ကျမ်းစာများ
ဟေလမန် ၈


အခန်းကြီး ၈

ဖောက်​ပြန်သော​တရား​သူကြီးတို့သည် နီဖိုင်း၏​တစ်ဖက်၌ လူတို့ကို သွေး​ထိုး​လှုံ့ဆော်ရန် ကြိုးစား၏—အာဗြဟံ၊ မောရှေ၊ ဇေနုတ်၊ ဇေနော့၊ ဧဇိယ၊ ဟေရှာယ၊ ယေရမိ၊ လေဟိနှင့် နီဖိုင်းတို့​အားလုံးသည် ခရစ်တော်​အကြောင်းကို သက်​သေခံကြ၏—လမ်းပြ​လှုံ့ဆော်မှု​အားဖြင့် နီဖိုင်းသည် တရားသူကြီးချုပ်အား သတ်ခြင်းကို ကြေညာ၏။ ဘီစီ ၂၃–၂၁ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ နီဖိုင်း ဤစကားများကို ပြောခဲ့ပြီး​လေလျှင်၊ ရှုလော့၊ တရား​သူကြီးများ​ဖြစ်သည့်၊ ဂါဒျန်တန်၏​လျှို့​ဝှက်သော​အဖွဲ့၏ အဖွဲ့​ဝင်များလည်း​ဖြစ်သည့် လူများ​ရှိ၏။ သူတို့​သည်လည်း အမျက်​ထွက်၍၊ သူ့ကို ဆန့်ကျင်၍၊ အော်​ဟစ်လျက်၊ လူတို့ကို ဆိုလေ​သည်ကား၊ သင်တို့သည် ဤလူကို သူ​ပြုလေသော​ပြစ်မှု​အတိုင်း အပြစ်​ဒဏ်​ချ​မှတ် ခံရ​စေရန်၊ အဘယ်ကြောင့် မဖမ်းဆီး၊ မခေါ်​လာကြ​သနည်း။

ဤလူ​မျိုးတို့ကို​ဆန့်​ကျင်လျက်၊ ငါတို့၏​ဥပဒေကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆိုသည့် ဤလူကို သင်တို့ အဘယ်ကြောင့် ကြည့်၍၊ သူ့​စကားကို ကြား​နာ​ကြသနည်း။

အကြောင်း​မူကား၊ ရှုလော့၊ နီဖိုင်းသည် သူတို့​ဥပဒေ၏ ဖောက်​ပြန်ခြင်းနှင့်​စပ်လျဉ်း၍ ပြော​ဆို၏။ ထိုမှတစ်ပါး၊ များစွာသော​အရာတို့ကို နီဖိုင်းက ပြောဆိုရာ၊ ထိုအရာတို့ကို မရေးနိုင်။ ဘုရားသခင်၏ ပညတ်တော်များနှင့်​ဆန့်ကျင်သည့်​အရာ​တစ်ခုကို​မျှလည်း မပြော။

ထိုတရား​သူကြီးတို့​သည်လည်း မိမိတို့​၏​လျှို့ဝှက်သော မှောင်မိုက်ခြင်း​အမှုများ အကြောင်းကို သူ​ရှင်း​လင်းစွာ​ပြော​ဆိုသောကြောင့်၊ သူ့ကို အမျက်​ထွက်ကြ၏။ သို့သော်လည်း၊ သူတို့​လက်ဖြင့် သူ့ကို မဖမ်းဝံ့ကြ။ အကြောင်း​မူကား၊ သူတို့အား လူတို့​ဆန့်​ကျင်​အော်​ဟစ်မည်ကို ကြောက်​လန့်ကြ၏။

ထို့ကြောင့်၊ သူတို့သည် လူတို့ကို ဟစ်​အော်၍ ဆိုလေ​သည်ကား၊ သင်တို့သည် ဤလူအား ငါတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆို​စေရန် အဘယ်ကြောင့် အခွင့်​ပေးကြ​သနည်း။ အကြောင်း​မူကား၊ ရှုလော့၊ သူသည် ဤလူ​ခပ်သိမ်းတို့ကို ပျက်စီးသည့်​တိုင်​အောင်ပင် ပြစ်​ဒဏ်ချ​မှတ်၏။ ထိုမှတစ်ပါး၊ ငါတို့၏​ဤမြို့​ကြီးများကို ငါတို့​ထံမှ သိမ်းယူ​သွား၍၊ ထိုမြို့များ၌ ငါတို့​နေစရာ​မရှိ​ဖြစ်လိမ့်မည်။

