အခန်းကြီး ၅
နီဖိုင်းနှင့် လေဟိသည် ဟောပြောခြင်း၌ သူတို့ကိုယ်ကို ဆက်ကပ်ကြ၏—သူတို့၏အမည်များက သူတို့အသက်တာကို သူတို့ဘိုးဘေးတို့အတိုင်း စံနမူနာယူစေရန် ဖိတ်ခေါ်၏—ခရစ်တော်သည် နောင်တရသောသူတို့ကို ရွေးနှုတ်တော်မူ၏—နီဖိုင်းနှင့် လေဟိသည် များစွာသောသူတို့ကို ပြောင်းလဲစေ၏။ ထောင်ထဲ၌လှောင်ထားခံရ၏၊ မီးသည်လည်း သူတို့ကို ဝိုင်းပတ်၏—မှောင်မိုက်ခြင်းတိမ်တိုက်သည် လူသုံးရာကို လွှမ်းမိုး၏—မြေကြီးလှုပ်၍၊ အသံက လူတို့ကို နောင်တရရန် မိန့်တော်မူ၏—နီဖိုင်းနှင့် လေဟိတို့သည် ကောင်းကင်တမန်တို့နှင့် စကားပြောကြ၏၊ လူအစုအဝေးသည် မီးဘေးဖြင့် ဝိုင်းပတ်ခံရကြ၏။ ဘီစီ ၃၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤတစ်နှစ်တည်းတွင်၊ ရှုလော့၊ နီဖိုင်းသည် တရားပလ္လင်ကို ကေဇောရမ်ဟုအမည်ရှိသောသူ၏လက်သို့ လွှဲအပ်၏။
၂ သူတို့၏ဥပဒေများနှင့် အစိုးရကို လူတို့၏မဲဆန္ဒဖြင့် တည်ထောင်၏၊ မကောင်းမှုကို ရွေးချယ်သောသူတို့မှာ ကောင်းမှုကိုရွေးချယ်သောသူတို့ထက် ပို၍မြောက်မြားစွာရှိ၏။ ထို့ကြောင့်၊ သူတို့သည် ပျက်စီးချိန်တန်လာကြလေပြီ။ အကြောင်းမူကား၊ ဥပဒေများဖောက်ပြန်လာကြ၏။
၃ ထိုမှတစ်ပါး၊ ဤအမှုမှာ အလုံးစုံမဟုတ်သေး။ သူတို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်၍၊ သူတို့ကို ဖျက်ဆီးခြင်းမှတစ်ပါး၊ ဥပဒေသို့မဟုတ် အပြစ်ပေးခြင်းဖြင့်လည်း အုပ်ချုပ်၍မရနိုင်ပေ။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် သူတို့၏ဒုစရိုက်ကြောင့်၊ ငြီးငွေ့လာ၏။ တရားပလ္လင်ကို စွန့်လွှတ်၍၊ သူ့အသက်တာ၏ကျန်ကြွင်းချိန်တစ်လျှောက်လုံး၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောရန် သူ့အပေါ်မှာ ခံယူ၏၊ သူ၏ညီလေဟိသည်လည်း သူ့အသက်တာ၏ကျန်ကြွင်းချိန်တစ်လျှောက်လုံး၌၊ ထိုကဲ့သို့ ခံယူ၏။
၅ အကြောင်းမူကား၊ သူတို့သည် သူတို့၏အဘဟေလမန် သူတို့ကို ပြောသည့် စကားများကို သတိရကြ၏။ သူပြောသည့် ဤစကားများသည်ကား၊
၆ ရှုလော့၊ ငါ့သားတို့၊ ငါအလိုရှိသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရန် သတိရကြရမည့်အကြောင်းဖြစ်၏။ ထို့အတူ၊ ငါအလိုရှိသည်မှာ၊ သင်တို့သည် ဤစကားများကို လူတို့အား ဟောပြောရမည့်အကြောင်းဖြစ်၏။ ရှုလော့၊ ငါသည် သင်တို့အား ယေရုရှလင်နယ်မြေမှ ထွက်လာခဲ့သည့် ငါတို့၏ပထမဦးဆုံးမိဘတို့၏အမည်များအတိုင်း အမည်ပေး၏။ ဤသို့ ငါပြုလေသည်မှာလည်း၊ သင်တို့၏အမည်များကို သင်တို့အောက်မေ့သည့်အခါတိုင်း၊ သူတို့ကို အောက်မေ့နိုင်ကြစေခြင်းငှာ၊ သူတို့ကို သင်တို့အောက်မေ့သည့်အခါတိုင်း သူတို့၏အကျင့်များကို အောက်မေ့နိုင်၍၊ သူတို့၏အကျင့်များကို သင်တို့အောက်မေ့သည့်အခါတိုင်း ၎င်းတို့ကောင်းမြတ်လေကြောင်းကို အဘယ်ကဲ့သို့ ပြောထားလေကြောင်းနှင့် ရေးထားလေကြောင်းကိုလည်း သင်တို့သိနိုင်ကြစေခြင်းငှာပေတည်း။
၇ ထို့ကြောင့်၊ ငါ့သားတို့၊ ငါသည် သူတို့အကြောင်းကို ပြောလေခဲ့၊ ရေးလေခဲ့သကဲ့သို့ပင် သင်တို့အကြောင်းကိုလည်း ပြောစေ၊ ရေးစေခြင်းငှာ၊ ကောင်းမြတ်သည့်အရာကို သင်တို့ပြုရမည့်အကြောင်း အလိုရှိ၏။
၈ ယခုမူကား၊ ငါ့သားတို့၊ ရှုလော့၊ သင်တို့ထံမှ ထပ်၍တောင်းဆိုစရာအချို့ ငါ့၌ရှိ၏။ ထိုတောင်းဆိုစရာသည်ကား၊ သင်တို့သည် ဝါကြွားနိုင်ရန် ဤအရာတို့ကို မပြုကြမည့်အကြောင်း၊ သို့ရာတွင်၊ သင်တို့အတွက် ဘဏ္ဍာကို ကောင်းကင်ဘုံ၌ သိုထားနိုင်ရန်၊ အထူးသဖြင့်၊ ထာဝရဖြစ်သည့်၊ ပျောက်ပျက်မသွားသည့်၊ ထိုမှတစ်ပါး၊ ငါတို့ဘိုးဘေးတို့အား ပေးထားသည်ဟု ငါတို့ထင်မှတ်စရာ အကြောင်းရှိသည့် ထိုအဖိုးထိုက်သည့် ထာဝရအသက်ဆုကျေးဇူးကို သင်တို့ရရှိနိုင်ကြစေရန် ဤအရာတို့ကို သင်တို့ပြုနိုင်ကြမည့်အကြောင်း ပေတည်း။
၉ အို ငါ့သားတို့ ဗင်္ယာမိန်မင်းကြီး သူ့လူမျိုးတို့ကို ပြောထားခဲ့သည့်စကားများကို သတိရကြလော့၊ သတိရကြလော့။ ထိုမှတစ်ပါး၊ ကြွရောက်လာတော်မူမည့် ယေရှုခရစ်တော်၏ အပြစ်ဖြေသောအသွေးတော်အားဖြင့်မှတစ်ပါး လူသားကယ်တင်ခြင်းသို့ရောက်နိုင်ရာ အခြားလမ်း သို့မဟုတ်၊ အခြားနည်းလမ်းတစ်ခုမျှမရှိသည်ကို သတိရကြလော့။ ထိုမှတစ်ပါး၊ လောကကို ရွေးနှုတ်တော်မူခြင်းငှာ သူကြွရောက်လာတော်မူကြောင်းကို သတိရကြလော့။
၁၀ အမ္မုန်နိဟမြို့ ၌ အာမြူးလက် ဇေဇရုမ်ကို ပြောခဲ့သည့်စကားများကိုလည်း သတိရကြလော့။ အကြောင်းမူကား၊ ကိုယ်တော်ရှင် ဧကန်အမှန်ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သို့ရာတွင် သူ၏လူမျိုးတို့ကို သူတို့၏ အပြစ်များ၌ ရွေးနှုတ်တော်မူရန်မဟုတ်၊ သူတို့၏အပြစ်များမှ ရွေးနှုတ်တော်မူရန်သာ ကြွလာတော်မူမည်ဖြစ်ကြောင်း ပြောခဲ့၏။
၁၁ နောင်တရခြင်းကြောင့်၊ သူတို့၏အပြစ်များမှ သူတို့ကို ရွေးနှုတ်တော်မူခြင်းငှာ၊ ခမည်းတော်ထံမှ ပေးထားတော်မူသည့် တန်ခိုးလည်း သူ့၌ရှိ၏။ ထို့ကြောင့်၊ သူတို့၏စိတ်ဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်ခြင်းအတွက်၊ ရွေးနှုတ်ရှင်၏ တန်ခိုးကို ဖြစ်စေသော၊ နောင်တရခြင်းအခွင့်များ၏သတင်းကို ဟောကြားစေခြင်းငှာ သူသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်တော်မူလေ၏။
