ယေရှုခရစ်တော်သည် နီဖိုင်းလူမျိုးတို့ကို ကိုယ်ထင်ပြတော်မူ၏၊ အလျှံပယ်ပြည်၌ လူအစုအဝေး အတူတကွစုဝေးကြစဉ် သူတို့ကို အမှုတော်ဆောင်၏။ ဤနည်းအားဖြင့်၊ သူတို့ထံ ကိုယ်ထင်ပြတော်မူ၏။
အခန်းကြီး ၁၁ မှ ၂၆ အထိ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၁၁
ခမည်းတော်သည် သူ၏ချစ်သားအကြောင်းကို သက်သေခံ၏—ခရစ်တော် ရောက်လာတော်မူပြီးလျှင် သူ၏အပြစ်ဖြေခြင်းမင်္ဂလာကို ကြေညာ၏—လူတို့သည် သူ၏လက်၊ ခြေနှင့် နံဘေးတော်မှ ဒဏ်ရာဒဏ်ချက်များကို တို့စမ်းကြ၏—သူတို့သည် ဟောရှဏ္ဏဟု ဟစ်ကြွေးကြ၏—သူသည် ဗတ္တိဇံနည်းနာနိဿယနှင့် နည်းလမ်းကို သွန်သင်၏—ရန်တွေ့ခြင်းစိတ်သဘောသည် နတ်ဆိုး၏ အရာဖြစ်၏—ခရစ်တော်၏ဩဝါဒမှာ၊ လူသားတို့ယုံကြည်လျက် ဗတ္တိဇံခံ၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိရမည့်အကြောင်းဖြစ်၏။ အေဒီ ၃၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အလျှံပယ်ပြည်၌ရှိသည့် ဗိမာန်တော်၏ပတ်ဝန်းကျင်၌၊ နီဖိုင်းလူမျိုးတို့၏ အတူတကွစုဝေးသည့် ကြီးစွာသော လူအစုအဝေး ရှိ၏။ သူတို့သည်လည်း အချင်းချင်း အံ့မခန်းချီးမွမ်းဖွယ်ဖြစ်လျက်၊ အံ့ဩချီးမွမ်းလျက်၊ ဖြစ်ပျက်ခဲ့လေသည့် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော ပြောင်းလဲခြင်းကို တစ်ယောက်ကိုတစ်ယောက်ပြနေကြ၏။
၂ သူ၏သေခြင်းနှင့်စပ်လျဉ်း၍ နိမိတ်လက္ခဏာကိုပေးထားသည့် ဤယေရှုခရစ်တော်အကြောင်းကိုလည်း ပြောဆိုနေကြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုကဲ့သို့ အချင်းချင်း စကားပြောလျက်ရှိစဉ်၊ ကောင်းကင်မှ ဆင်းလာသကဲ့သို့ဖြစ်သည့် အသံကို ကြား၍ အရပ်ရပ်သို့ မျှော်ကြည့်ကြ၏။ အကြောင်းမူကား၊ ကြားသည့်အသံကို နားလည်ခြင်းမရှိကြ။ ထိုအသံမှာ စူးရှသောအသံမဟုတ်။ ကျယ်သောအသံလည်းမဟုတ်။ အဘယ်သို့ပင်ဖြစ်စေ၊ ထိုအရာသည် ညှင်းသောအသံဖြစ်သော်ငြားလည်း၊ ကြားသောသူတို့ကို အလယ်သို့ ထိုးဖောက်၍၊ ၎င်းက မတုန်လှုပ်စေသည့် သူတို့ကိုယ်ခန္ဓာ၏အစိတ်အပိုင်းမရှိသည့်တိုင်အောင်ပင်တည်း။ ထိုမှတစ်ပါး၊ သူတို့ကို စိတ်ဝိညာဉ်သို့ထိုးဖောက်၍၊ သူတို့၏စိတ်နှလုံးကိုလည်း လောင်ကျွမ်းစေ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အသံကို တစ်ဖန်ကြား၏၊ နားလည်ခြင်းမရှိကြ။
