ကျမ်းစာများ
၃ နီဖိုင်း ၂


အခန်းကြီး ၂

ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများသည် လူတို့၌ တိုးပွား၏—နီဖိုင်း​အမျိုးသား​တို့နှင့် လာမန်​အမျိုးသားတို့သည် ဂါဒျန်တန်​ဓားပြတို့​တစ်ဖက်၌ သူတို့ကိုယ်​သူတို့​ကာကွယ်ခြင်းငှာ ပူးပေါင်းကြ၏—ပြောင်းလဲသော လာမန်​အမျိုးသားတို့သည် အသား​ဖြူ​လာ၍၊ နီဖိုင်း​အမျိုးသားများဟု အခေါ်​ခံရ၏။ အေဒီ ၅–၁၆ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုးဆယ်ငါး​နှစ်မြောက်​သည်​လည်း ထိုကဲ့သို့​အားဖြင့်၊ ကုန်လွန်​သွား၍၊ လူတို့သည် မိမိတို့​ကြားလေသည့် ထိုနိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုတို့ကို မေ့လျော့​စပြုလျက်၊ ကောင်းကင်မှ နိမိတ်​လက္ခဏာသို့​မဟုတ်၊ အံ့မခန်း​ချီးမွမ်းဖွယ်​အမှု၌ အံ့ဩခြင်း နည်း​သည်​ထက်​နည်း​လာသည်မှာ၊ သူတို့​စိတ်နှလုံး၌​မာကျောရန်၊ ထို့အတူ သူတို့၏​အသိ​စိတ်​ကွယ်စရန် အစ​ပြုလျက်၊ သူတို့​ကြားခဲ့ မြင်ခဲ့သည့် ခပ်သိမ်းသော​အရာတို့၌ မယုံကြည်​စပြုသည့်​တိုင်အောင်​ပင်တည်း—

ထိုအရာမှာ၊ လူတို့​စိတ်နှလုံးကို လှည့်​ဖြား​ခေါ်ဆောင်​သွား၍၊ လှည့်​စားရန် နတ်ဆိုး၏​တန်ခိုး​အားဖြင့် ပြုပြင်​စီရင်​ထားသည်​ဟူသော၊ အချည်း​နှီး​ဖြစ်သည့်​အရာ​အချို့ကို သူတို့​စိတ်နှလုံး၌ ထင်မြင်လျက်​ရှိကြ၏။ ထိုကဲ့သို့​အားဖြင့်၊ စာတန်သည် လူတို့၏​စိတ်နှလုံးကို တစ်ဖန် သိမ်း​ယူ၍၊ မျက်စိကို ကွယ်စေလျက်၊ ခရစ်တော်၏​ဩဝါဒသည် မိုက်မဲ၍ အချည်​နှီး​ဖြစ်သော​အရာ​တစ်ခု​ဖြစ်သည်ဟု ယုံကြည်ကြစေရန် သူတို့ကို လှည့်ဖြား​ခေါ်​ဆောင်​သွား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၌ အားကြီး​လာကြ၏။ နောက်ထပ်၍​ပေး​ထားသော နိမိတ်​လက္ခဏာ သို့မဟုတ် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများ​ရှိမည်ကို မယုံကြည်ကြ။ စာတန်​သည်လည်း လူတို့​စိတ်နှလုံးကို လှည့်ဖြား​ခေါ်ဆောင်​သွားလျက်၊ သွေး​ဆောင်​ဖြား​ယောင်း၍၊ သူတို့ကို ထိုပြည်၌ ကြီးစွာသော​ဆိုးညစ်ခြင်းကို ပြုစေလျက် အရပ်​ရပ်သို့ သွား၏။

ထိုကဲ့သို့​အားဖြင့်၊ ကိုးဆယ်ခြောက်​နှစ်မြောက်​သည်​လည်း​ကောင်း၊ ကိုးဆယ်ခုနစ်​နှစ်​မြောက်​သည်​လည်း​ကောင်း၊ ကိုးဆယ်ရှစ်​နှစ်​မြောက်​သည်​လည်း​ကောင်း၊ ကိုးဆယ်​ကိုး​နှစ်​မြောက်​သည်​လည်း​ကောင်း ကုန်​လွန်​သွား၏။