ယခု​မူကား၊ ငါတို့သည် ဤအမှု​မဖြစ်​နိုင်​သည်ကို သိကြ၏။ အကြောင်း​မူကား၊ ရှုလော့၊ ငါတို့သည် အား​ကြီး​၍၊ ငါတို့​မြို့များ​သည်လည်း ကြီး​မား၏။ ထို့ကြောင့်၊ ငါတို့၏​ရန်သူများသည် ငါတို့​အပေါ် အစိုး​ရခြင်း​မရှိ​နိုင်ကြ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်းကို ဆန့်ကျင်၍​အမျက်​ထွက်​စေခြင်းငှာ လူတို့ကို နှိုးဆော်လျက်၊ သူတို့​ကြား၌ ရန်တွေ့ခြင်းကို ဖြစ်​စေ၏။ အကြောင်း​မူကား၊ အချို့သော​သူများက အော်​ဟစ်​သည်မှာ၊ ဤလူသည် ကောင်း​မြတ်သော​သူ​ဖြစ်သော​ကြောင့်၊ သူ့ကို အနှောင့်​အယှက်​မပေးနှင့်။ ငါတို့​နောင်တ​မရလျှင်၊ သူ​ပြောသည့်​ထိုအမှုများ​လည်း ဧကန်​အမှန်​ဖြစ်​လာ​ပေမည်။

ထိုမှတစ်ပါး၊ ရှုလော့၊ ငါတို့​ထံသို့ သူ​သက်​သေခံသည့် ခပ်သိမ်းသော တရား​စီရင်​တော်မူခြင်း​များသည် ငါတို့​အပေါ်​ကျ​ရောက်​လာမည်။ အကြောင်း​မူကား၊ သူသည် ငါတို့၏​ဒုစရိုက်များနှင့်​စပ်လျဉ်း၍ ငါတို့​ထံသို့ မှန်ကန်စွာ သက်​သေခံ​သည်ကို ငါတို့​သိကြ၏။ ရှုဦးလော့၊ ၎င်းတို့မှာများစွာ​ရှိ၏၊ သူသည် ငါတို့၏​ဒုစရိုက်များ​အကြောင်းကို သိသကဲ့သို့ ငါတို့​ထံသို့ ဖြစ်​ပျက်​လာမည့် ခပ်သိမ်းသော​အရာတို့​ကိုလည်း သိ၏။

ထိုမှတစ်ပါး၊ ရှုဦးလော့၊ သူသည် ပရောဖက်​တစ်ပါး မဟုတ်လျှင်၊ ထိုအရာ​တို့နှင့်​စပ်​လျဉ်း၍ သက်​သေခံ​နိုင်ခဲ့​မည်​မဟုတ်။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းကို​ဖျက်​ဆီးရန် ကြိုးစား​အား​ထုတ်သော ထိုလူတို့သည် သူတို့၏​ကြောက်ရွံ့ခြင်းကြောင့်၊ သူ့ကို မဖမ်း​ဆီး​ရမည့်​အကြောင်း အနိုင်​အထက်​စီရင်ခံရကြ၏။ ထို့ကြောင့်၊ သူသည် လူ​အချို့၏ မျက်လုံးများ၌ နှစ်​သက်​ခံရသည်ကို သိလျက်၊ တစ်ဖန်​ပြော​စပြု​သဖြင့်၊ သူတို့မှ ကျန်​ကြွင်းသော​သူတို့​သည်လည်း ကြောက်​လန့်ကြ၏။

၁၁ ထို့ကြောင့်၊ သူသည် သူတို့ထံ ထပ်ပြောရန် အတင်း​စေခိုင်း​သည်ကို ခံရ၍ ဆိုလေ​သည်ကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ဘုရားသခင်သည် မောရှေဟု​ခေါ်သူ​တစ်ဦးအား တန်ခိုးကို ပေးတော်မူ၍၊ ဧဒုံ​ပင်လယ်​ရေကို ရိုက်​စေ၍၊ တစ်ဖက်​တစ်ချက်သို့​ကွဲသဖြင့်၊ ငါတို့၏​ဘိုး​ဘေးများ​ဖြစ်သော ဣသရေလ​အမျိုး​သားတို့ကို ခြောက်​သွေ့သော​မြေ​ပေါ်မှာ​ဖြတ်​လျှောက်​စေ၍၊ အဲဂုတ္တု​လူတို့၏​တပ်များ​အပေါ် ရေများ​ဖုံးလွှမ်းလျက်၊ နှစ်မြှုပ်​ခဲ့ကြောင်း သင်တို့ မဖတ်​ဖူးကြ​သလော။