၅ ထိုမှတစ်ဖန်၊ တတိယအကြိမ်မြောက် အသံကိုကြား၍၊ ကြားနာခြင်းငှာ သူတို့နားကို ဖွင့်ကြ၏။ သူတို့မျက်စိများသည်လည်း အသံလာရာဆီသို့ မျှော်ကြည့်လျက်ရှိ၏။ သူတို့သည် အသံလာရာ ကောင်းကင်သို့လည်း မြဲမြံစွာကြည့်ကြ၏။
၆ ရှုဦးလော့၊ တတိယမြောက်အကြိမ်၌၊ သူတို့သည် ကြားသည့်အသံကို နားလည်ကြ၏။ ထိုအသံက သူတို့ကို မိန့်တော်မူသည်ကား၊
၇ ငါအလွန် နှစ်သက်တော်မူရာ၊ ငါ၏နာမတော်ကို ငါချီးမြှောက်တော်မူရာ ငါ၏ချစ်သားကို ကြည့်ရှုဆင်ခြင်ကြလော့—သင်တို့ သူ့ကို ကြားနာကြလော့။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နားလည်၍၊ ကောင်းကင်ဆီသို့ တစ်ဖန် မျှော်ကြည့်ကြ၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်မှ လူတစ်ယောက် ဆင်းသက်လာနေသည်ကို မြင်ကြ၏။ ထိုသူသည် အဖြူရောင်ဝတ်လုံကို ဝတ်ဆင်ထား၏။ ထိုသူသည်လည်း ဆင်းလာပြီးလျှင် သူတို့အလယ်၌ ရပ်၏။ လူအစုအဝေးတစ်ခုလုံး၏မျက်စိတို့သည် သူ့အပေါ်သို့လှည့်၍၊ တစ်ယောက်ကို တစ်ယောက်ပြောရန်ပင် နှုတ်ကို မဖွင့်ဝံ့ကြ။ ထိုအမှုကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်း မသိကြ။ အကြောင်းမူကား၊ သူတို့ထံရောက်လာသည့် ကောင်းကင်တမန်တစ်ပါးဖြစ်သည်ဟု တွေးထင်ကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူသည် မိမိလက်ကိုဆန့်၍ လူတို့အား ဟောပြောလျက် မိန့်တော်မူသည်ကား၊
၁၀ ရှုလော့၊ ငါသည်ကား၊ လောကထဲသို့ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်တို့ သက်သေခံခဲ့သူ ယေရှုခရစ်တော်ဖြစ်၏။
၁၁ ရှုဦးလော့၊ ငါသည် လောက၏ အလင်းနှင့် အသက်ဖြစ်၏။ ငါ့အား ခမည်းတော်ပေးတော်မူသည့် ခါးသောခွက်ကို ငါသောက်၍၊ လောကီသားတို့၏အပြစ်များကို ငါ့အပေါ်၌ ခံယူရာတွင် ခမည်းတော်ကို ချီးမွမ်းလေပြီ။ ငါသည် ထိုအမှု၌ ရှေးဦးစွာကတည်းက အရာရာ၌ ခမည်းတော်၏အလိုတော်ကို ဆောင်ခဲ့လေပြီ။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှု ဤစကားများကို ဟောလေပြီးလျှင်၊ လူအစုအဝေးတစ်ခုလုံးသည် မြေကြီးသို့ လဲကျ၏။ အကြောင်းမူကား၊ သူတို့သည် ခရစ်တော် ကောင်းကင်ဘုံသို့ တက်၍သွားတော်မူခြင်း၏နောက်၌ သူတို့ထံ ကိုယ်ထင်ပြတော်မူမည့်အကြောင်း ပရောဖက်ပြု၍ဟောထားသည်ကို သတိရကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင် သူတို့ကို မြွက်ဆို၍၊ မိန့်တော်မူလေသည်ကား၊
