ဟေလမန်၏သားနီဖိုင်း၏ ပရောဖက်ပြုဟောချက်—ဘုရားသခင်သည် နီဖိုင်းလူမျိုးတို့ကို၊ သူတို့၏ဆိုးညစ်ခြင်းမှ နောင်တမရလျှင်၊ သူတို့၏ရှင်းရှင်းပျက်စီးခြင်းသို့တိုင်အောင် အမျက်ထွက်၍ ဆုံးမတော်မူမည်ဖြစ်ကြောင်း ခြိမ်းခြောက်၏။ ဘုရားသခင်သည် နီဖိုင်းလူမျိုးတို့ကို ကာလနာဘေးဖြင့် ဒဏ်ခတ်တော်မူ၏။ သူတို့နောင်တရ၍၊ သူ့ထံသို့ ပြန်လာကြ၏။ လာမန်အမျိုးသား ရှမွေလသည် နီဖိုင်းအမျိုးသားတို့ကို ပရောဖက်ပြု၍ဟော၏။
အခန်းကြီး ၇ မှ ၁၆ အထိ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၇
နီဖိုင်းသည် မြောက်ဘက်တွင် ငြင်းပယ်ခံရ၍ ဇရဟင်မလပြည်သို့ ပြန်လာ၏—သူသည် သူ၏ဥယျာဉ်ရှိ လင့်စင်ပေါ်၌ ဆုတောင်းပြီးလျှင်၊ လူတို့ကို နောင်တရရန်တောင်းဆို၏၊ သို့မဟုတ်လျှင် ပျက်စီးကြလိမ့်မည်။ ဘီစီ ၂၃–၂၁ ခန့်။
၁ ရှုလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်ကိုးနှစ်မြောက်တွင်၊ ဟေလမန်၏သား ထိုနီဖိုင်းသည် မြောက်ဘက်လားရာပြည်မှ ဇရဟင်မလပြည်သို့ ပြန်သွား၏။
၂ အကြောင်းမူကား၊ သူသည် အပြင်သို့ရောက်၍၊ မြောက်ဘက်လားရာပြည်၌ ရှိသော လူမျိုးတို့ကြား၌၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောလျက်၊ များစွာသောအရာတို့ကို ပရောဖက်ပြု၍ဟော၏။
၃ သူတို့သည်လည်း သူ၏စကားခပ်သိမ်းတို့ကို ငြင်းပယ်သဖြင့် သူသည် သူတို့ကြား၌မနေနိုင်၊ သူ့ကိုဖွားရာပြည်သို့သာ တစ်ဖန်ပြန်လာ၏။
၄ လူတို့ကိုလည်း ထိုကဲ့သို့အလွန်ဆိုးရွားသော ဆိုးညစ်ခြင်းအခြေအနေ၌ မြင်ရလျက်၊ ထိုဂါဒျန်တန်ဓားပြတို့က တရားပလ္လင်၌ ထမ်းဆောင်၍—ထိုပြည်အပေါ် တန်ခိုးနှင့် အခွင့်အာဏာကို အနိုင်အထက်သိမ်းယူလျက်၊ ဘုရားသခင်၏ပညတ်တော်များကို ငြင်းပယ်လျက်၊ ရှေ့တော်၌ အသေးငယ်ဆုံးကိုပင် မှန်ကန်စွာမပြုဘဲ လူသားတို့ကို တရားမျှတစွာမပြုဘဲနှင့်၊
၅ ဖြောင့်မတ်သောသူတို့ကို သူတို့၏ဖြောင့်မတ်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်လျက်၊ အပြစ်ရောက်သောသူနှင့် ဆိုးညစ်သူတို့ကို သူတို့၏ငွေကြောင့် အပြစ်ဒဏ်မပေးဘဲလွှတ်၍၊ ထိုမှတစ်ဖန်၊ လောကထံမှ အကျိုးအမြတ်နှင့် ချီးမွမ်းခြင်းကို ရရှိနိုင်ခြင်းငှာ၊ ထိုမှတစ်ဖန်၊ သူ့သားမယားအား ပြစ်မှားခြင်းကို ပို၍လွယ်ကူစွာကျူးလွန်ခြင်း၊ ခိုးယူခြင်း၊ အသက်သတ်ခြင်းနှင့် သူတို့ကိုယ်တိုင်၏အလိုဆန္ဒအတိုင်း ပြုနိုင်ခြင်းငှာ၊ သူတို့၏အလိုဆန္ဒအတိုင်း အုပ်စိုး၍ပြုမူရန် အစိုးရ၏အကြီးအကဲနေရာကိုယူ၍—
၆ ယခုတွင်၊ များစွာမကြာသောနှစ်များအတွင်း၌ ဤကြီးစွာသောဒုစရိုက်သည် နီဖိုင်းအမျိုးသားတို့အပေါ် ရောက်လာ၏။ နီဖိုင်းသည်လည်း ထိုအမှုကို မြင်ရလျှင်၊ သူ့စိတ်နှလုံးသည် သူ့ရင်တွင်း၌ ဝမ်းနည်းမှုနှင့်ပြည့်၏။ သူ၏စိတ်ဝိညာဉ်၌လည်း ပြင်းစွာသောဝေဒနာကိုခံလျက် ဟစ်ကြွေးလေသည်ကား၊
