပဒေသများနှင့် သူ၏စီရင်တော်မူချက်များကို မောရှေ၏ပညတ်တရားအတိုင်းစောင့်ထိန်းရန် အားထုတ်ကြကြောင်း သင်တို့ သတိပြုစေရန် ငါအလိုရှိ၏။
၆ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့အများစုသည် ဤအမှုကို ပြု၍၊ သူတို့၏ကျန်ကြွင်းသောညီအစ်ကိုတို့ကို သမ္မာတရားကို သိခြင်းသို့ ဆောင်ယူနိုင်ခြင်းငှာ၊ လုံ့လဝီရိယဖြင့် မမောမပန်းကြိုးစားအားထုတ်လျက်ရှိကြ၏။ ထို့ကြောင့်၊ သူတို့၏အရေအတွက်သို့ နေ့စဉ်ထပ်ပေါင်းသောသူ များစွာရှိ၏။
၇ ရှုဦးလော့၊ သင်တို့သည် သင်တို့ကိုယ်တိုင်အားဖြင့် သိသောကြောင့်၊ သက်သေခံကြသည်မှာ၊ သူတို့မှ ရှိသမျှသည် သမ္မာတရားကိုသိခြင်းနှင့် သူတို့ဘိုးဘေးတို့၏ ဆိုးညစ်၍၊ စက်ဆုပ်ရွံရှာဖွယ်သော နည်းဥပဒေသများကို သိစေခြင်းငှာ ဆောင်ယူခြင်းခံရကြောင်း၊ ထို့အတူ၊ သန့်ရှင်းသောကျမ်းစာများ၊ အထူးသဖြင့်၊ ရေးထားသည့်၊ သူတို့ကို ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းနှင့် နောင်တရခြင်းသို့ ပို့ဆောင်သည့် သန့်ရှင်းသောပရောဖက်တို့၏ ပရောဖက်ပြုဟောချက်များကို ယုံကြည်ခြင်းသို့ ပို့ဆောင်ကြောင်းနှင့် ထိုယုံကြည်ခြင်းနှင့် နောင်တရခြင်းက သူတို့ထံသို့ စိတ်နှလုံး၏ပြောင်းလဲခြင်းကို ဆောင်ယူကြောင်းတို့ပင်တည်း—
၈ ထို့ကြောင့်၊ ဤအမှုသို့ ရောက်လေသမျှသောသူသည် ယုံကြည်ခြင်း၌လည်းကောင်း၊ သူတို့ကို လွတ်လပ်စေသောအရာတို့၌လည်းကောင်း ခိုင်မာ၍၊ မြဲမြံကြကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။
၉ သင်တို့သည် သူတို့၏စစ်တိုက်ရာလက်နက်များကို သူတို့မြေမြှုပ်ကြကြောင်းကိုလည်း သိကြ၏။ တစ်နည်းနည်းဖြင့် အပြစ်ပြုမိမည်ကို စိုးရိမ်သဖြင့် ဖော်ယူရန်လည်း ကြောက်ရွံ့ကြ၏။ ထိုမှတစ်ပါး၊ သူတို့အပြစ်ပြုရန် ကြောက်ရွံ့ကြောင်းကို သိမြင်နိုင်ကြ၏—အကြောင်းမူကား၊ သူတို့၏ရန်သူများအားဖြင့် နင်းချေ၍ ကွပ်မျက်ခံရစေရန် သူတို့ကိုယ်သူတို့ အခွင့်ပေးကြလိမ့်မည်။ ထိုသူတို့ကို ဆန့်ကျင်၍ မိမိတို့ဓားများကို မြှောက်ကြမည်မဟုတ်။ ဤအမှုများသည်ကား၊ ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းကြောင့်ပေတည်း။
၁၀ ယခုမူကား၊ သူတို့ယုံကြည်သည့်အရာကို ယုံကြည်သောအခါ၌ သူတို့၏မြဲမြံခြင်းကြောင့်၊ သူတို့သည် အလင်းသို့ တစ်ခါရောက်ချိန်၌ သူတို့၏ခိုင်မြဲခြင်းကြောင့်၊ ရှုလော့၊ သူတို့၏ဒုစရိုက်ရှိသော်ငြားလည်း ကိုယ်တော်ရှင်သည် သူတို့ကို ကောင်းချီးပေး၍၊ သူတို့၏အသက်တာကို ရှည်စေတော်မူလိမ့်မည်—
၁၁ ထိုမှတစ်ပါး၊ သူတို့ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာကြသော်လည်း၊ ကိုယ်တော်ရှင်သည် သူတို့၏အသက်တာကို ရှည်တော်မူစေသည်မှာ၊ ငါတို့ညီအစ်ကို လာမန်အမျိုးသားတို့ကို သမ္မာတရားကိုသိခြင်းသို့ တစ်ဖန်ပြန်လည်ဆောင်ယူခြင်းအကြောင်း ငါတို့ဘိုးဘေးတို့က၊ ထို့အတူ ပရောဖက်ဇေနုတ်က၊ ထို့အတူ အခြားသောပရောဖက်များဟောကြားသည့် အချိန်ကာလ ကျရောက်လာသည့်တိုင်အောင်ပင်တည်း—