၁၄ သင်တို့သည် ငါ့နံဘေးတော်ကို သင်တို့၏လက်ဖြင့် စမ်းသပ်နိုင်ကြခြင်းငှာလည်းကောင်း၊ ငါ၏လက်နှင့် ငါ၏ခြေတို့မှ သံရိုက်ရာချက်တို့ကို တို့စမ်းနိုင်ကြခြင်းငှာလည်းကောင်း၊ ငါသည်ကား၊ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်၍၊ မြေကြီးတစ်ခုလုံး၏ ဘုရားသခင်ဖြစ်၍၊ လောကီသားတို့၏ အပြစ်များအတွက် ကွပ်မျက်ခံလေပြီဖြစ်ကြောင်းကို သင်တို့ သိနိုင်ကြစေခြင်းငှာလည်းကောင်း ထ၍ ငါထံသို့ လာကြလော့။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူအစုအဝေးသည် ရှေ့သို့ထွက်လာ၍၊ သူ၏နံဘေးတော်ကို သူတို့လက်ဖြင့် စမ်းသပ်ကြ၏၊ သူ၏လက်နှင့် သူ၏ခြေတို့မှ သံရိုက်ရာချက်တို့ကိုလည်း တို့စမ်းကြ၏။ သူတို့အားလုံး ရှေ့သို့ ထွက်ပြီးလေသည့်တိုင်အောင်၊ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လျက်၊ ဤအမှုကို ပြု၍၊ သူတို့၏မျက်စိဖြင့် ကြည့်ကြ၊ ထို့အတူ၊ သူတို့၏လက်ဖြင့် တို့စမ်းကြ၊ ထို့အတူ၊ သူသည်ကား၊ ပရောဖက်တို့ရေးထားသည့် ကြွလာတော်မူမည့်သူဖြစ်ကြောင်းကို ဧကန်အမှန်သိ၍ သက်သေခံကြ၏။
၁၆ သူတို့အားလုံးသည် ရှေ့သို့ထွက်၍ သူတို့ကိုယ်တိုင် တွေ့မြင်ကြလေပြီးနောက် တညီတညွတ်တည်းအော်ဟစ်၍ ဆိုကြလေသည်ကား၊
၁၇ ဟောရှဏ္ဏဖြစ်စေသတည်း၊ အမြင့်ဆုံးသောဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။ သူတို့သည်လည်း ယေရှု၏ခြေတော်ရင်း၌ လဲကျ၍၊ ကိုးကွယ်ကြ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် နီဖိုင်းကို မြွက်ဆို၍ (နီဖိုင်းသည် လူအစုအဝေးထဲ၌ ရှိသဖြင့်) ရှေ့သို့ထွက်လာရန် မိန့်တော်မူ၏။
၁၉ နီဖိုင်းသည်လည်း ထ၍ ရှေ့သို့ထွက်လာပြီးလျှင်၊ ကိုယ်တော်ရှင်ရှေ့၌ ကိုယ်ကို ညွှတ်၍ သူ့ခြေတို့ကို နမ်း၏။
၂၀ ကိုယ်တော်ရှင်ကလည်း သူ့ကို ထဖို့မိန့်တော်မူ၏။ သူသည်လည်း ထ၍ ရှေ့တော်၌ ရပ်၏။
၂၁ ကိုယ်တော်ရှင်ကလည်း သူ့ကိုမိန့်တော်မူသည်ကား၊ ငါသည် ကောင်းကင်ဘုံသို့ တစ်ဖန်တက်သွားပြီးနောက်၊ ဤလူမျိုးတို့ကို သင်ဗတ္တိဇံပေးနိုင်မည့်အကြောင်း၊ သင့်အား တန်ခိုးကို ပေး၏။
၂၂ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်သည် အခြားသောသူတို့ကိုလည်း ခေါ်တော်မူ၍၊ ထိုနည်းတူ မိန့်တော်မူ၏။ ဗတ္တိဇံပေးရန် တန်ခိုးကိုလည်း သူတို့အား ပေးတော်မူ၏။ သူတို့ကို မိန့်တော်မူလေသည်ကား၊ သင်တို့သည် ဤနည်းအားဖြင့် ဗတ္တိဇံပေးရမည်။ သင်တို့၌ ငြင်းခုံခြင်းများလည်း မရှိရ။
