အခန်းကြီး ၆
ဖြောင့်မတ်သောလာမန်အမျိုးသားတို့သည် ဆိုးညစ်သောနီဖိုင်းအမျိုးသားတို့ကို ဟောပြောကြ၏—လူမျိုးနှစ်မျိုးစလုံးသည် ငြိမ်းချမ်းခြင်းနှင့် ပေါများခြင်းကာလတစ်ခုအတွင်း၌ အောင်မြင်ကြ၏—အပြစ်ကိုဖန်တီးသူ လူစီဖာသည် ဆိုးညစ်သူတို့နှင့် ဂါဒျန်တန်ဓားပြတို့၏စိတ်နှလုံးကို လူ့အသက်သတ်ခြင်းနှင့် ဆိုးညစ်ခြင်းတို့၌ နှိုးဆော်၏—ဓားပြတို့သည် နီဖိုင်းအမျိုးသားအစိုးရကို လွှဲယူကြ၏။ ဘီစီ ၂၉–၂၃ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်နှစ်နှစ်မြောက်ပြီးဆုံးသောအချိန်၌၊ ဤအရာခပ်သိမ်းတို့ ဖြစ်ပျက်၏၊ လာမန်အမျိုးသားများ၊ သူတို့မှ အများစုသည် ဖြောင့်မတ်သောလူမျိုးများ ဖြစ်လာ၍၊ ယုံကြည်ခြင်း၌ သူတို့၏ခိုင်မြဲခြင်းနှင့် သူတို့၏တည်ငြိမ်မြဲမြံခြင်းတို့ကြောင့်၊ သူတို့၏ဖြောင့်မတ်ခြင်းမှာ နီဖိုင်းအမျိုးသားတို့၏ဖြောင့်မတ်ခြင်းထက် သာလွန်သည့်တိုင်အောင်ပင်တည်း။
၂ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့အထဲမှ များစွာသောသူတို့ မာကျော၍ နောင်တမရဘဲ အလွန်အမင်းဆိုးညစ်လာကြလေသည်မှာ၊ သူတို့၌ ရောက်လာသည့် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ခပ်သိမ်းသောဟောပြောခြင်းနှင့် ပရောဖက်ပြု၍ဟောပြောခြင်းတို့ကို ငြင်းပယ်ကြသည့်တိုင်အောင်ပင်တည်း။
၃ သို့သော်လည်း၊ လာမန်အမျိုးသားတို့၏ပြောင်းလဲခြင်းကြောင့်၊ ထိုမှတစ်ပါး၊ သူတို့၌ တည်ထောင်ထားသည့် ဘုရားသခင်၏အသင်းတော်ကြောင့်၊ အသင်းတော်၏လူတို့သည် ကြီးစွာဝမ်းမြောက်ကြ၏။ ထို့အတူ၊ သူတို့သည် အချင်းချင်းမိဿဟာယဖွဲ့၍၊ အချင်းချင်း ရွှင်လန်းဝမ်းမြောက်လျက် ကြီးစွာဝမ်းမြောက်ကြ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာသောလာမန်အမျိုးသားတို့သည် ဇရဟင်မလပြည်ထဲသို့ ဆင်းလာကြ၏၊ သူတို့၏ပြောင်းလဲပုံကို နီဖိုင်းလူမျိုးတို့အား ပြောကြားလျက်၊ ယုံကြည်ခြင်းနှင့် နောင်တရခြင်းရှိစေရန် နှိုးဆော်ကြ၏။
၅ ထိုမှတစ်ပါး၊ များစွာသောသူတို့သည် အလွန်ကြီးစွာသော တန်ခိုးနှင့် အခွင့်အာဏာတို့ဖြင့် ဟောပြောသဖြင့်၊ သူတို့မှ များစွာသောသူတို့ကို ဘုရားသခင်နှင့် သိုးသငယ်၏ နှိမ့်ချသောတပည့်တော်များဖြစ်စေရန် နက်လှသောနှိမ့်ချခြင်းသို့ ရောက်စေသည့်တိုင်အောင်ပင်တည်း။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာသောလာမန်အမျိုးသားတို့သည် မြောက်ဘက်လားရာပြည်ထဲသို့ သွားကြ၏။ ထို့အတူ၊ နီဖိုင်းနှင့် လေဟိတို့သည်လည်း လူတို့အား ဟောပြောခြင်းငှာ၊ မြောက်ဘက်လားရာပြည်ထဲသို့ သွားကြ၏။ ထိုကဲ့သို့အားဖြင့်၊ ခြောက်ဆယ်သုံးနှစ်မြောက်ပြီးဆုံး၏။