၇ အို၊ ငါသည် ငါ၏ဘိုးဘေးနီဖိုင်း ယေရုရှလင်နယ်မြေမှ ပထမဦးဆုံးထွက်လာသောကာလက အသက်ရှင်နိုင်၍၊ ကတိတော်မြေ၌ သူနှင့်အတူဝမ်းမြောက်နိုင်ခဲ့လေမည်။ ထိုအချိန်၌ သူ၏လူမျိုးတို့သည် ဖျောင်းဖျလွယ်၏၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ ခိုင်မြဲ၍၊ ဒုစရိုက်ကိုပြုစေရန် ပို့ဆောင်ခံရာ၌ နှေးကွေးကြလေမည်။ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်တို့ကို စေ့စေ့နားထောင်ခြင်းငှာလည်း လျင်မြန်ကြလေမည်—
၈ ထိုမှတစ်ပါး၊ ယင်းကာလတို့၌ ငါအသက်ရှင်နိုင်ခဲ့လျှင်၊ ငါ၏စိတ်ဝိညာဉ်သည် ငါ့ညီအစ်ကိုတို့၏ ဖြောင့်မတ်ခြင်းကြောင့် ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
၉ သို့ရာတွင်၊ ရှုလော့၊ ဤအရာတို့သည်ကား၊ ငါ၏အသက်တာဖြစ်ကြောင်းနှင့် ငါ့ညီအစ်ကိုတို့၏ဤဆိုးညစ်ခြင်းကြောင့်၊ ငါ၏စိတ်ဝိညာဉ်သည် ဝမ်းနည်းခြင်းနှင့် ပြည့်ရလိမ့်မည်ဖြစ်ကြောင်း ငါ့ကို လွှဲအပ်ထားလေပြီ။
၁၀ ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ ထိုအမှုမှာ ဇရဟင်မလမြို့ထဲ၌ရှိသည့် ဈေးသို့သွားရာလမ်းမဘေးရှိ နီဖိုင်း၏ဥယျာဉ်ထဲရှိ လင့်စင်ပေါ်၌ဖြစ်၏။ ထိုကြောင့်၊ နီဖိုင်းသည် သူ၏ဥယျာဉ်ထဲရှိ လင့်စင်ပေါ်၌ ဦးညွှတ်၏။ ထိုလင့်စင်သည်လည်း လမ်းမသို့ ဖြတ်၍သွားရာ ဥယျာဉ်တံခါးအနီး၌ ရှိ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အနီးမှလျှောက်သွားသောလူအချို့သည် နီဖိုင်းအား၊ လင့်စင်ပေါ်၌ သူ၏စိတ်ဝိညာဉ်ကို ဘုရားသခင်ထံသို့ သွန်းလောင်းနေသည်ကို မြင်ကြ၏။ သူတို့မြင်ခဲ့ရလေသည့်အရာကို လူတို့ထံပြေး၍ ပြောပြကြလျှင်၊ လူတို့၏ဆိုးညစ်ခြင်းကြောင့်၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း၏အကြောင်းရင်းကို သိနိုင်ကြခြင်းငှာ၊ လူတို့သည် အစုအဝေးလိုက် အတူတကွလာကြ၏။
၁၂ ယခုမူကား၊ နီဖိုင်းသည် ထ၍လာလျှင်၊ အတူတကွစုဝေးသည့် လူအစုအဝေးတို့ကို တွေ့မြင်၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် သူ၏နှုတ်ကိုဖွင့်၍ ဆိုလေသည်ကား၊ ရှုလော့၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့်၊ အတူတကွစုဝေးကြသနည်း။ သင်တို့၏ဒုစရိုက်များအကြောင်း သင်တို့ကို ငါပြောပြနိုင်စေခြင်းငှာ ဖြစ်သလော။
၁၄ အကြောင်းမူကား၊ သင်တို့၏ဒုစရိုက်များကြောင့်ဖြစ်သည့် ငါ့စိတ်နှလုံး၏ ကြီးစွာသောဝမ်းနည်းခြင်းကြောင့်၊ ငါ့စိတ်ဝိညာဉ်ကို ငါ၏ဘုရားသခင်ထံသို့ သွန်းလောင်းနိုင်ခြင်းငှာ၊ ငါ၏လင့်စင်ပေါ် ငါတက်လေသောကြောင့်ပင်တည်း။