၂၃ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့၏စကားများကြောင့် မိမိအပြစ်များမှ နောင်တရ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံလိုသောသူကို ဤနည်းအားဖြင့် သင်တို့ဗတ္တိဇံပေးရမည်—ရှုလော့၊ သင်တို့သည် ရေထဲသို့ဆင်းသွားပြီးလျှင်၊ ရပ်၍ ငါ၏နာမတော်၌ သူတို့ကို ဗတ္တိဇံပေးရမည်။
၂၄ ယခုမူကား၊ ရှုလော့၊ သင်တို့သည် သူတို့၏နာမည်ကို ခေါ်လျက် ဤစကားများကိုဆို၍ ပြောရမည်မှာ၊
၂၅ ယေရှုခရစ်တော်အားဖြင့် ငါ့အား ပေးထားတော်မူသော အခွင့်အာဏာကို ဆောင်လျက်၊ ငါသည် ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ သင့်ကို ဗတ္တိဇံပေး၏။ အာမင်။
၂၆ ထို့နောက်တွင်၊ သင်တို့သည် သူတို့ကို ရေထဲ၌ နှစ်၍၊ ရေထဲမှ တစ်ဖန်ထွက်ပေါ်လာရမည်။
၂၇ ဤကဲ့သို့အားဖြင့် သင်တို့သည် ငါ၏နာမတော်၌ ဗတ္တိဇံပေးရမည်။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ခမည်းတော်၊ ထို့အတူ၊ သားတော်၊ ထို့အတူ၊ သန့်ရှင်းသောဝိညာဉ်တော်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်တော်မူ၏။ ငါသည် ခမည်းတော်၌ ရှိ၏၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၍၊ ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်းဖြစ်၏။
၂၈ သင်တို့ကို ငါမိန့်တော်မူလေသည့်အတိုင်း သင်တို့သည် ဗတ္တိဇံပေးရမည်။ သင်တို့၌ ယခင်ကရှိသကဲ့သို့ ငြင်းခုံခြင်းများ မရှိရ။ သင်တို့၌ ယခင်ကရှိသကဲ့သို့ ငါ၏ဩဝါဒအချက်များနှင့်စပ်လျဉ်း၍လည်း ငြင်းခုံခြင်းများမရှိရ။
၂၉ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ရန်တွေ့ခြင်းစိတ်သဘောရှိသူသည် ငါ၏လူမဟုတ်၊ ရန်တွေ့ခြင်း၏အဘဖြစ်သည့် နတ်ဆိုး၏လူသာဖြစ်၏၊ ထိုသူသည် လူတို့၏စိတ်နှလုံးကို အချင်းချင်းအမျက်ဖြင့် ရန်တွေ့စေခြင်းငှာ နှိုးဆော်၏။
၃၀ ရှုလော့၊ တစ်ဦးနှင့်တစ်ဦးဆန့်ကျင်၍၊ လူတို့၏စိတ်နှလုံးကို အမျက်ဖြင့် နှိုးဆော်ရန်မှာ ငါ၏ဩဝါဒမဟုတ်။ သို့ရာတွင်၊ ထိုကဲ့သို့သောအမှုများကို ရပ်စဲစေရန်မှာ ငါ၏ဩဝါဒဖြစ်၏။
၃၁ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် သင်တို့အား ငါ၏ဩဝါဒကို ဟောကြားမည်။
၃၂ ဤအရာသည်ကား၊ ငါ၏ဩဝါဒဖြစ်၏၊ ငါ့ထံသို့ ခမည်းတော် ပေးတော်မူသော ဩဝါဒလည်းဖြစ်၏။ ငါသည် ခမည်းတော်အကြောင်းကို သက်သေခံ၏၊ ခမည်းတော်သည် ငါ့အကြောင်းကို သက်သေခံတော်မူ၍၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်နှင့် ငါ့အကြောင်းကို သက်သေခံ၏။ ခမည်းတော်သည် နေရာတိုင်း၌ရှိသောလူသားခပ်သိမ်းတို့အား၊ နောင်တရ၍ ငါ့ကို ယုံကြည်ကြရန် မိန့်တော်မူကြောင်း ငါသက်သေခံ၏။