၁၂ ယခုမူကား၊ ရှုလော့၊ ဘုရားသခင်သည် ဤလူအား၊ ထိုမျှ​လောက်သော​တန်ခိုးကို ပေး​တော်မူလျှင်၊ သင်တို့သည် အဘယ့်ကြောင့် အချင်း​ချင်းငြင်း​ခုံကြသနည်း။ သင်တို့​နောင်တ​မရလျှင်၊ သင်တို့​အပေါ်ကျ​ရောက်​လာမည့် တရား​စီရင်​တော်မူခြင်းများကို ငါ​သိ​နိုင်စေမည့် တန်ခိုးကို ငါ့အား သူ​ပေးတော်​မမူကြောင်း​ကိုလည်း ဆိုကြလေ​သနည်း။

၁၃ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ငါ၏​စကားများကို​သာလျှင် ငြင်း​ဆိုကြ​သည်​မဟုတ်ဘဲ၊ ငါတို့၏​ဘိုးဘေးတို့​ပြော​ထားသည့် ခပ်သိမ်းသော​စကားများကို​လည်းကောင်း၊ ထိုမျှ​ကြီးစွာသော​တန်ခိုးကို ပေး​ထား​ခံရသူ၊ ဤလူသား မောရှေ​အားဖြင့် ပြောသည့် စကားများကို​လည်းကောင်း၊ ထိုမှတစ်ပါး၊ မေရှိယ​ကြွ​လာ​တော်မူခြင်း​အကြောင်း၊ သူ​ပြောလေသော​စကားများကို​လည်းကောင်း ငြင်း​ဆိုကြ၏။

၁၄ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏​သားတော်​ကြွ​လာတော်မူမည့်​အကြောင်းကို သက်​သေ​မခံသလော။ တောရိုင်းထဲ၌ ကြေးဝါ​မြွေကို သူ​မြှောက်​ထားသကဲ့သို့၊ ထိုကဲ့သို့ပင် ကြွ​ရောက်​တော်မူ​လာမည့်​သူသည်​လည်း မြှောက်​ထား ခံရပေ​လိမ့်မည်။

၁၅ ထိုမြွေကို ကြည့်​သူ​မှန်သမျှသည် အသက်​ရှင်ရမည် ဖြစ်သကဲ့သို့၊ ထိုကဲ့သို့ပင်၊ ဘုရားသခင်၏​သားတော်ကို ယုံကြည်ခြင်းနှင့် မျှော်လင့်​သူ​မှန်သမျှ​သည်လည်း ကြေကွဲသော​စိတ်​ရှိလျက်၊ ထို​ထာဝရ​ဖြစ်သည့်​အသက်​တာသို့​တိုင်​အောင်ပင် ရှင်​သန်နိုင်​ကြ​လိမ့်မည်။

၁၆ ယခုမူကား၊ ရှုလော့၊ မောရှေ​သာလျှင် မဟုတ်၊ သူ့​လက်ထက်မှ အာဗြဟံ၏​လက်ထက်သို့​တိုင်အောင်ပင် သန့်ရှင်းသော ပရောဖက်ခပ်သိမ်းတို့​လည်း၊ ဤအရာတို့​အကြောင်းကို သက်​သေ​ခံ၏။

၁၇ ထိုမှတစ်ပါး၊ ရှုလော့၊ အာဗြဟံ​သည်လည်း သူ၏​ကြွ​လာတော်​မူခြင်းနှင့်​စပ်လျဉ်း၍ မြင်၏၊ ဝမ်း​သာခြင်းနှင့်လည်း​ပြည့်၍၊ ရွှင်လန်း​ဝမ်းမြောက်၏။

