ဟေလမန်ကျမ်း
နီဖိုင်းအမျိုးသားတို့အကြောင်းမှတ်တမ်း။ သူတို့၏စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများနှင့် ငြင်းခုံခြင်းများ။ ဟေလမန်၏သားဖြစ်သူ ဟေလမန်၏မှတ်တမ်းများအတိုင်း၊ ထို့အတူ၊ သူ့သားများ၏မှတ်တမ်းများအတိုင်း၊ ခရစ်တော်၏ကြွလာတော်မူခြင်းမတိုင်မီမှ၊ ခရစ်တော်ကြွလာတော်မူခြင်းအထိ သန့်ရှင်းသောပရောဖက်တို့၏ ပရောဖက်ပြုဟောချက်များ။ များစွာသောလာမန်အမျိုးသားတို့သည် ပြောင်းလဲကြ၏။ သူတို့၏ပြောင်းလဲခြင်းအကြောင်း မှတ်တမ်း။ ဟေလမန်ကျမ်းဟုခေါ်သည့် ခရစ်တော်ကြွလာတော်မူခြင်းအထိ၊ ဟေလမန်နှင့်သူ့သားများ၏မှတ်တမ်းအတိုင်း လာမန်အမျိုးသားတို့၏ဖြောင့်မတ်ခြင်း၊ နီဖိုင်းအမျိုးသားတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများအကြောင်း မှတ်တမ်းနှင့် စသည့်အရာများ။
အခန်းကြီး ၁
ဒုတိယပါဟောရန်သည် တရားသူကြီးချုပ်ဖြစ်လာပြီး၊ ခိရှခူမင်အားဖြင့် အသတ်ခံရ၏—ပါကူမေနိသည် တရားပလ္လင်၌ ထမ်းဆောင်၏—ကောရန္တူမာသည် လာမန်အမျိုးသားတပ်များကို ဦးဆောင်၍၊ ဇရဟင်မလကို သိမ်းယူ၍၊ ပါကူမေနိကို ကွပ်မျက်၏—မော်ရော်နိဟသည် လာမန်အမျိုးသားတို့ကို အနိုင်ရ၍၊ ဇရဟင်မလကို ပြန်လည်သိမ်းယူ၏၊ ကော်ရန္တူမာလည်း ကွပ်မျက်ခံရ၏။ ဘီစီ ၅၂–၅၀ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်နှစ်မြောက်အစတွင်၊ နီဖိုင်းလူမျိုးတို့၌ ပြင်းထန်သောအခက်အခဲရှိစပြု၏။
၂ အကြောင်းမူကား၊ ရှုလော့၊ ပါဟောရန်သေ၍၊ မြေကြီးပေါ်မှာ နေထိုင်သူခပ်သိမ်းတို့၏ သွားရာလမ်းသို့ သွားလေသဖြင့်၊ ပါဟောရန်၏သားများဖြစ်သော ညီအစ်ကိုတို့ကြား၌ အဘယ်သူသည် တရားပလ္လင်ကို ရသင့်သည်ဟူသောအကြောင်းနှင့်စပ်လျဉ်း၍ ပြင်းထန်သောငြင်းခုံခြင်း ရှိစပြု၏။
၃ ယခုတွင်၊ ပါဟောရန်၊ ပန်းခိနှင့် ပါကူမေနိတို့သည်ကား၊ တရားပလ္လင်အတွက် ယှဉ်ပြိုင်သောသူ၊ လူများကိုလည်း ယှဉ်ပြိုင်စေသောသူတို့၏ အမည်များဖြစ်၏။
၄ ယခုတွင်၊ ဤသူတို့မှာ ပါဟောရန်၏သားအားလုံးမဟုတ်သေး (သူ့တွင် များစွာရှိသောကြောင့်)၊ သို့ရာတွင်၊ ဤသူတို့သည်ကား၊ တရားပလ္လင်အတွက် ယှဉ်ပြိုင်သောသူများဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် လူတို့၌ အသင်းအဖွဲ့သုံးဖွဲ့ကို ဖြစ်စေ၏။