၁၅ ထို့အတူ၊ ငါ၏ငိုကြွေးမြည်တမ်းခြင်းနှင့် မြည်တမ်းခြင်းကြောင့်၊ သင်တို့သည် သင်တို့ကိုယ်တိုင်အတူတကွ စုဝေး၍၊ အံ့ဩကြ၏။ ထိုမှတစ်ပါး၊ ကြီးစွာအံ့ဩရမည်။ အကြောင်းမူကား၊ သင်တို့သည် နတ်ဆိုးအား သင်တို့စိတ်နှလုံးကို ကြီးစွာလွှမ်းမိုးစေရန် အလျှော့ပေးသောကြောင့်၊ အံ့ဩရကြပေမည်။
၁၆ ထိုမှတစ်ပါး၊ သင်တို့၏စိတ်ဝိညာဉ်များကို ထာဝရတည်မြဲသောဝမ်းနည်းပူဆွေးမှုနှင့် အဆုံးမရှိသည့် အမင်္ဂလာထံ လွှင့်ပစ်၍ချရန်၊ ကြိုးစားအားထုတ်နေသူ၏ သွေးဆောင်ခြင်းသို့ အဘယ်သို့အားဖြင့် အလျှော့ပေးနိုင်ကြသနည်း။
၁၇ အို သင်တို့နောင်တရကြလော့၊ သင်တို့နောင်တရကြလော့၊ သင်တို့ အဘယ်ကြောင့် သေရလိမ့်မည်နည်း။ ပြန်လာကြလော့၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ သင်တို့ ပြန်လာကြလော့။ သူသည် သင်တို့ကို အဘယ်ကြောင့် စွန့်ပစ်တော်မူလေသနည်း။
၁၈ ထိုအမှုသည်ကား၊ သည်တို့သည် သင်တို့စိတ်နှလုံးကို မာကျောစေသောကြောင့်ဖြစ်၏။ ထိုမှတစ်ပါး၊ သင်တို့သည် ကောင်းသောသိုးထိန်း၏အသံကို စေ့စေ့နားမထောင်လိုကြ။ ထိုမှတစ်ပါး၊ သင်တို့သည် သူကို့ သင်တို့တစ်ဖက်၌အမျက်ထွက်စေရန် နှိုးဆော်ကြလေပြီ။
၁၉ ရှုဦးလော့၊ သင်တို့နောင်တမရလျှင်၊ သင်တို့ကို စုဝေးစေမည့်အစား၊ ရှုလော့၊ သူသည် သင်တို့ကို ကွဲပြားပြန့်ကျဲသွားစေ၍၊ သင်တို့သည် ခွေးများနှင့် တောသားရဲတို့အဖို့ စားစရာဖြစ်လိမ့်မည်။
၂၀ အို၊ သင်တို့သည် သင်တို့၏ဘုရားသခင်အား၊ သင်တို့ကို ကယ်လွှတ်တော်မူလေသည့် ထိုကာလ၌ပင် အဘယ်သို့အားဖြင့် မေ့နိုင်ကြလေသနည်း။
၂၁ သို့ရာတွင်၊ ရှုလော့၊ ထိုသို့ဖြစ်ရသည်မှာ အကျိုးအမြတ်ရရန်၊ လူတို့၏အချီးမွမ်းခံရရန်၊ ထိုမှတစ်ပါး၊ သင်တို့သည် ရွှေနှင့်ငွေကို ရရှိနိုင်ရန် ပြုသောကြောင့်ပင်တည်း။ သင်တို့စိတ်နှလုံးကိုလည်း စည်းစိမ်ဥစ္စာများနှင့် ဤလောက၏ အချည်းနှီးသောအရာတို့အပေါ်၌ထား၍၊ ထိုအရာအတွက်၊ လူ့အသက်ကိုသတ်ကြ၊ လုယက်ကြ၊ ခိုးယူကြ၊ ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကိုခံကြ၊ အမျိုးမျိုးသောဒုစရိုက်ကို ပြုကြ၏။
၂၂ ဤအကြောင်းရင်းကြောင့်ပင်၊ သင်တို့နောင်တမရလျှင်၊ အမင်္ဂလာသည် သင်တို့ထံ ကျရောက်လာလိမ့်မည်။ အကြောင်းမူကား၊ သင်တို့နောင်တမရလျှင်၊ ရှုလော့၊ ဤမြို့ကြီးနှင့် ငါတို့ပိုင်ဆိုင်ရာပြည်၌ရှိသည့် ပတ်ဝန်းကျင်ရှိ ထိုမြို့ကြီးခပ်သိမ်းတို့သည်လည်း သိမ်းယူသွား ခံရလိမ့်မည်ဖြစ်၍၊ သင်တို့သည် ထိုမြို့တို့၌ နေစရာမရှိဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ယခင်က သူပြုတော်မူလေသကဲ့သို့ သင်တို့ရန်သူများတစ်ဖက်၌ ခုခံရန်ခွန်အားကို သင်တို့အား ပေးတော်မူလိမ့်မည်မဟုတ်။