၁၂ ယခုမူကား၊ ငါ့သားတို့၊ ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်သည့် ငါတို့ရွေးနှုတ်ရှင်၏ ကျောက်ပေါ်၌ သင်တို့၏အုတ်မြစ်ကို တည်ဆောက်ရမည့်အကြောင်း၊ သတိရကြလော့၊ သတိရကြလော့။ လူသားတို့တည်ဆောက်လျှင် လဲကျနိုင်ခြင်းမရှိရာ အုတ်မြစ်တည်းဟူသော မြဲမြံသောအုတ်မြစ်ဖြစ်သည့် ထိုကျောက်ပေါ်၌ သင်တို့ကို တည်ဆောက်ထားသောကြောင့်၊ နတ်ဆိုးသည် သူ၏ပြင်းစွာသောလေ၊ အမှန်စင်စစ်၊ လေပွေထဲ၌ သူ၏မြားတံတို့ကို လွှတ်သဖြင့်၊ အမှန်စင်စစ်၊ သူ၏အလုံးစုံသောမိုးသီးနှင့် မုန်တိုင်းတို့က သင်တို့အပေါ် တိုက်လေသောအခါ၊ သင်တို့ကို ဝမ်းနည်းပူဆွေးခြင်းချောက်နှင့် အဆုံးမရှိသည့်အမင်္ဂလာများထံသို့ ဆွဲ၍ချရန် တန်ခိုးရှိလိမ့်မည်မဟုတ်။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤအရာများမှာ၊ ဟေလမန်က သူ၏သားတို့ကို သွန်သင်သောစကားများ ဖြစ်၏။ ထိုမှတစ်ပါး၊ ရေးမထားသောအရာများစွာနှင့် ရေးထားသောအရာများစွာတို့ကိုလည်း သူတို့ကို သွန်သင်ပေး၏။
၁၄ သူတို့သည်လည်း သူ၏စကားများကို သတိရကြ၏။ ထို့ကြောင့် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းလျက်၊ အလျှံပယ်မြို့မှစတင်၍၊ လူတို့၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သွန်သင်ပေးခြင်းငှာ၊ ထွက်သွားကြ၏။
၁၅ ထိုနေရာမှစ၍၊ ဂိဒမြို့သို့၊ ထို့အတူ၊ ဂိဒမြို့မှ မြူးလက်မြို့သို့ ထွက်သွားကြ၏။
၁၆ တောင်ဘက်လားရာပြည်မှာရှိသည့်၊ နီဖိုင်းလူမျိုးခပ်သိမ်းတို့ကြား ထွက်သွားသည့်တိုင်အောင် မြို့တစ်မြို့မှ တခြားတစ်မြို့သို့ ထွက်သွားကြ၏။ ထိုနေရာမှနေ၍၊ လာမန်အမျိုးသားတို့အကြား၊ ဇရဟင်မလပြည်ထဲသို့ ထွက်သွားကြ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နှုတ်ကပတ်တော်ကို ကြီးစွာသောတန်ခိုးဖြင့် ဟောပြောသဖြင့်၊ နီဖိုင်းအမျိုးသားတို့ထံမှ ထွက်သွားခဲ့သည့် များစွာသော ထိုသဘောကွဲလွဲသောသူများကို နှိမ့်ချစေ၍၊ သူတို့သည် ထွက်လာ၍၊ သူတို့၏အပြစ်များကို ဝန်ခံ၍၊ နောင်တရခြင်း အလို့ငှာ၊ ဗတ္တိဇံခံ၍၊ နီဖိုင်းအမျိုးသားတို့အပေါ် သူတို့ပြုခဲ့သည့် မှားယွင်းမှုများကို ပြုပြင်ရန် သူတို့ထံသို့ ချက်ချင်း ပြန်လာကြ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့်လေဟိတို့သည် လာမန်အမျိုးသားတို့အား၊ ထိုကဲ့သို့ကြီးစွာသောတန်ခိုးနှင့် အခွင့်အာဏာတို့ဖြင့် ဟောပြောကြ၏။ အကြောင်းမူကား၊ သူတို့ဟောပြောနိုင်ကြစေခြင်းငှာ၊ သူတို့ကို ပေးထားလေသော တန်ခိုးနှင့် အခွင့်အာဏာ ရှိကြ၏၊ သူတို့ ကိုပေးထားသော ပြောရမည့်အရာလည်း ရှိ၏—