၅ အဘယ်သို့ပင်ဖြစ်စေ၊ အချိန်တန်လာသောအခါ၊ ပါဟောရန်သည် နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးချုပ်နှင့် အုပ်ချုပ်သူအဖြစ်၊ လူတို့၏မဲဆန္ဒဖြင့် ခန့်အပ်ခံရ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ပါကူမေနိသည် တရားပလ္လင်ကို မရရှိနိုင်ကြောင်း သိမြင်လျှင်၊ လူတို့၏ဆန္ဒနှင့် ပူးပေါင်း၏။
၇ သို့ရာတွင်၊ ရှုလော့၊ ပန်းခိနှင့်အတူ၊ သူ့ကို သူတို့၏အုပ်ချုပ်သူဖြစ်စေရန် အလိုရှိသည့် ထိုလူအချို့မှာ လွန်စွာအမျက်ထွက်ကြ၏။ ထို့ကြောင့်၊ သူသည် သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ ပုန်ကန်ထကြွစေခြင်းငှာ၊ ထိုလူတို့ကို မြှောက်ပင့်ပြောဆို၍သွေးဆောင်တော့မည်ပြု၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဤအမှုကို ပြုတော့မည့်အချိန်တွင်၊ ရှုလော့၊ ဖမ်းဆီးခံရ၏၊ လူတို့၏ဆန္ဒအတိုင်းစီရင်၍၊ သေဒဏ်ချမှတ် ခံရ၏။ အကြောင်းမူကား၊ သူသည် ပုန်ကန်ထကြွ၍၊ လူတို့၏လွတ်လပ်ခြင်းကို ဖျက်ဆီးခြင်းငှာ ကြိုးစားအားထုတ်၏။
၉ ယခုတွင်၊ သူ့ကို မိမိတို့၏အုပ်ချုပ်သူဖြစ်စေရန် အလိုရှိသည့် ထိုလူတို့သည် သူ့အား သေဒဏ်ချမှတ်ခံရကြောင်း သိကြလျှင်၊ အမျက်ထွက်ကြ၏။ ရှုဦးလော့၊ သူတို့သည် ခိရှခူမင်အမည်ရှိသောသူတစ်ဦးကို ပါဟောရန်၏တရားပလ္လင်သို့ပင် စေလွှတ်၍၊ ပါဟောရန်ကို တရားပလ္လင်ပေါ်၌ထိုင်နေစဉ်တွင် သတ်၏။
၁၀ သူသည်လည်း ပါဟောရန်၏ကျွန်တို့အားဖြင့် အလိုက်ခံရ၏။ သို့ရာတွင်၊ ရှုလော့၊ ခိရှခူမင်ထွက်ပြေးခြင်းမှာ အလွန်မြန်ဆန်သဖြင့်၊ အဘယ်သူမျှ မမီနိုင်။
၁၁ သူသည်လည်း မိမိကိုစေလွှတ်ခဲ့သောသူတို့ထံသွား၍၊ သူတို့အားလုံးသည် ပဋိညာဉ်တစ်ခုကိုပြုလျက်၊ အထူးသဖြင့်၊ ပါဟောရန်ကို ခိရှခူမင်သတ်ကြောင်း အဘယ်သူ့ကိုမျှ ပြောပြလိမ့်မည်မဟုတ်ဟု သူတို့၏ထာဝရတည်မြဲသည့် ဖန်ဆင်းတော်မူသောအရှင်ကို တိုင်တည်၍ ကျိန်ဆိုကြ၏။
၁၂ ထို့ကြောင့်၊ ခိရှခူမင်ကို နီဖိုင်းလူမျိုးတို့၌ မသိကြ။ အကြောင်းမူကား၊ သူသည် ပါဟောရန်ကိုသတ်သောအချိန်၌ ခြားနားသောအယောင်ကို ဆောင်၏။ ထို့အတူ၊ ခိရှခူမင်နှင့်အတူ၊ သူနှင့်ပဋိညာဉ်ပြုသည့်အဖွဲ့တို့သည် သူတို့ကိုယ်သူတို့ လူတို့ကြား၌ သူတို့အားလုံးကို ရှာဖွေ၍မတွေ့နိုင်သော နည်းမျိုးဖြင့်၊ ရောနှောနေကြ၏။ သို့ရာတွင်၊ ရှာဖွေ၍တွေ့ရှိသူမှန်သမျှသည်လည်း သေဒဏ်ချမှတ်ခံရ၏။