၂၃ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သူတို့၏အပြစ်များမှ နောင်တရ၍၊ ငါ၏စကားများကို စေ့စေ့နားထောင်သောသူတို့ကို မှတစ်ပါး၊ ငါ၏ခွန်အားကို ဆိုးညစ်သောသူတို့အား တစ်ဦးထက်တစ်ဦးပို၍ ငါပြမည်မဟုတ်ဟု ဖြစ်လေသတည်း။ ယခုတွင်၊ ထို့ကြောင့်၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် နောင်တမရလျှင်၊ သင်တို့အတွက်ထက် လာမန်အမျိုးသားတို့အတွက် ပို၍ကောင်းလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမြင်ကြရန် ငါအလိုရှိ၏။
၂၄ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သင်တို့လက်ခံရရှိသည့် ထိုကြီးစွာသောအသိပညာကို ဆန့်ကျင်၍၊ အပြစ်မပြုသောကြောင့်၊ သင်တို့ထက်ပို၍ ဖြောင့်မတ်ကြ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာကြီးတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့နောင်တမရ၍ ရှင်းရှင်းဖျက်ဆီးခံရစဉ်၌ပင်၊ သူတို့အသက်ကို တာရှည်စေ၍၊ သူတို့၏အမျိုးအနွယ်ကို တိုးပွားစေလိမ့်မည်။
၂၅ ထိုမှတစ်ပါး၊ သင်တို့ထံ ရောက်လာသည့် ထိုကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုကြောင့်၊ သင်တို့ပေါ်သို့ အမင်္ဂလာ ကျရောက်၏။ ထို့အတူ၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ ထိုအမှုနှင့်၊ အမှန်စင်စစ်၊ ဂါဒျန်တန်အားဖြင့် တည်ထောင်လေသည့် ထိုလျှို့ဝှက်သောအဖွဲ့နှင့် ပူးပေါင်းကြလေပြီ။
၂၆ ထိုမှတစ်ပါး၊ သင်တို့စိတ်နှလုံးထဲသို့ ဝင်စေရန်၊ သင်တို့အခွင့်ပေးသည့်၊ သင်တို့၏အလွန်ကြီးစွာသော စည်းစိမ်ဥစ္စာများကြောင့် ကောင်းမြတ်သောအရာကိုကျော်၍ ဘဝင်မြင့်စေသည့် ထိုမာနကြောင့် အမင်္ဂလာသည် သင်တို့ထံ ကျရောက်လာလိမ့်မည်။
၂၇ ထိုမှတစ်ပါး၊ သင်တို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ အမင်္ဂလာသည် သင်တို့အပေါ်သို့ ကျရောက်၏။
၂၈ ထို့အတူ၊ သင်တို့သည် နောင်တမရလျှင်၊ ပျက်စီးကြလိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့ပြည်များကို သင်တို့ထံမှ သိမ်းယူလိမ့်မည်။ သင်တို့သည် မြေကြီးမျက်နှာပြင်မှ ဖျက်ဆီးခြင်းကိုလည်း ခံရလိမ့်မည်။
၂၉ ရှုလော့၊ ယခုတွင်၊ ငါသည် ဤအရာတို့ကို ကိုယ်အလိုအလျောက် သိသည် မဟုတ်သောကြောင့်၊ ဤအရာတို့ဖြစ်လာလိမ့်မည်ကို ကိုယ်အလိုအလျောက်မပြော။ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင် ဤအရာတို့ကို ငါ့အား ဖော်ပြတော်မူလေသောကြောင့်၊ ငါသည် ဤအရာတို့မှန်ကန်ကြောင်းကို သိ၏။ ထို့ကြောင့်၊ ငါသည် ထိုအရာတို့ဖြစ်လာမည့်အကြောင်းကို သက်သေခံ၏။