အခန်းကြီး ၁၇
ယေရှုသည် လူတို့အား မိမိ၏စကားများကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်ကြရန်နှင့် နားလည်ရန်အတွက် ဆုတောင်းကြရန် ညွှန်ကြား၏—ထိုသူတို့၏ ဖျားနာသောသူများကို အနာကင်းစေ၏—သူသည် ရေး၍မရနိုင်သော ဘာသာစကားဖြင့် လူတို့အတွက် ဆုတောင်း၏—ကောင်းကင်တမန်တို့သည် ထိုသူတို့၏ကလေးသူငယ်တို့ကို အမှုတော်ဆောင်၏၊ မီးကလည်း ဝိုင်းပတ်ထား၏။ အေဒီ ၃၄ ခန့်။
၁ ရှုလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို ဟောလေပြီးလျှင်၊ လူအစုအဝေး၏ပတ်ဝန်းကျင်သို့ တစ်ဖန်ကြည့်ရှုတော်မူ၍၊ မိန့်တော်မူလေသည်ကား၊ ရှုလော့၊ ငါ၏အချိန်သည် နီးကပ်လာပေပြီ။
၂ ငါသည် သင်တို့အားနည်း၍၊ ယခုအချိန်၌ သင်တို့ကို ဟောပြောရန် ငါ့ကို ခမည်းတော် မိန့်တော်မူသည့် ငါ၏စကားခပ်သိမ်းတို့ကို နားမလည်နိုင်ကြကြောင်း သိ၏။
၃ ထို့ကြောင့်၊ သင်တို့၏နေအိမ်များသို့ ပြန်ကြလော့၊ ငါပြောသည့်အရာတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်ကြလော့၊ ငါ၏နာမတော်အားဖြင့်၊ ခမည်းတော်ထံသို့ တောင်းကြလော့၊ နားလည်နိုင်ကြ စေခြင်းငှာ ပေတည်း၊ နက်ဖြန်နေ့အတွက် သင်တို့၏စိတ်ကို ပြင်ဆင်ကြလော့၊ ငါသည် သင်တို့ထံသို့ တစ်ဖန်လာဦးမည်။
၄ သို့ရာတွင်၊ ယခုမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်။ ပျောက်ဆုံးသော ဣသရေလမျိုးနွယ်စုတို့ထံ ငါကိုယ်တိုင်ပြတော်မူခြင်းငှာလည်းသွားမည်။ အကြောင်းမူကား၊ သူတို့သည် ခမည်းတော်အမြင်၌ မပျောက်ဆုံးကြ။ သူတို့ကို အဘယ်အရပ်သို့ ဆောင်တော်မူသည်ကို သိတော်မူသောကြောင့်ပင်တည်း။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ထိုကဲ့သို့ ဟောပြောပြီးနောက်၊ လူအစုအဝေးကို တစ်ဖန်မျှော်ကြည့်လျှင်၊ သူတို့သည်မျက်ရည်ကျလျက်ရှိကြ၏၊ သူ့ကို သူတို့နှင့် အနည်းငယ်မျှပို၍ကြာအောင် တည်းခိုနေရန် တောင်းပန်လိုသကဲ့သို့ သူ့ထံသို့ မြဲမြံစွာကြည့်လျက်ရှိသည်ကို မြင်တော်မူ၏။
၆ ထိုသူတို့ကို မိန့်တော်မူလေသည်ကား၊ ရှုလော့၊ ငါ၏ဝမ်းသည် သင်တို့ကို သနားခြင်းနှင့် ပြည့်၏။
၇ သင်တို့၌ ဖျားနာသာသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ ဆောင်ယူခဲ့ကြလော့။ သင်တို့၌ ခြေမစွမ်းသောသူ၊ သို့မဟုတ် မျက်စိကန်းသောသူ၊ သို့မဟုတ် ခြေဆွံ့သောသူ၊ သို့မဟုတ် အင်္ဂါချို့တဲ့သောသူ၊ သို့မဟုတ် နူသောသူ၊ သို့မဟုတ် ကိုယ်ပိန်ခြောက်သောသူ၊ သို့မဟုတ် နားပင်းသောသူ၊ ဒုက္ခအမျိုးမျိုးရောက်သောသူ တစ်စုံတစ်ဦး ရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ ဆောင်ယူခဲ့ကြလော့။ ငါသည် သူတို့ကို အနာကင်းစေမည်။ အကြောင်းမူကား၊ ငါသည် သင်တို့ကို သနားတော်မူ၏။ ငါ၏ဝမ်းသည် ကရုဏာတော်နှင့်ပြည့်၏။