၇ ရှုဦးလော့၊ ထိုပြည်တစ်ခုလုံး၌ ငြိမ်းချမ်းခြင်းရှိသဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့၌ဖြစ်စေ၊ သို့မဟုတ် လာမန်အမျိုးသားတို့၌ဖြစ်စေ၊ မိမိတို့သွားလိုသည့် ထိုပြည်၏အရပ်မှန်သမျှထဲသို့ သွားကြ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည်လည်း လာမန်အမျိုးသားတို့၌ဖြစ်စေ၊ သို့မဟုတ်၊ နီဖိုင်းအမျိုးသားတို့၌ဖြစ်စေ မိမိတို့သွားလိုရာအရပ်မှန်သမျှသို့ သွားကြ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မိမိတို့အလိုဆန္ဒအတိုင်း ရောင်းဝယ်ရန်နှင့် အကျိုးအမြတ်ရရန် အချင်းချင်း လွတ်လပ်သောဆက်ဆံရေးရှိကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့လာမန်အမျိုးသားနှင့် နီဖိုင်းအမျိုးသားနှစ်မျိုးစလုံး အလွန်ကြွယ်ဝလာကြ၏။ ထို့အတူ၊ တောင်ဘက်ပြည်နှင့် မြောက်ဘက်ပြည်နှစ်ခုစလုံးတွင်၊ သူတို့၌ အလွန်များစွာသော ရွှေ၊ ငွေနှင့် အမျိုးမျိုးသော အဖိုးထိုက်သည့် သတ္တုများရှိကြ၏။
၁၀ ယခုတွင်၊ တောင်ဘက်ပြည်ကို လေဟိဟုခေါ်၏၊ မြောက်ဘက်ပြည်ကို ဇေဒကိ၏သားအမည်အတိုင်း မြူးလက်ဟု ခေါ်၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် မြူးလက်ကို မြောက်ဘက်ပြည်သို့လည်းကောင်း၊ လေဟိကို တောင်ဘက်ပြည်သို့လည်းကောင်း ဆောင်ယူတော်မူခဲ့၏။
၁၁ ရှုဦးလော့၊ ဤပြည်နှစ်ခုစလုံးတွင်၊ အမျိုးမျိုးသောရွှေ၊ ငွေနှင့် အဖိုးတန် သတ္တုရိုင်းမှန်သမျှတို့ ရှိ၏။ သတ္တုရိုင်းအမျိုးမျိုးတို့ကို ထုတ်လုပ်၍ သန့်စင်ပြီးလျှင် အနုစိတ်လက်ရာကို လုပ်တတ်သောသူများလည်းရှိ၏။ ထိုကဲ့သို့အားဖြင့် သူတို့သည် ကြွယ်ဝလာခဲ့ကြ၏။
၁၂ သူတို့သည် မြောက်ဘက်နှင့် တောင်ဘက်နှစ်ခုစလုံး၌ ဆန်စပါးကို အမြောက်အမြား စိုက်ပျိုးကြ၏။ မြောက်ဘက်နှင့်တောင်ဘက် နှစ်ခုစလုံး၌လည်း လွန်စွာဖွံ့ဖြိုးတိုးတက်ကြ၏။ ပွားများလျက်၊ ထိုပြည်ထဲ၌ အလွန်အားကြီးလာကြ၏။ များစွာသော သိုးစုနှင့် နွားစု၊ ထိုမှတစ်ပါး၊ ဆူအောင်ကျွေးသည့် အကောင်များစွာတို့ကိုလည်း မွေးမြူကြ၏။
၁၃ ရှုလော့၊ သူတို့၏အဝတ်မရှိသောကိုယ်ကို အဝတ်တန်ဆာဆင်ခြင်းငှာ၊ သူတို့၏မိန်းမတို့သည် အလုပ်လုပ်၍၊ ချည်ငင်၍၊ အမျိုးမျိုးသောအဝတ်တန်ဆာ၊ ပိတ်ချောနှင့် အဝတ်တန်ဆာအမျိုးမျိုးတို့ကို ပြုလုပ်ကြ၏။ ထိုကဲ့သို့အားဖြင့် ခြောက်ဆယ်လေးနှစ်မြောက်သည် ငြိမ်းချမ်းစွာ ကုန်လွန်၏။