၁၉ ထို့ကြောင့်၊ သူတို့သည် လာမန်အမျိုးသားတို့ကို ဟောပြော၍၊ ကြီးစွာအံ့ဩစေ၍၊ နားသွင်းသဖြင့်၊ ဇရဟင်မလပြည်နှင့် ပတ်ဝန်းကျင်ဒေသရှိ လာမန်အမျိုးသားရှစ်ထောင်တို့သည် နောင်တရခြင်းအလို့ငှာ ဗတ္တိဇံခံလျက်၊ သူတို့ဘိုးဘေးတို့နည်းဥပဒေသများ၏ ဆိုးညစ်ခြင်းအကြောင်း နားသွင်းခံရ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့်လေဟိတို့သည် ထိုအရပ်မှနေ၍၊ နီဖိုင်းပြည်သို့ ဆက်၍သွားကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လာမန်အမျိုးသားတို့၏ တပ်တစ်တပ်အားဖြင့် ဖမ်းဆီးခံရ၍၊ ထောင်ထဲ၌၊ အထူးသဖြင့်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့ လင်မဟိ၏ကျွန်တို့အားဖြင့် လှောင်ထားခံရသည့် ထိုထောင်၌ပင် လှောင်ထား ခံရကြ၏။
၂၂ ထောင်ထဲ၌လှောင်ထားခံ၍၊ စားစရာမရှိဘဲ နေ့ပေါင်းများစွာကြာလေပြီးနောက်၊ ရှုလော့၊ သူတို့ကို ခေါ်ယူ၍ ကွပ်မျက်နိုင်ခြင်းငှာ၊ လာမန်အမျိုးသားတို့သည် ထောင်ထဲသို့ဝင်လာကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့် လေဟိကို မီးဘေးဖြင့် ပတ်လည်ဝိုင်းထားသကဲ့သို့ဖြစ်ရာ၊ လောင်မြိုက်မည်ကို ကြောက်လန့်သဖြင့်၊ မဖမ်းဆီးဝံ့ကြ။ သို့သော်လည်း၊ နီဖိုင်းနှင့် လေဟိတို့မူကား မလောင်မြိုက်ကြ။ မီးများအလယ်၌ ရပ်လျက် မလောင်မြိုက်ကြ။
၂၄ ထို့အတူ၊ သူတို့သည် မီးတန်းဖြင့်ဝိုင်းပတ်ထားခံရလျက်၊ လောင်မြိုက်ခြင်းမရှိသည်ကိုမြင်ရလျှင်၊ စိတ်နှလုံးရဲရင့်ကြ၏။
၂၅ အကြောင်းမူကား၊ လာမန်အမျိုးသားတို့သည် သူတို့ကို မဖမ်းဆီးဝံ့ကြ။ သူတို့အနီးသို့လည်း မလာဝံ့ကြဘဲ၊ အံ့ဩမှုဖြင့် ထိခိုက်ခံရပြီး ဆွံ့အသွားသကဲ့သို့ ရပ်ကြသည်ကို သူတို့မြင်၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့်လေဟိသည် ထွက်၍ရပ်လျက် သူတို့ကို ပြောစပြုလေသည်ကား၊ ကြောက်လန့်ခြင်းမရှိကြနှင့်၊ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ငါတို့ကို ကွပ်မျက်ရန် မဖမ်းဆီးနိုင်ကြောင်း ဤအံ့ဩဖွယ်ကောင်းသောအရာကို သင်တို့အား ပြလေသူမှာ ဘုရားသခင်ဖြစ်တော်မူ၏ဟု ဆိုကြ၏။