၈ ယေရုရှလင်ရှိ သင်တို့၏ညီအစ်ကိုတို့ထံ ငါပြုတော်မူသောအရာတို့ကို သင်တို့အား ပြစေကြောင်း၊ သင်တို့အလိုရှိကြသည်ကို ငါသိ၏။ အကြောင်းမူကား၊ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ကို ငါအနာကင်းစေတော်မူသည့်တိုင်အောင် လုံလောက်ကြောင်း ငါသိ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူက ထိုကဲ့သို့အားဖြင့် ဟောပြောပြီးလျှင်၊ ခပ်သိမ်းသောလူအစုအဝေးသည် မိမိတို့၏ဖျားနာသောသူများနှင့် မိမိတို့၏ဒုက္ခရောက်သောသူများနှင့်၊ ထို့အတူ မိမိတို့၏ခြေမစွမ်းသောသူများ၊ ထို့အတူ မိမိတို့၏မျက်စိကန်းသောသူများနှင့်၊ ထို့အတူ မိမိတို့၏ဆွံ့အသောသူများနှင့်၊ ထို့အတူ၊ အမျိုမျိုးသောဒုက္ခရောက်ကြသောသူခပ်သိမ်းတို့နှင့် တညီတညွတ်တည်း ရှေ့သို့ထွက်လာကြ၏။ သူသည်လည်း မိမိထံသို့ သူတို့ထွက်လာလေသောအခါ၊ ထိုသူတို့အယောက်တိုင်းကို အနာကင်းစေ၏။
၁၀ အနာကင်းစေခဲ့သောသူများနှင့် ကျန်းမာလျက်ရှိသူခပ်သိမ်းတို့သည်လည်း သူ့ခြေရင်း၌ ဦးညွှတ်ပျပ်ဝပ်၍၊ သူ့ကို ကိုးကွယ်ကြ၏။ လာနိုင်သမျှလာကြသည့် များစွာသော လူအစုအဝေးက သူ၏ခြေကိုနမ်း၍၊ သူ့ခြေကို သူတို့၏မျက်ရည်များဖြင့် စိုစေကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကလေးသူငယ်တို့ကို ခေါ်ဆောင်ခဲ့ရန်မိန့်မှာ၏။
၁၂ ထို့ကြောင့်၊ သူတို့သည် မိမိတို့၏ကလေးသူငယ်တို့ကို ခေါ်ဆောင်ပြီး၊ သူ့ပတ်လည်၌ မြေကြီးပေါ်မှာ ချထားကြ၏။ ယေရှုသည်လည်း သူတို့အလယ်မှာ ရပ်၏။ လူအစုအဝေးသည်လည်း ထိုသူငယ်ခပ်သိမ်းတို့ သူ့ထံသို့ ရောက်စေသည့်တိုင်အောင် နောက်ဆုတ်၍ပေးကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အားလုံးကို ခေါ်ဆောင်ပြီးနောက်တွင်၊ ယေရှုသည် သူတို့အလယ်၌ရပ်၍၊ လူအစုအဝေးအား မြေကြီးပေါ်၌ ဒူးထောက်ရမည့်အကြောင်းကို မိန့်မှာ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့မြေကြီးပေါ်၌ ဒူးထောက်ကြပြီးလျှင်၊ ယေရှုသည် စိတ်ညှိုးငယ်၍ လျှောက်တော်မူသည်ကား၊ အဘ၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့၏ ဆိုးညစ်ခြင်းကြောင့် စိတ်ညှိုးငယ်ပါ၏။
၁၅ ဤစကားများကို မိန့်တော်မူသည့် အချိန်တွင်၊ သူကိုယ်တိုင်လည်း မြေကြီးပေါ်၌ ဒူးထောက်၏။ ရှုဦးလော့၊ သူသည် ခမည်းတော်ထံသို့ ဆုတောင်း၏။ သူဆုတောင်းသောအရာတို့ကို မရေးနိုင်သော်လည်း၊ သူ့ကို ကြားနာရသော လူအစုအဝေးက သက်သေခံကြ၏။