၁၄ ခြောက်ဆယ်ငါးနှစ်မြောက်တွင်လည်း သူတို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၊ ထိုမှတစ်ပါး၊ များစွာဟောပြောခြင်း၊ ဖြစ်လာမည့်အရာတို့နှင့်စပ်လျဉ်းသည့် ပရောဖက်ပြုဟောချက်များရှိ၏။ ထိုကဲ့သို့အားဖြင့်၊ ခြောက်ဆယ်ငါးနှစ်မြောက်ကုန်လွန်၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်ခြောက်နှစ်မြောက်တွင်၊ ရှုလော့၊ ကေဇောရမ်သည် တရားပလ္လင်ပေါ်၌ ထိုင်လျက်ရှိစဉ်၊ အမည်မသိသောသူတစ်ဦးအားဖြင့် အသတ်ခံရ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုတစ်နှစ်တည်းတွင်၊ သူ၏နေရာ၌ လူတို့အားဖြင့် ခန့်အပ်ထားခံရသည့်၊ သူ့သားသည်လည်း အသတ်ခံရ၏။ ထိုကဲ့သို့အားဖြင့် ခြောက်ဆယ်ခြောက်နှစ်မြောက် ပြီးဆုံး၏။
၁၆ ခြောက်ဆယ်ခုနစ်နှစ်မြောက်၏အစတွင်လည်း လူတို့သည် တစ်ဖန်လွန်စွာဆိုးညစ်စပြုပြန်၏။
၁၇ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်က သူတို့ကို လောကစည်းစိမ်ဥစ္စာတို့ဖြင့် အလွန်ကြာမြင့်စွာ ကောင်းချီးပေးတော်မူသဖြင့်၊ သူတို့သည် အမျက်ထွက်စေရန်၊ စစ်တိုက်စေရန်နှင့် အသွေးသွန်းလောင်းစေရန် နှိုးဆော်မခံရ။ ထို့ကြောင့်၊ စိတ်နှလုံးကို သူတို့၏စည်းစိမ်ဥစ္စာများအပေါ်၌ ထားစပြုကြ၏။ ထိုမှတစ်ပါး၊ တစ်ဦးထက်တစ်ဦး အရာရောက်နိုင်ခြင်းငှာ၊ အကျိုးအမြတ်ရရှိရန် ကြိုးစားစပြုကြ၏။ ထို့ကြောင့်၊ အကျိုးအမြတ်ရရှိနိုင်ခြင်းငှာ၊ လျှို့ဝှက်သော လူ့အသက်သတ်ခြင်းအမှုကို ကျူးလွန်ရန်၊ အနိုင်အထက်လုယူရန်၊ လုယက်ရန် အစပြုကြ၏။
၁၈ ယခုမူကား၊ ရှုလော့၊ လူ့အသက်ကိုသတ်သောထိုသူတို့နှင့် လုယက်သူများမှာ၊ ခိရှခူမင်နှင့် ဂါဒျန်တန်တို့ တည်ထောင်ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်၏။ ယခုမူကား၊ အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့၌ပင် ဂါဒျန်တန်အဖွဲ့မှ များစွာသောသူတို့ ရှိ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် လာမန်အမျိုးသားတို့၏ ပို၍ဆိုးညစ်သောအစု၌ ပို၍မြောက်မြားစွာရှိ၏။ သူတို့ကိုလည်း ဂါဒျန်တန်၏ ဓားပြများနှင့် လူ့အသက်သတ်သူများဟု ခေါ်၏။
၁၉ ထိုသူတို့သည်ကား၊ တရားသူကြီးချုပ်ကေဇောရမ်ကိုလည်းကောင်၊ သူ၏သားကိုလည်းကောင်း တရားပလ္လင်၌ရှိစဉ် သတ်သောသူများဖြစ်၏။ ရှုဦးလော့၊ သူတို့ကို မတွေ့ရှိရ။
၂၀ ယခုမူကား၊ အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် မိမိတို့၌ ဓားပြများရှိကြောင်းကို သိရလျှင်၊ အလွန်ဝမ်းနည်းကြ၏။ ထိုသူတို့ကို မြေကြီးမျက်နှာပြင်မှ ဖျက်ဆီးရန် သူတို့တန်ခိုးဖြင့် နည်းလမ်းမှန်သမျှကို အသုံးပြုကြ၏။