၁၃ ယခုမူကား၊ ရှုလော့၊ ပါကူမေနိသည် သူ့အစ်ကို ပါဟောရန်အစား အုပ်ချုပ်ရန် လူတို့အပေါ်၌ တရားသူကြီးချုပ်နှင့် အုပ်ချုပ်သူအဖြစ်၊ လူတို့၏မဲဆန္ဒအတိုင်း ခန့်အပ်ခံရ၏။ ထိုအမှုမှာ၊ သူ၏အခွင့်အရေးအတိုင်းဖြစ်၏။ ဤခပ်သိမ်းသောအမှုတို့သည် တရားသူကြီးများအုပ်စိုးခြင်းလေးဆယ်နှစ်မြောက်တွင် ဖြစ်ခဲ့လေ၏။ ထိုနှစ်သည်လည်း ပြီးဆုံး၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်တစ်နှစ်မြောက်တွင်၊ လာမန်အမျိုးသားတို့သည် မရေတွက်နိုင်သောတပ်သားများကို အတူတကွစုဝေးလျက်၊ သူတို့ကို ဓားများနှင့်လည်းကောင်း၊ ဓားကောက်များနှင့်လည်းကောင်း၊ လေးတို့နှင့်လည်းကောင်း၊ မြားတို့နှင့်လည်းကောင်း၊ ဦးခေါင်းတန်ဆာတိုနှင့်လည်းကောင်း၊ အမျိုးမျိုးသောဒိုင်းမှန်သမျှတို့နှင့်လည်းကောင်း လက်နက်စွဲကိုင်စေ၏။
၁၅ သူတို့သည် နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်၍ စစ်တိုက်နိုင်ခြင်းငှာ၊ တစ်ဖန်ဆင်းလာပြန်၏။ သူတို့ကို ကော်ရန္တူမာအမည်ရှိသောသူက ဦးဆောင်၏။ ထိုသူသည် ဇရဟင်မလ၏အမျိုးအနွယ်တစ်ဦးဖြစ်၏။ နီဖိုင်းအမျိုးသားတို့နှင့် သဘောကွဲလွဲသောသူတစ်ဦးလည်းဖြစ်၏။ ကြီးမား၍၊ အားကြီးသောသူတစ်ဦးလည်းဖြစ်၏။
၁၆ ထို့ကြောင့်၊ အမ်မော်ရုန်၏သားဖြစ်သူ၊ တာဗောလုတ်အမည်ရှိသည့် လာမန်အမျိုးသားတို့၏မင်းကြီးသည် ကော်ရန္တူမာအား၊ အားကြီးသောသူတစ်ဦးဖြစ်၍၊ သူ၏ခွန်အားနှင့်အတူ၊ သူ၏ကြီးစွာသောဉာဏ်ပညာတို့ဖြင့် နီဖိုင်းအမျိုးသားတို့ကို တိုက်ခိုက်နိုင်၍ သူ့ကိုစေလွှတ်ခြင်းအားဖြင့်၊ နီဖိုင်းအမျိုးသားတို့အပေါ် အစိုးရနိုင်လိမ့်မည်ဟု ထင်မှတ်၏—
၁၇ ထို့ကြောင့်၊ သူတို့ကို အမျက်ထွက်စေရန် နှိုးဆော်၍၊ မိမိတပ်များကို အတူတကွစုဝေးပြီးလျှင်၊ ကော်ရန္တူမာကို သူတို့၏အကြီးအကဲအဖြစ်ခန့််အပ်၍၊ သူတို့အား နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်ရန် ဇရဟင်မလပြည်သို့ ချီတက်စေ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အလွန်များစွာသောရန်တွေ့ခြင်းနှင့် အစိုးရ၌ အလွန်များစွာသောအခက်အခဲတို့ကြောင့်၊ ဇရဟင်မလပြည်၌ လုံလောက်သောအစောင့်များကို ချမထားကြ။ အကြောင်းမူကား၊ သူတို့သည် လာမန်အမျိုးသားတို့ ထိုဇရဟင်မလမြို့ကြီးကို တိုက်ခိုက်ရန် မိမိတို့ပြည်၏အလယ်သို့ လာဝံ့ကြမည်မဟုတ်ဟု ထင်မှတ်ကြ၏။
၁၉ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ ကော်ရန္တူမာသည် သူ၏မြောက်မြားစွာသောဗိုလ်ခြေတို့၏တပ်ဦးမှနေ၍ ရှေ့သို့ချီတက်ပြီးလျှင်၊ မြို့၌နေထိုင်သောသူတို့ကို လာ၍တိုက်ခိုက်၏။ သူတို့၏ချီတက်ခြင်းမှာ အလွန်ကြီးစွာသောလျင်မြန်ခြင်းနှင့်ဖြစ်၍၊ နီဖိုင်းအမျိုးသားတို့အဖို့ မိမိတို့တပ်များကို အတူတကွစုဝေးရန် အချိန်မရကြ။