၁၈ ထိုမှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်ကား၊ အာဗြဟံ​တစ်ဦးတည်း​သာလျှင်၊ ဤအရာတို့ကို သိသည်​မဟုတ်ဘဲ၊ အာဗြဟံ​လက်​ထက်​မတိုင်မီက​တည်းက ဘုရားသခင်၏​အသင်း​အားဖြင့်၊ အထူးသဖြင့်၊ သူ့​သားတော်၏​အသင်း​အတိုင်းပင် ခေါ်​တော်မူခြင်း​ခံရလေသူ များစွာ​ရှိ၏။ ဤအမှုမှာ၊ သူ၏​ကြွလာ​တော်မူခြင်း​မတိုင်မီ အလွန်များသည့် နှစ်​ထောင်​ပေါင်း​များစွာက လူတို့​ထံ​ဖော်​ပြ​ရမည့် ရွေးနှုတ်ခြင်း သူတို့ထံ အမှန်​ကျ​ရောက်​တော်မူ​လာမည့်​အကြောင်း​လည်း ဖြစ်၏။

၁၉ ယခုမူကား၊ ဤအရာတို့​အကြောင်းကို သက်​သေ​ခံသည့် များစွာသော ပရောဖက်များ အာဗြဟံ၏​လက်​ထက်​က​တည်း​ကပင် ရှိလေ၍၊ အထူးသဖြင့်၊ ရှုလော့၊ ပရောဖက်​ဇေနုတ်သည် ရဲရင့်စွာ သက်​သေခံ၍၊ ထို​အကြောင်း​ကြောင့် ကွပ်မျက်​ခံရကြောင်းကို သင်တို့​သိစေရန် ငါ​အလို​ရှိ၏။

၂၀ ရှုဦးလော့၊ ဇေနော့​သည်​လည်း​ကောင်း၊ ဧဇိယသည်​လည်း​ကောင်း၊ ဟေရှာယ​သည်​လည်း​ကောင်း၊ ယေရမိ​သည်​လည်း​ကောင်း ရှိခဲ့​လေပြီ။ (ယေရမိသည် ယေရုရှလင်​မြို့​ပျက်​စီးခြင်း​အကြောင်းကို သက်​သေ​ခံသည့် ပရောဖက်​ပင်​ဖြစ်၏) ယခု​မူကား၊ ငါတို့သည် ယေရုရှလင်​မြို့ ယေရမိ၏​စကားများ​အတိုင်း ဖျက်​ဆီး​ခံရ​ကြောင်းကို သိကြ၏။ အို ထိုသို့​ဆိုလျှင်၊ ဘုရားသခင်၏​သားတော်သည် သူ၏​ပရောဖက်​ပြု​ဟောချက်​အတိုင်း ကြွလာ​တော်မမူဘဲ ရှိ​မည်​လော။

၂၁ ယခုမူကား၊ သင်တို့သည် ယေရုရှလင်မြို့​ဖျက်ဆီး​ခံရကြောင်းကို ငြင်းခုံ​ကြ​မည်​လော။ မြူး​လက်​မှတစ်ပါး၊ ဇေဒကိ၏​သား​အားလုံး ကွပ်မျက်​မခံရဟု ပြောကြ​မည်​လော။ ထိုမှတစ်ပါး၊ ဇေဒကိ၏​အမျိုး​အနွယ်တို့သည် ငါတို့နှင့်​အတူ ရှိ၏၊ သူတို့​သည်လည်း ယေရုရှလင်​နယ်မြေမှ နှင်ထုတ်​ခံရကြောင်းကို သင်တို့​မသိ​မြင်​ကြ​သလော။ သို့ရာတွင်၊ ရှုလော့။ ဤအရာ​သည်ကား၊ အလုံး​စုံမဟုတ်—

၂၂ ငါတို့၏​ဘိုးဘေး​လေဟိသည် ဤအရာတို့​အကြောင်းကို သက်​သေ​ခံသော​ကြောင့် ယေရုရှလင်မှ နှင်​ထုတ်​ခံရ၏။ နီဖိုင်းနှင့် ငါတို့၏​ဘိုး​ဘေးတို့​အားလုံး​နီးပါး​သည်​လည်း ဤ​အရာတို့​အကြောင်းကို ယခု​အချိန်​ထိ​တိုင်​အောင်ပင် သက်​သေ​ခံကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် ခရစ်တော်​ကြွလာ​တော်မူခြင်း​အကြောင်းကို သက်​သေ​ခံလျက်၊ ရောက်​လာမည့် သူ၏​နေ့​ရက်တို့ကို မျှော်လင့်၍၊ ရွှင်လန်း​ဝမ်း​မြောက်ကြ၏။