၁၆ ဤကဲ့သို့အားဖြင့် သူတို့သက်သေခံကြသည်ကား၊ ခမည်းတော်ထံသို့ ယေရှုဆုတောင်းခြင်းကို ငါတို့မြင်ရ၊ ကြားရသကဲ့သို့၊ ထိုမျှလောက် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ယခင်က၊ မျက်စိဖြင့် မမြင်ရစဖူး၊ နားဖြင့်လည်း မကြားရစဖူးပေ။
၁၇ အဘယ်သူမျှမပြောနိုင်၊ အဘယ်တစ်ဦးတစ်ယောက်အားဖြင့်မျှလည်း ရေးမထားနိုင်၊ ယေရှုကဟောပြောသည်ကို ငါတို့ မြင်ရ၊ ကြားရသကဲ့သို့ ထိုမျှလောက် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကိုလည်း လူတို့စိတ်နှလုံးက မတွေးဆနိုင်။ ငါတို့အတွက် ခမည်းတော်ထံသို့ သူဆုတောင်းသည်ကို ငါတို့ကြားသောအခါ၌ ငါတို့၏စိတ်ဝိညာဉ်ကို ပြည့်စေသည့် ဝမ်းမြောက်ခြင်းကို အဘယ်သူမျှမတွေးဆနိုင်။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ခမည်းတော်ထံသို့ ဆုတောင်းခြင်းကို လက်စသတ်ပြီးနောက် ထလာ၏။ သို့ရာတွင်၊ လူအစုအဝေးမှာ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းကို အကြီးအကျယ်ခံစားရကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် သူတို့ကို မြွက်ဆိုတော်မူ၏၊ ထရန်လည်း အမိန့်ပေး၏။
၂၀ သူတို့သည်လည်း မြေကြီးမှထလျှင်၊ သူမိန့်တော်မူသည်မှာ၊ သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့သည် မင်္ဂလာရှိကြ၏။ ယခုမူကား၊ ရှုလော့၊ ငါ၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။
၂၁ သူသည် ဤစကားများကို မိန့်တော်မူပြီးလျှင်လည်း၊ ငိုကြွေးတော်မူ၍၊ လူအစုအဝေးသည် ထိုအမှုကို သက်သေခံကြ၏။ သူတို့၏ ကလေးသူငယ်တို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက်ခေါ်၍ ကောင်းချီးပေးတော်မူပြီးလျှင်၊ သူတို့အတွက် ခမည်းတော်ထံသို့ ဆုတောင်း၏။
၂၂ ဤသို့ပြုတော်မူပြီးလျှင်၊ တစ်ဖန်ငိုကြွေးတော်မူ၏။
၂၃ လူအစုအဝေးကို ဟောပြော၍၊ သင်တို့၏ကလေးသူငယ်တို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူ၏။
၂၄ သူတို့သည်လည်း မြင်ခြင်းငှာ ကြည့်လျက်ရှိစဉ်တွင်၊ ကောင်းကင်သို့ မျှော်ကြည့်၍၊ ကောင်းကင်ပွင့်သည်ကို မြင်ကြ၏။ ကောင်းကင်တမန်တို့ကိုလည်း မီးများအလယ်၌ရှိနေဟန်ဖြင့် ကောင်းကင်ဘုံမှ ဆင်းသက်လာနေသည်ကို မြင်ကြ၏။ ထိုတမန်တို့သည်လည်း ဆင်းလာ၍၊ကလေးသူငယ်တို့ကို ပတ်လည်ဝိုင်း၍၊ သူတို့သည် မီးနှင့်ပတ်လည်ဝိုင်းလျက်ရှိ၏။ ကောင်းကင်တမန်တို့ကလည်း သူတို့ကို အမှုတော်ဆောင်ကြ၏။
၂၅ လူအစုအဝေးသည်လည်း မြင်ရ၊ ကြားရ၍၊ သက်သေခံကြ၏။ သူတို့မှ ခပ်သိမ်းသောသူတို့သည် အယောက်တိုင်း ကိုယ်တိုင်မြင်ရ၊ ကြားရသဖြင့် မိမိတို့၏သက်သေခံချက် မှန်ကန်ကြောင်းကိုလည်း သိကြ၏။ သူတို့သည် အရေအတွက်အားဖြင့် အယောက်နှစ်ထောင်ငါးရာခန့် ရှိ၏။ ထိုသူတို့တွင်၊ ယောက်ျား၊ မိန်းမနှင့် ကလေးများပါဝင်ကြ၏။