၂၁ သို့ရာတွင်၊ ရှုလော့၊ စာတန်သည် နီဖိုင်းအမျိုးသားတို့မှ အများစု၏စိတ်နှလုံးကို နှိုးဆော်သဖြင့်၊ သူတို့သည် ထိုဓားပြအဖွဲ့များနှင့် ပူးပေါင်း၍၊ သူတို့၏လူ့အသက်သတ်ခြင်းများ၊ သူတို့၏လုယက်ခြင်းများနှင့် သူတို့၏ခိုးယူခြင်းတို့အတွက် မခံစားရစေခြင်းငှာ၊ သူတို့ရောက်ရှိမည့် ခက်ခဲသောအခြေအနေမှန်သမျှ၌ တစ်ယောက်ကိုတစ်ယောက် ကာကွယ်၍ စောင့်ရှောက်ကြမည်ဟူသော သူတို့၏ပဋိညာဉ်များနှင့် သူတို့၏ကျိန်ဆိုခြင်းများကို ပြုကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၌ အမှတ်လက္ခဏာများ၊ အထူးသဖြင့်၊ သူတို့၏လျှို့ဝှက်သောအမှတ်လက္ခဏာများနှင့်၊ သူတို့၏လျှို့ဝှက်သောစကားများ ရှိလျက်၊ ဤအမှုသည်ကား၊ အကြင်သူသည် ညီအစ်ကိုပြုသမျှသော ဆိုးညစ်ခြင်းအတွက် မိမိညီအစ်ကိုအားဖြင့်သော်လည်းကောင်း၊ မိမိအဖွဲ့နှင့် ဆိုင်ခဲ့သောသူများဖြစ်သည့်၊ ဤပဋိညာဉ်ကိုပြုသည့် ထိုသူတို့အားဖြင့်သော်လည်းကောင်း၊ မထိခိုက်စေမည့်အကြောင်း၊ ပဋိညာဉ်ပြုခဲ့သည့် ညီအစ်ကိုတစ်ဦးကို သူတို့ခွဲခြား၍သိနိုင်ခြင်းငှာ ပေတည်း။
၂၃ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် သူတို့တိုင်းပြည်၏ဥပဒေများနှင့်၊ သူတို့ဘုရားသခင်၏ပညတ်တရားများကို ဆန့်ကျင်၍၊ လူ့အသက်ကိုသတ်ခြင်း၊ လုယက်ခြင်း၊ ခိုးယူခြင်း၊ မတရားသောမေထုန်အမှုများကို ကျူးလွန်ခြင်းနှင့် အမျိုးမျိုးသောဆိုးညစ်ခြင်းတို့ကို ပြုနိုင်ကြ၏။
၂၄ ထို့အတူ၊ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့နှင့်စပ်လျဉ်း၍ လောကသို့ဖော်ပြသည့်၊ သူတို့အဖွဲ့နှင့်ဆိုင်သည့် ထိုသူတို့အထဲမှအဘယ်သူပင်ဖြစ်စေ၊ သူတို့တိုင်းပြည်၏ဥပဒေများအတိုင်းမဟုတ်၊ ဂါဒျန်တန်နှင့် ခိရှခူမင်တို့က ပေးထားသည့်၊ သူတို့၏ဆိုးညစ်ခြင်းဥပဒေများအတိုင်းသာ စီရင်ခြင်းကို ခံရစေ၏။
၂၅ ယခုတွင်၊ရှုလော့၊ ဤလျှို့ဝှက်သောကျိန်ဆိုခြင်းများနှင့် ပဋိညာဉ်များသည်ကား၊ လူတို့အား ပျက်စီးခြင်းသို့ပို့ဆောင်သည့် လက်နက်များမဖြစ်နိုင်စေခြင်းငှာ၊ လောက၌ မပြုရမည့်အကြောင်း၊အယ်လမာက သူ့သားများကို မှာထားသည့် အရာများပေတည်း။
၂၆ ယခုမူကား၊ ရှုလော့၊ ထိုလျှို့ဝှက်သောကျိန်ဆိုခြင်းများနှင့် ပဋိညာဉ်များသည်ကား၊ ဟေလမန်သို့ ပေးအပ်သည့်မှတ်တမ်းများမှနေ၍ ဂါဒျန်တန်ထံသို့ ရောက်လာသည်မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏ပထမဦးဆုံးသောမိဘများအား တားမြစ်ထားသောအသီးကို သုံးဆောင်စေခြင်းငှာ၊ သွေးဆောင်သည့်သူကပင် ၎င်းတို့ကို ဂါဒျန်တန်၏စိတ်နှလုံးထဲသို့ သွတ်သွင်း၏—
၂၇ ထိုမှတစ်ပါး၊ ထိုသူကပင် ကာဣနအား ညီအာဗေလကိုသတ်လျှင်၊ ထိုအမှုကို လောကသို့ သိစေလိမ့်မည်မဟုတ်ဟု လျှို့ဝှက်စွာအကြံပေးခဲ့၏။ ကာဣနနှင့် သူ၏နောက်လိုက်များကိုလည်း ထိုအချိန်မှစ၍ လျှို့ဝှက်စွာအကြံပေးခဲ့၏။