၂၃ ရှုဦးလော့၊ သူသည် ဘုရားသခင်​ဖြစ်​တော်မူ၏၊ သူတို့နှင့်​အတူ ရှိ​တော်မူ၏။ သူတို့​သည်​လည်း သူ့အားဖြင့် ရွေးနှုတ်​တော်မူခြင်း ခံရကြောင်း သူတို့ကို သူ​ကိုယ်တိုင်​ထင်​ရှားစွာ​ပြ​တော်မူ၏။ သူတို့သည်လည်း ဖြစ်​လာမည့်​အရာကြောင့်၊ သူ့ကို ချီး​မွမ်းကြ၏။

၂၄ ယခုမူကား၊ သင်တို့​သည် ဤအမှုများကို သိလျက် မုသားကို ပြော​သည်​မှတစ်ပါး၊ မငြင်း​ဆိုနိုင်ကြ။ ထို့ကြောင့်၊ ဤအမှု၌ သင်တို့သည် အပြစ်ကို ပြုကြ​လေပြီ။ အကြောင်း​မူကား၊ သင်တို့​လက်ခံ​ရရှိသည့် အလွန်​များစွာသော​သက်သေ​ခံများ၊ ထိုမှတစ်ပါး၊ ၎င်းတို့ မှန်​ကန်​ကြောင်း​သက်​သေ​အဖြစ် ကောင်းကင်ဘုံ၌​ရှိသော​အရာများနှင့် မြေကြီး၌​ရှိသော​အရာ​အားလုံး ရှိသော်​ငြားလည်း၊ ဤအရာခပ်သိမ်းတို့ကို ငြင်း​ပယ်ကြ​လေပြီ။

၂၅ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သမ္မာ​တရားကို ငြင်းပယ်၍၊ သင်တို့၏​သန့်ရှင်းသော​ဘုရားသခင်ကို ဆန့်ကျင်​ပုန်​ကန်ကြ၏။ ဤကာလ၌ပင်၊ အဘယ်​အရာကမျှ မဖျက်​ဆီးနိုင်ရာ၊ မစင်​ကြယ်သော​အဘယ်​အရာမျှ မလာနိုင်ရာ ကောင်းကင်ဘုံ၌ သင်တို့​ကိုယ်တိုင်​အတွက် ဘဏ္ဍာကို​သိုထားလျက်​ရှိရမည့်​အစား၊ တရား​စီရင်​တော်မူရာ​နေ့၌ သင်တို့​ကိုယ်တိုင်​အတွက် အမျက်ကို စုပုံ​နေကြ၏။

၂၆ ထိုမှတစ်ပါး၊ ဤကာလ၌ပင် သင်တို့သည် သင်တို့၏​လူ့​အသက်ကို​သတ်ခြင်း၊ သင်တို့၏​မတရား​သော​မေထုန်နှင့် ဆိုး​ညစ်ခြင်းတို့​ကြောင့်၊ ထာဝရ​တည်​မြဲသော​ပျက်​စီးခြင်း​အတွက် အချိန်​တန်​လာကြ​လေပြီ။ အကြောင်း​မူကား၊ သင်တို့သည် နောင်တ​မရလျှင်၊ ထိုအမှုသည် သင်တို့ထံ မကြာ​မြင့်မီ ရောက်​လာပေမည်။

၂၇ ထိုမှတစ်ပါး၊ ရှုလော့၊ ထိုအမှုသည် ယခုတွင်​၊ အကယ်စင်စစ်၊ သင်တို့၏​တံခါး​ဝ၌ ရှိ၏။ ထိုမှတစ်ပါး၊ သင်တို့သည် တရား​ပလ္လင်သို့ သွား၍ ရှာကြလော့၊ ရှုဦးလော့၊ သင်တို့၏​တရား​သူကြီး အသတ်​ခံရ​၏။ သူသည် မိမိ​အသွေး၌ လဲလျောင်းနေ၏။ တရား​ပလ္လင်၌​ထိုင်ရန် ကြိုးစားသည့် သူ့ ညီအားဖြင့် အသတ်​ခံရလေပြီ။

၂၈ ရှုဦးလော့၊ သူတို့​နှစ်ဦး​စလုံးသည် တည်ထောင်သူ ဂါဒျန်တန်၏ အဖွဲ့ဖြစ်သည့်၊ သင်တို့၏ လျှို့ဝှက်သောအဖွဲ့နှင့်လည်းကောင်း၊ လူသားတို့၏​စိတ်ဝိညာဉ်များကို ဖျက်ဆီးရန်​ကြိုးစားအားထုတ်သူ မာရ်နတ်နှင့်လည်းကောင်း ဆိုင်ကြ၏။

ပုံနှိပ်သည်