၂၀ ထို့ကြောင့်၊ ကော်ရန္တူမာသည် မြို့တံခါးပေါက်အနီးရှိ အစောင့်ကို ခုတ်ချ၍၊ သူ၏တပ်တစ်ခုလုံးဖြင့် မြို့ထဲသို့ ချီတက်၍၊ သူတို့အား ခုခံသောသူမှန်သမျှကို ကွပ်မျက်လျက်၊ မြို့တစ်မြို့လုံးကို သိမ်းယူကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးချုပ်ဖြစ်သူ ပါကူမေနိသည် ကော်ရန္တူမာ၏ရှေ့မှနေ၍ မြို့တံတိုင်းများအထိ ထွက်ပြေး၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တံတိုင်းကို မှီစဉ် ကော်ရန္တူမာက ပြင်းစွာရိုက်သဖြင့်၊ သေ၏။ ထိုကဲ့သို့အားဖြင့်၊ ပါကူမေနိ၏အသက်တာပြီးဆုံး၏။
၂၂ ယခုမူကား၊ ကော်ရန္တူမာသည် ဇရဟင်မလမြို့ကို သူပိုင်ဆိုင်ကြောင်းသိမြင်၏၊ ထို့အတူ၊ နီဖိုင်းအမျိုးသားတို့ သူတို့ရှေ့မှထွက်ပြေးကြ၊ ကွပ်မျက်ခံရကြ၊ ဖမ်းဆီးခံရကြ၊ ထောင်ထဲ၌လှောင်ထားခံရကြကြောင်း၊ ထို့အတူ၊ ထိုပြည်တစ်ခုလုံးရှိ အခိုင်မာဆုံးစခန်းကိုလည်း သူရယူကြောင်းကို သိမြင်သောအခါ၊ သူ့စိတ်နှလုံးသည် ရဲရင့်၍၊ ပြည်တစ်ခုလုံးကို သွား၍တိုက်တော့မည်ကဲ့သို့ရှိလေ၏။
၂၃ ယခုမူကား၊ သူသည် ဇရဟင်မလပြည်ထဲ၌ တည်းခိုမနေ၊ ကြီးစွာသောတပ်နှင့်အတူ၊ အလျှံပယ်မြို့ဆီသို့ပင် ချီတက်၍သာသွား၏။ အကြောင်းမူကား၊ သူ၏သန္နိဌာန်မှာ ထိုပြည်၏ မြောက်ပိုင်းအရပ်တို့ကို ရယူနိုင်ခြင်းငှာ ထွက်သွား၍ လမ်းတစ်လျှောက်တွင်၊ ဓားဖြင့်တိုက်ခိုက်သွားရန်ဖြစ်၏။
၂၄ အကြီးမားဆုံးသောခွန်အားမှာ ထို့ပြည်၏အလယ်၌ ရှိလေပြီဟု တွေးတောလျက်၊ ထို့ကြောင့်၊ သူသည် ချီတက်သွား၍၊ အဖွဲ့ငယ်များမှတစ်ပါး၊ သူတို့ကိုယ်သူတို့ အတူတကွစည်းဝေးစေရန် အချိန်မပေး။ ဤကဲ့သို့အားဖြင့်၊ တိုက်ခိုက်၍ မြေကြီးသို့တိုင်အောင် ခုတ်ချကြ၏။
၂၅ သို့ရာတွင်၊ ရှုလော့၊ ကွပ်မျက်ခံရသော နီဖိုင်းအမျိုးသားတို့၏ အရေအတွက်များလှသော်ငြားလည်း၊ ထိုပြည်၏အလယ်သို့ ကော်ရန္တူမာ၏ ဤသို့ချီတက်ခြင်းက မော်ရော်နိဟအတွက် သူတို့အပေါ် ကြီးစွာအခွင့်သာခြင်းကို ရစေ၏။
၂၆ အကြောင်းမူကား၊ ရှုလော့၊ မော်ရော်နိဟသည် လာမန်အမျိုးသားတို့ ထိုပြည်၏အလယ်ထဲသို့ မလာဝံ့၊ ယခင်က ပြုခဲ့သကဲ့သို့ပင် နယ်နိမိတ်ပတ်ဝန်းကျင်ဒေသရှိ မြို့များကိုသာ တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်၏။ ထိုကြောင့်၊ မော်ရော်နိဟသည် မိမိတို့၏အားကြီးသော တပ်များကို နယ်နိမိတ်အနီး ထိုပတ်ဝန်းကျင်အရပ်တို့ကို ထိန်းသိမ်းစေ၏။