၂၈ ကောင်းကင်သို့ လူတို့ရောက်ရနိုင်စေခြင်းငှာ၊ လုံလုံလောက်လောက်မြင့်သည့် ရဲတိုက်တစ်ခုကို ဆောက်ရန် သူတို့၏စိတ်နှလုံးထဲသို့ သွတ်သွင်းခဲ့သူမှာလည်း ထိုသူပင်ဖြစ်၏။ ထိုရဲတိုက်မှ ဤပြည်ထဲသို့ လာသည့်လူတို့ကို သိမ်းသွင်းသူ၊ လူတို့ကို အလုံးစုံသောပျက်စီးခြင်းနှင့် ထာဝရတည်မြဲသောငရဲသို့ ဆွဲချသည့်တိုင်အောင်၊ မှောင်မိုက်ခြင်းအမှုများနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးသို့ ဖြန့်ကြက်သူမှာလည်း ထိုသူပင်ဖြစ်၏။
၂၉ ထိုမှတစ်ပါး၊ မှောင်မိုက်ခြင်းအမှုနှင့် လျှို့ဝှက်သောလူ့အသက်ကိုသတ်ခြင်းအမှုကို ဆက်၍ပြုနေသေးလျက်ရှိစေရန် ဂါဒျန်တန်၏စိတ်နှလုံးထဲသို့ သွတ်သွင်းသူမှာ ထိုသူပင်ဖြစ်၏။ ထိုအမှုကို လူသား၏အစမှ ယခုကာလတိုင်အောင်ပင် ဖြစ်စေသူလည်းဖြစ်၏။
၃၀ ရှုဦးလော့၊ သူသည် ခပ်သိမ်းသောအပြစ်များကို ဖန်တီးသူဖြစ်၏။ ရှုဦးလော့၊ သူသည် မိမိ၏မှောင်မိုက်ခြင်းအမှုများနှင့် လျှို့ဝှက်သောလူ့အသက်သတ်ခြင်းကို ဆက်၍ပြုလျက်၊ လူသားတို့၏စိတ်နှလုံးကို လွှမ်းမိုးခြင်းရှိနိုင်သည့်အတိုင်း၊ သူတို့၏လျှို့ဝှက်အကြံအစည်များ၊ သူတို့၏ကျိန်ဆိုခြင်းများ၊ သူတို့၏ပဋိညာဉ်များနှင့် သူတို့၏အလွန်ဆိုးရွားသောဆိုးညစ်ခြင်းအကြံအစည်များကို လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးသွား၏။
၃၁ ယခုမူကား၊ ရှုလော့၊ သူသည် နီဖိုင်းအမျိုးသားတို့၏စိတ်နှလုံးအပေါ်၌ ကြီးစွာသောလွှမ်းမိုးခြင်းရှိ၍၊ ထိုမှတစ်ပါး၊ သူတို့လည်း အလွန်ဆိုးညစ်လာကြ၏။ ထိုမှတစ်ပါး၊ သူတို့မှ အများစုသည် ဖြောင့်မတ်ခြင်း၏လမ်းမှ လွှဲသွားကြ၏၊ ဘုရားသခင်၏ပညတ်တော်များကို သူတို့ခြေဖြင့်နင်း၍၊ ကိုယ့်လမ်းကိုယ်လိုက်၍၊ သူတို့၏ရွှေနှင့် သူတို့၏ငွေတို့ကို သူတို့ကိုယ်တိုင်အတွက် ကိုးကွယ်ကြ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာမကြာသောနှစ်များအတွင်း ခပ်သိမ်းသောဤဒုစရိုက်များ သူတို့ထံသို့ရောက်လာသဖြင့်၊ အများစုမှာ နီဖိုင်းလူမျိုးတို့အပေါ်တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်ခုနစ်နှစ်မြောက်၌ ရောက်လာ၏။
၃၃ သူတို့သည် ခြောက်ဆယ်ရှစ်နှစ်မြောက်၌လည်း သူတို့၏ဒုစရိုက်များ၌ တိုးပွားသဖြင့်၊ ဖြောင့်မတ်သောသူတို့၏ ကြီးစွာဝမ်းနည်းခြင်းနှင့် ငိုကြွေးမြည်တမ်းခြင်းကို ဖြစ်စေ၏။