၁၂ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ နောက်ပိုင်းကာလများ၌ ကိုယ်တော်ရှင်၏ကတိတော်များကို ငါတို့ညီအစ်ကို လာမန်အမျိုးသားများသို့ ပေးထားတော်မူ၏။ သူတို့၌ရှိမည့် များစွာသော ဆင်းရဲဒုက္ခများ ရှိသော်ငြားလည်း၊ သူတို့သည် မြေကြီးမျက်နှာပြင်ပေါ်၌ အရပ်ရပ်သို့ နှင်ထုတ်ခံရ၍၊ နောက်ကလိုက်၍ အရှာခံရ၊ ထို့အတူ၊ ပြင်းစွာအရိုက်ခံရလျက် အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲ၍၊ ခိုလှုံရာမရှိဘဲနေကြမည် ဖြစ်သော်ငြားလည်း ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာကြီးတော်မူလိမ့်မည်။
၁၃ ဤအမှုသည်ကား၊ သူတို့၏ရွေးနှုတ်ရှင်၊ ထို့အတူ သူတို့၏ကြီးမြတ်မှန်ကန်သော သိုးထိန်းကို သိခြင်းဖြစ်သည့် မှန်သောသိခြင်းသို့ တစ်ဖန်ဆောင်ယူခြင်းကို ခံရ၍၊ သူ၏သိုးများ၌ ရေတွက်ခံရမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောချက်အတိုင်းဖြစ်လေသတည်း။
၁၄ ထို့ကြောင့်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တမရကြလျှင်၊ သင်တို့အတွက်ထက်၊ သူတို့အတွက် သာ၍ကောင်းပေလိမ့်မည်။
၁၅ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ပြတော်မူလေသည့် ကြီးစွာသောအမှုများကို သူတို့ထံသို့၊ အထူးသဖြင့်၊ သူတို့ဘိုးဘေးတို့၏နည်းဥပဒေသများကြောင့်၊ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာလေသော သူများထံသို့ ပြတော်မူလေလျှင်၊ သူတို့အဘယ်တော့မျှ တစ်ဖန် ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာခဲ့လေမည် မဟုတ်ကြောင်း သင်တို့ကိုယ်တိုင်သိနိုင်ကြ၏။
၁၆ ထို့ကြောင့်၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ ငါသည် သူတို့ကို ရှင်းရှင်းဖျက်ဆီးတော်မူမည်မဟုတ်၊ ငါ့ဉာဏ်ပညာတော်၏ကာလ၌ သူတို့ကို ငါ့ထံသို့ တစ်ဖန်ပြန်လာစေတော်မူမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၇ ယခုမူကား၊ ရှုလော့၊ နီဖိုင်းလူမျိုးတို့နှင့်စပ်လျဉ်း၍ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သူတို့သည် နောင်တမရကြ၊ ငါ၏အလိုတော်ကို လုပ်ဆောင်ရန် အားမထုတ်ကြလျှင်၊ ငါသည် သူတို့ကို ရှင်းရှင်းဖျက်ဆီးမည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သူတို့၌ ငါပြုထားတော်မူသည့် ကြီးစွာသောအမှုများစွာရှိသော်ငြားလည်း သူတို့၏မယုံကြည်ခြင်းကြောင့်၊ ကိုယ်တော်ရှင်အသက်ရှင်တော်မူသည့်အတိုင်း၊ ဤအရာများ ဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။