၂၇ သို့ရာတွင်၊ ရှုလော့၊ လာမန်အမျိုးသားတို့သည် သူအလိုရှိသလို မကြောက်လန့်ကြ၊ ထိုပြည်၏အလည်ထဲသို့သာ ဝင်လာပြီး၊ ဇရဟင်မလမြို့ဖြစ်သည့် မြို့တော်ကို သိမ်းယူ၏၊ ထိုပြည်၏အဓိကဖြစ်သောအရပ်များဆီသို့ ချီတက်၍၊ လူများ၊ ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်တို့ကို ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်၍၊ များစွာသောမြို့များနှင့် များစွာသောအခိုင်အမာစခန်းများကို သိမ်းယူကြ၏။
၂၈ သို့ရာတွင်၊ မော်ရော်နိဟသည် ဤအမှုကို တွေ့ရှိလျှင်၊ ထိုသူတို့ အလျှံပယ်ပြည်သို့ မရောက်မီ၊ ဟန့်တားရန်၊ လေဟိကို တပ်နှင့်အတူ ထို့ပတ်ဝန်းကျင်အရပ်သို့ ချက်ချင်းစေလွှတ်၏။
၂၉ ထိုကဲ့သို့အားဖြင့်၊ သူပြု၏။ ထိုသူတို့ကို အလျှံပယ်ပြည်သို့မရောက်မီ ဟန့်တား၍၊ စစ်တိုက်သဖြင့်၊ ဇရဟင်မလပြည်ဆီသို့ ပြန်၍ ဆုတ်ခွာစပြုကြ၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိဟသည် သူတို့ဆုတ်ခွာရာ၌ ဟန့်တား၍၊ စစ်တိုက်ရာ၊ အလွန်အသွေးစွန်းသည့် တိုက်ပွဲဖြစ်လာ၏။ ထိုမှတစ်ပါး၊ များစွာသောသူတို့ ကွပ်မျက်ခံရ၏၊ ကွပ်မျက်ခံရသူတို့၏အရေအတွက်ထဲတွင်၊ ကော်ရန္တူမာကိုလည်း တွေ့ရ၏။
၃၁ ယခုမူကား၊ ရှုလော့၊ လာမန်အမျိုးသားတို့သည် မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက်၊ အဘယ်အရပ်ကမျှ မဆုတ်ခွာနိုင်ကြ။ အကြောင်းမူကား၊ အဘက်ဘက်၌ နီဖိုင်းအမျိုးသားတို့အားဖြင့် ဝိုင်းထား ခံရကြ၏။
၃၂ ထိုကဲ့သို့အားဖြင့်၊ ကော်ရန္တူမာသည် လာမန်အမျိုးသားတို့ကို နီဖိုင်းအမျိုးသားတို့၏အလယ်သို့ တွန်းချရာ၊ သူတို့သည်လည်း နီဖိုင်းလူမျိုးတို့၏အစိုးရခြင်းအောက်၌ ရှိကြ၏၊ သူကိုယ်တိုင်သည်လည်း ကွပ်မျက်ခံရလျက်၊ လာမန်အမျိုးသားတို့သည် သူတို့ကိုယ်သူတို့ နီဖိုင်းအမျိုးသားတို့၏လက်ထဲသို့ အရှုံးပေးကြ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိဟသည် ဇရဟင်မလမြို့ကို တစ်ဖန်သိမ်းယူ၍၊ စစ်အကျဉ်းသားအဖြစ်ဖမ်းဆီးခံရသောလာမန်အမျိုးသားများကို ထိုပြည်ထဲမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားစေ၏။
၃၄ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်း လေးဆယ်တစ်နှစ်မြောက် ပြီးဆုံး၏။