၃၃ ငါ့၌ယုံကြည်၍ ဗတ္တိဇံခံသောသူသည်လည်း ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ထိုသူတို့သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည့်သူများဖြစ်၏။
၃၄ ငါ့၌မယုံကြည်၍ ဗတ္တိဇံ မခံသောသူသည်ကား၊ အပြစ်စီရင် ခံရလိမ့်မည်။
၃၅ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် ငါ၏ဩဝါဒဖြစ်၏၊ ခမည်းတော်ထံမှ ဖြစ်တော်မူကြောင်းကို ငါသက်သေခံ၏။ ငါ့၌ ယုံကြည်သောသူသည် ခမည်းတော်၌လည်း ယုံကြည်၏။ ခမည်းတော်သည် ထိုသူ့ထံသို့ ငါ့အကြောင်းကို သက်သေခံတော်မူပေမည်။ အကြောင်းမူကား၊ သူသည် ထိုသူ့ထံသို့ မီးနှင့် သန့်ရှင်းသောဝိညာဉ်အားဖြင့် အကြည့်အရှုကြွတော်မူပေမည်။
၃၆ ထိုကဲ့သို့အားဖြင့်၊ ခမည်းတော်သည် ငါ့အကြောင်းကို သက်သေခံတော်မူလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုသူ့ထံသို့ ခမည်းတော်နှင့် ငါ့အကြောင်းကို သက်သေခံတော်မူလိမ့်မည်။ အကြောင်းမူကား၊ ခမည်းတော်၊ ငါနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် တစ်လုံးတစ်ဝတည်း ဖြစ်၏။
၃၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တရ၍ ကလေးသူငယ်ကဲ့သို့ ဖြစ်လာပြီးလျှင်၊ ငါ၏နာမတော်၌ ဗတ္တိဇံခံရကြမည်။ သို့မဟုတ်လျှင်၊ ဤအရာတို့ကို အလျှင်းလက်ခံမရရှိနိုင်ကြ။
၃၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တရ၍ ငါ၏နာမတော်၌ ဗတ္တိဇံခံလျက်၊ ကလေးသူငယ်ကဲ့သို့ ဖြစ်လာကြရမည်။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်ကြ။
၃၉ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် ငါ၏ဩဝါဒဖြစ်၏၊ ဤအရာအပေါ်၌ တည်ဆောက်သောသူသည် ငါ၏ကျောက်ပေါ်၌ တည်ဆောက်၏။ ငရဲ၏တံခါးတို့သည်လည်း သူတို့ကို မနိုင်ရာ။
၄၀ ဤအရာထက် ပို၍ သို့မဟုတ် လျော့၍ဟောကြားပြီးလျှင်၊ ငါ၏ဩဝါဒဟု ဆိုသောသူသည်လည်း မကောင်းမှုဆီမှ လာ၏၊ ငါ၏ကျောက်ပေါ်၌ တည်ဆောက်ထားသည်မဟုတ်။ သဲအုတ်မြစ် ပေါ်၌သာ တည်ဆောက်သဖြင့်၊ သူတို့အပေါ်သို့ ရေလွှမ်းမိုး၍ လေတိုက်သောအခါ၊ ငရဲ၏တံခါးများသည် ထိုကဲ့သို့သောသူတို့ကို လက်ခံရန် ပွင့်လျက်ရှိ၏။
၄၁ ထို့ကြောင့်၊ ဤလူတို့ထံသို့ ထွက်သွားကြလော့၊ ငါဟောပြောသည့်စကားများကိုလည်း မြေကြီးစွန်းတိုင်အောင် ဟောကြားကြလော့။