နီဖိုင်း​လူမျိုးတို့​အပေါ်၌ ရှင်ဘုရင်​ဖြစ်သူ မောဇိယ​မင်းကြီး​လက်ထက်​မှစ၍၊ နှစ်ပေါင်း​တစ်ရာ​သည်​လည်း ကုန်​လွန်​သွား၏။

လေဟိ ယေရုရှလင်ကို စွန့်ခွာသည့်အချိန်မှစ၍ ခြောက်ရာကိုးနှစ်လည်း ကုန်လွန်သွား၏။

လောက​ထဲသို့ ခရစ်တော်​ကြွ​လာ​တော်မူမည့်​အကြောင်း၊ ပရောဖက်တို့​အားဖြင့် ဟောလေသည့် နိမိတ်​လက္ခဏာကို ပေး​ထားလေ​သည့်​အချိန်မှ​စ၍ ကိုးနှစ်လည်း ကုန်​လွန်​သွား၏။

ယခုတွင်၊ နီဖိုင်း​လူမျိုးတို့သည် နိမိတ်​လက္ခဏာကို ပေးသည့် ဤကာလမှ​စ၍ သို့မဟုတ်၊ ခရစ်တော်၏​ကြွ​လာ​တော်မူခြင်းမှ​စ၍ သူတို့၏​အချိန်ကို ရေတွက်​စပြုကြ၏။ ထို့ကြောင့် ကိုး​နှစ်​ကုန်​လွန်​သွား၏။

ထိုမှတ်တမ်းများ​အတွက် တာဝန်​ရှိသူ၊ နီဖိုင်း၏​အဘ​ဖြစ်သူ နီဖိုင်း​သည်လည်း ဇရဟင်မလ​ပြည်သို့ ပြန်​မသွား။ ထိုပြည်​တစ်ခုလုံး၌​လည်း အဘယ်​အရပ်​တွင်မျှ၊ မတွေ့​ရနိုင်ချေ။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့​သည် သူတို့ထံသို့ စေလွှတ်သည့် များစွာသော ဟော​ပြောခြင်းနှင့် ပရောဖက်​ပြု​ဟောခြင်းတို့ ရှိသော်​ငြား​လည်း ဆိုး​ညစ်ခြင်း၌ ဆက်၍​ရှိ​နေကြ​သေး၏။ ထိုကဲ့သို့​အားဖြင့်၊ တစ်ဆယ်​နှစ်မြောက်​သည်လည်း ကုန်လွန်သွား၏။ တစ်ဆယ်​တစ်နှစ်​မြောက်သည်လည်း ဒုစရိုက်ဖြင့် ကုန်​လွန်​သွား၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တစ်ဆယ်သုံး​နှစ်မြောက်၌၊ ထိုပြည်​တစ်လျှောက်လုံး၌ စစ်တိုက်ခြင်း​များနှင့် ရန်တွေ့ခြင်းများ အစ​ပြု၏။ အကြောင်း​မူကား၊ ဂါဒျန်တန်​ဓားပြတို့သည် အလွန်​မြောက်​မြား​လာ၍၊ အလွန်​များစွာသော​လူတို့ကို ကွပ်​မျက်ကြ၏။ အလွန်​များစွာသော​မြို့တို့ကိုလည်း ဖျက်ဆီးကြ၊ ပြည်​တစ်လျှောက်၌ အလွန်​များစွာသော အသေ​သတ်ခြင်းနှင့် သိမ်းရုံး​သတ်ဖြတ်ခြင်းတို့​ကိုလည်း ပျံ့နှံ့​စေသဖြင့်၊ ခပ်သိမ်းသော​လူမျိုး၊ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသား​နှစ်မျိုး​စလုံးတို့သည် ထိုသူတို့ကို ဆန့်ကျင်၍၊ လက်နက်စွဲ​ကိုင်ရန် လိုအပ်​လာ၏။