၂၇ ရှုဦးလော့၊ သူတို့က ဤစကားများကို ပြောကြပြီးလျှင်၊ မြေကြီးသည် လွန်စွာလှုပ်၍၊ ထောင်နံရံများသည်လည်း မြေကြီးသို့ ပြိုလဲတော့မည်ကဲ့သို့ လှုပ်၏။ သို့ရာတွင်၊ ရှုလော့၊ ၎င်းတို့ လဲမကျပေ။ ရှုဦးလော့၊ ထောင်ထဲ၌ရှိသူတို့မှာ၊ လာမန်အမျိုးသားတို့၊ သဘောကွဲလွဲသူနီဖိုင်းအမျိုးသားတို့ပင်တည်း။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မှောင်မိုက်ခြင်းတိမ်တိုက်ဖြင့် လွှမ်းမိုးခံရ၏၊ အလွန်ဆိုးရွားပြင်းထန်သော ကြောက်ရွံ့ခြင်းသည်လည်း သူတို့အပေါ်ကျရောက်လာ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အသံတော်သည် မှောင်မိုက်ခြင်းတိမ်တိုက်၏ အပေါ်မှလာလေသကဲ့သို့ ရောက်လာလျက်၊ သင်တို့ နောင်တရကြလော့၊ သင်တို့ နောင်တရကြလော့၊ ဝမ်းမြောက်စရာသတင်းကို သင်တို့အား ဟောကြားစေရန် သင်တို့ထံသို့ ငါစေလွှတ်လေသည့် ငါ၏ကျွန်တို့ကို ဖျက်ဆီးခြင်းငှာလည်း၊ မကြိုးစားတော့နှင့်ဟု မြွက်ဆိုလေ၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဤအသံကို ကြားရ၍၊ မိုးချုန်းသံမဟုတ်၊ ကြီးစွာသော အုတ်အုတ်ကျက်ကျက်အသံဗလံလည်းမဟုတ်၊ သို့ရာတွင်၊ ရှုလော့၊ တိုးတိုးပြောသည့်အသံဖြစ်လေသကဲ့သို့၊ စုံလင်သောညင်သာခြင်း၏ ဖြည်းညှင်းသောအသံဖြစ်၍၊ စိတ်ဝိညာဉ်ကို အမှန်ထိုးဖောက်ကြောင်း သိရလျှင်—
၃၁ ထို့အတူ၊ အသံတော်၏ ညင်သာခြင်းရှိသော်ငြားလည်း၊ ရှုလော့၊ မြေကြီးသည် လွန်စွာလှုပ်၍၊ ထောင်နံရံများသည်လည်း မြေကြီးသို့ ပြိုကျတော့မည်ကဲ့သို့ တစ်ဖန်တုန်၏။ ရှုဦးလော့၊ သူတို့အပေါ်၌လွှမ်းမိုးသည့် မှောင်မိုက်ခြင်းတိမ်တိုက်သည် ပြန့်လွင့်မသွားပေ—
၃၂ ရှုဦးလော့၊ အသံကလည်း တစ်ဖန်ရောက်လာ၍၊ သင်တို့ နောင်တရကြလော့၊ သင်တို့နောင်တရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ ငါ၏ကျွန်တို့ကို ဖျက်ဆီးခြင်းငှာလည်း၊ မကြိုးစားတော့နှင့်ဟု မြွက်ဆိုလေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မြေကြီးသည် တစ်ဖန်လှုပ်ပြန်၍၊ နံရံများတုန်၏။
၃၃ ထို့အတူ၊ အသံသည် တတိယအကြိမ်တစ်ဖန်ရောက်လာ၍၊ လူသားအနေဖြင့် မပြောနိုင်သည့် အံ့ဩဖွယ်ကောင်းသောစကားများကို သူတို့ကို မြွက်ဆို၏။ နံရံတို့သည်လည်း တစ်ဖန်တုန်၍၊ မြေကြီးသည် အစိတ်စိတ်ကွဲတော့မည်ကဲ့သို့ လှုပ်၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည်လည်း မိမိတို့ကို လွှမ်းမိုးသည့် မှောင်မိုက်ခြင်းတိမ်တိုက်ကြောင့်၊ ထွက်မပြေးနိုင်ကြ။ ထိုမှတစ်ပါး၊ သူတို့သည် မိမိတို့အပေါ်၌ ကျရောက်လာသည့် ကြောက်ရွံ့ခြင်းကြောင့်လည်း မရွေ့လျားနိုင်ကြ။