၃၄ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ နီဖိုင်းအမျိုးသားတို့ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာ၍၊ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၌ တိုးပွားလျက်၊ ထိုအချိန်တွင်၊ လာမန်အမျိုးသားတို့သည် သူတို့၏ဘုရားသခင်အကြောင်းကို သိခြင်း၌ လွန်စွာတိုးပွားစပြု၍၊ ထိုမှတစ်ပါး၊ သူ၏ထုံးဥပဒေသများနှင့် ပညတ်တော်များကို စောင့်ထိန်းရန်၊ ထို့အတူ၊ ရှေ့တော်၌ သမ္မာတရားနှင့် တော်တည့်ဖြောင့်မတ်ခြင်းသို့ လိုက်ရန် အစပြုကြကြောင်းပေတည်း။
၃၅ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် နီဖိုင်းအမျိုးသားတို့၏ ဆိုးညစ်ခြင်းနှင့် စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ သူတို့ထံမှ စွန့်ခွာတော်မူစပြုကြောင်းပေတည်း။
၃၆ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ကိုယ်တော်ရှင်သည် သူ၏နှုတ်ကပတ်တော်များကို လာမန်အမျိုးသားတို့ ယုံကြည်ရန် လွယ်ကူခြင်းနှင့် လိုလိုလားလားရှိခြင်းတို့ကြောင့် သူ၏ဝိညာဉ်တော်ကို သူတို့အပေါ် သွန်းလောင်းစပြုတော်မူကြောင်းပေတည်း။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် ဂါဒျန်တန်ဓားပြများအဖွဲ့ကို လိုက်ရှာကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ထိုသူတို့၏ပို၍ဆိုးညစ်သောအစု၌လည်း ဟောပြောကြသဖြင့်၊ ဤဓားပြများအဖွဲ့သည် လာမန်အမျိုးသားတို့ကြားမှ ရှင်းရှင်းဖျက်ဆီးခံရ၏။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အခြားတစ်ဖက်တွင်၊ နီဖိုင်းအမျိုးသားတို့က ထိုသူတို့၏ပို၍ဆိုးညစ်သောအစုမှ အစပြု၍၊ တိုးတက်စေပြီး၊ ထောက်မကြသဖြင့်၊ ထိုသူတို့မှာ နီဖိုင်းအမျိုးသားတို့၏ခပ်သိမ်းသောပြည်များ၌ နှံ့ပြားလျက်၊ ဖြောင့်မတ်သောသူအများစုအား၊ သူတို့အမှုများကို ယုံကြည်၍၊ သူတို့၏လုယူရာများကို သုံးဆောင်၍ သူတို့၏လျှို့ဝှက်သော လူ့အသက်သတ်ခြင်းနှင့် ဂိုဏ်းများနှင့် ပူးပေါင်း၍၊ ကျဆင်းလာသည့်တိုင်အောင် သွေးဆောင်ကြ၏။
၃၉ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အစိုးရ၏ အထူးစီမံအုပ်ချုပ်မှုကို ရယူသဖြင့်၊ ဆင်းရဲသားများနှင့် သိမ်မွေ့အောက်ကျို့သောသူများ၊ ထို့အတူ၊ ဘုရားသခင်၏နှိမ့်ချသော တပည့်တော်များကို ခြေဖြင့်နင်း၍၊ ရိုက်နှက်ဆုတ်ဖြဲ၍၊ ကျောခိုင်းကြ၏။
၄၀ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ သူတို့သည် အလွန်ဆိုးရွားသောအခြေအနေ၌ ရှိလျက်၊ ထာဝရတည်မြဲသောပျက်စီးခြင်းအတွက် အချိန်တန်လာပြီဖြစ်ကြောင်းပေတည်း။
၄၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း ခြောက်ဆယ်ရှစ်နှစ်မြောက် ထိုကဲ့သို့အားဖြင့် ပြီးဆုံး၏။