၃၅ ယခုတွင်၊ နီဖိုင်းအမျိုးသားဇာတိဖြစ်သူ၊ ဘုရားသခင်၏အသင်းတော် နှင့်ဆိုင်ခဲ့ဖူးသော်လည်း သူတို့ထံမှ ခွဲထွက်ခဲ့သူတစ်ဦး သူတို့ ၌ရှိ၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူသည်ကိုယ်ကိုလှည့်၍ကြည့်လျှင်၊ မှောင်မိုက်ခြင်းတိမ်တိုက်ကိုဖြတ်၍၊ နီဖိုင်းနှင့် လေဟိတို့၏မျက်နှာကို မြင်၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်တမန်တို့၏မျက်နှာကဲ့သို့ပင် လွန်စွာတောက်ပ၏။ သူတို့၏မျက်စိဖြင့် ကောင်းကင်သို့ သူတို့မော့ကြည့်ကြသည်ကိုလည်း သူမြင်တွေ့၏။ သူတို့သည် သူတို့မြင်တွေ့ခဲ့သူ တစ်စုံတစ်ဦးထံသို့ ပြောဆိုနေ၊ သို့မဟုတ် ကြွေးကြော်နေသကဲ့သို့လည်း ရှိ၏။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤလူသည် လူအစုအဝေးအား၊ သူတို့လှည့်၍ကြည့်နိုင်ကြစေခြင်းငှာ ကြွေးကြော်၏။ ရှုဦးလော့၊ သူတို့လှည့်၍ကြည့်ကြစေခြင်းငှာ သူတို့ကို ပေးထားသော တန်ခိုးရှိ၏။ သူတို့သည်လည်း နီဖိုင်းနှင့်လေဟိ၏မျက်နှာကို မြင်ကြ၏။
၃၈ သူတို့ကလည်း ထိုလူကို ဆိုလေသည်ကား၊ ရှုလော့၊ ဤအရာခပ်သိမ်းတို့သည်ကား၊ အဘယ်သို့ ဆိုလိုသနည်း၊ ဤလူတို့ နှင့်စကားပြောသည့် သူကား အဘယ်သူနည်း။
၃၉ ယခုတွင်၊ ထိုလူ၏အမည်မှာ အမိနဒပ်ဖြစ်၏။ အမိနဒပ်ကလည်း သူတို့ကို ဆိုလေသည်မှာ သူတို့သည် ဘုရားသခင်၏ကောင်းကင်တမန်တို့နှင့် စကားပြောကြ၏။
၄၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့က သူ့ကို ဆိုလေသည်ကား၊ ဤမှောင်မိုက်ခြင်းတိမ်တိုက်ကို ငါတို့အပေါ်လွှမ်းမိုးထားခြင်းမှ ဖယ်ရှားနိုင်ခြင်းငှာ ငါတို့ အဘယ်အရာကို ပြုရမည်နည်း။
၄၁ အမိနဒပ်ကလည်း သူတို့ကို ဆိုလေသည်ကား၊ သင်တို့သည် နောင်တရ၍၊ အယ်လမာ၊ ထို့အတူ အာမြူးလက်၊ ထို့အတူ ဇေဇရုမ်တို့အားဖြင့်လည်း သွန်သင်ခြင်းကို သင်တို့ခံရသည့် ခရစ်တော်၌ယုံကြည်ခြင်း ရှိလာသည့်တိုင်အောင်ပင် တောင်းလျှောက်ရမည်။ ဤသို့ ပြုကြပြီးလျှင်၊ မှောင်မိုက်ခြင်းတိမ်တိုက်ကို သင်တို့အပေါ်လွှမ်းမိုးထားခြင်းမှ ဖယ်ရှားလိမ့်မည်။
၄၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မြေကြီးကို လှုပ်လေသောသူ၏အသံထံသို့ တောင်းလျှောက်စပြုကြ၏။ ထိုမှတစ်ပါး၊ မှောင်မိုက်ခြင်းတိမ်တိုက် ပြန့်လွင့်သွားသည့်တိုင်အောင်ပင် တောင်းလျှောက်ကြ၏။
၄၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အရပ်ရပ်သို့ မျှော်ကြည့်လျှင်၊ မှောင်မိုက်ခြင်းတိမ်တိုက် သူတို့အပေါ် လွှမ်းမိုးထားခြင်းမှ ပြန့်လွင့်သွားသည်ကို တွေ့မြင်ကြ၏။ ရှုလော့၊ သူတို့သည်၊ အထူးသဖြင့် လူတိုင်းသည် မီးတန်းဖြင့် ဝိုင်းပတ်ထားခံရကြောင်း တွေ့မြင်ကြ၏။
၄၄ နီဖိုင်းနှင့် လေဟိသည်လည်း သူတို့အလယ်၌ ရှိ၏။ ထိုမှတစ်ပါး၊ သူတို့သည် ဝိုင်းပတ်ထားခံရ၏။ ထိုမှတစ်ပါး၊ သူတို့သည် မီးလျှံအလယ်၌ရှိသကဲ့သို့ ဖြစ်သော်လည်း၊ သူတို့ကို ဘေးရောက်စေခြင်းမရှိ။ ထောင်နံရံများကိုလည်း ထိခိုက်ခြင်းမရှိ။ သူတို့သည် ပြောမပြနိုင်သော၊ ဂုဏ်အသရေနှင့်ပြည့်ဝသော ထိုဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်လေ၏။
၄၅ ရှုဦးလော့၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းကင်ဘုံမှ ဆင်းလာတော်မူ၍၊ သူတို့စိတ်နှလုံးထဲသို့ ဝင်ရောက်သဖြင့်၊ သူတို့သည် မီးနှင့်ကဲ့သို့ပင် ပြည့်၍၊ အံ့ဩဖွယ်ကောင်းသောစကားများကို ပြောထွက်နိုင်ကြ၏။
၄၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အသံ၊ အထူးသဖြင့်၊ တိုးတိုးပြောသောအသံကဲ့သို့ နှစ်သက်ဖွယ်သောအသံ ရောက်လာ၍၊ မိန့်တော်မူလေသည်ကား၊
၄၇ ကမ္ဘာတည်ကတည်းကရှိလေသူ၊ ငါ၏အလွန်ချစ်လှစွာသောသားကို သင်တို့၏ယုံကြည်ခြင်းကြောင့်၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်းသည် သင်တို့ထံသို့ ရောက်စေသတည်း။
၄၈ ယခုမူကား၊ သူတို့သည် ဤသို့ကြားရလျှင်၊ အသံ အဘယ်အရပ်မှလာသည်ကို မြင်ရခြင်းငှာ၊ မျက်စိဖြင့် မော့ကြည့်ကြ၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်ပွင့်သည်ကို မြင်၏။ ကောင်းကင်တမန်တို့သည်လည်း ကောင်းကင်ဘုံမှ ဆင်းလာ၍ သူတို့ကို အမှုတော်ဆောင်ကြ၏။
၄၉ ဤအရာတို့ကို မြင်ရ၊ ကြားရသူတို့သည်ကား၊ အယောက်သုံးရာခန့်ရှိလေ၏။ ထွက်သွား၍၊ အံ့ဩခြင်းမရှိရန်နှင့် ယုံမှားသံသယမဖြစ်ရန် မိန့်တော်မူသည်ကိုလည်း ခံရကြ၏။
၅၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည်လည်း ထွက်သွား၍၊ လူတို့ကို အမှုတော်ဆောင်လျက်၊ သူတို့ကြားရ၊ မြင်ရသည့် အရာခပ်သိမ်းတို့ကို ပတ်ဝန်းကျင်ဒေသတစ်ခုလုံး၌ ဟောပြောလျက် သူတို့လက်ခံရရှိသည့် သက်သေတို့၏ကြီးမားခြင်းကြောင့်၊ လာမန်အမျိုးသားအများစုသည် သူတို့၏နားသွင်းခြင်းကို ခံရကြ၏။
၅၁ နားသွင်းခံရသူမှန်သမျှသည်လည်း သူတို့၏စစ်တိုက်ရာလက်နက်များ၊ ထို့အတူ၊ သူတို့၏အမုန်းတရားနှင့် သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသများကိုလည်း စွန့်ကြ၏။
၅၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ထံ သူတို့၏ပိုင်ဆိုင်ရာပြည်များကို ပေးအပ်ကြ၏။