၁၂ ထို့ကြောင့် ကိုယ်တော်ရှင်​ထံသို့ ပြောင်းလဲသူ လာမန်​အမျိုးသား​ခပ်သိမ်း​တို့သည် မိမိတို့၏​ညီအစ်ကို နီဖိုင်း​အမျိုးသားတို့နှင့် ပူးပေါင်း၍၊ သူတို့၏​အသက်၊ သူတို့၏​မိန်းမများနှင့် သူတို့​သားသမီးများ၏ ဘေး​လွတ်ခြင်း​အတွက်၊ ထို​ဂါဒျန်တန်​ဓားပြတို့​ကို​ဆန့်ကျင်၍၊ လက်နက်စွဲ​ကိုင်စေရန်၊ ထိုမှတစ်ပါး၊ သူတို့၏​အခွင့်​အရေးများ၊ ထို့အတူ သူတို့၏​အသင်းတော်နှင့် သူတို့၏​ကိုးကွယ်ခြင်း အထူး​အခွင့်​အရေးများ၊ ထို့အတူ၊ သူတို့၏​လွတ်လပ်ခွင့်နှင့် သူတို့၏​လွပ်လပ်ခြင်းတို့ကို ကာကွယ်​စောင့်ရှောက်စေရန် အနိုင်​အထက်​စီရင်​ခံရကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤတစ်ဆယ်​သုံး​နှစ်မြောက် မကုန်​လွန်​မီ၌၊ အလွန်​ပြင်းထန်​လာသည့် ဤစစ်​တိုက်ခြင်းကြောင့်၊ နီဖိုင်း​အမျိုးသားတို့သည် ရှင်း​ရှင်း​ပျက်စီးခြင်းဖြင့် ခြိမ်း​ခြောက်​ခံရ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့နှင့် ပူးပေါင်းသူ ထိုလာမန်​အမျိုးသားတို့သည် နီဖိုင်​အမျိုးသားတို့၌ ရေတွက်​ခံရ၏။

၁၅ သူတို့၏​ကျိန်ခြင်းကိုလည်း သူတို့​ထံမှ ပယ်ရှား​သဖြင့် သူတို့၏​အသားသည် နီဖိုင်း​အမျိုးသားတို့​ကဲ့သို့ ဖြူ​လာ၏။

၁၆ သူတို့၏​လူပျို​များနှင့် သူတို့၏​သမီးတို့​သည်​လည်း အလွန်​ချောမော​လာ၏၊ နီဖိုင်း​အမျိုးသားတို့၌ ရေတွက်၍ နီဖိုင်း​အမျိုးသားများဟု အခေါ်​ခံရ၏။ ထိုကဲ့သို့​အားဖြင့်၊ တစ်ဆယ်သုံး​နှစ်မြောက် ပြီး​ဆုံး၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တစ်ဆယ်လေး​နှစ်မြောက်​အစ၌၊ ဓားပြများနှင့် နီဖိုင်း​လူမျိုးတို့​အကြား​ရှိ​စစ်တိုက်ခြင်း ဆက်၍​ဖြစ်၏၊ အလွန်​ပြင်း​ထန်​လာ၏။ သို့သော်လည်း၊ နီဖိုင်း​လူမျိုးတို့သည် ဓားပြတို့​အပေါ်၌ အခွင့်​သာခြင်း​အချို့ကို ရသဖြင့်၊ ထိုသူတို့ကို မိမိတို့၏​ပြည်မှ​နေ၍ တောင်များ​ထဲသို့​လည်း​ကောင်း၊ ထိုသူတို့၏ လျှို့ဝှက်သော​နေရာများထဲသို့​လည်း​ကောင်း ပြန်၍​နှင်​ထုတ်​ကြ၏။

၁၈ ထိုကဲ့သို့​အားဖြင့် တစ်ဆယ်လေး​နှစ်မြောက်​ပြီးဆုံး၏။ တစ်ဆယ်ငါး​နှစ်မြောက်​၌​လည်း သူတို့သည် နီဖိုင်း​လူမျိုးတို့ကို ထွက်​လာ၍၊ တိုက်​ခိုက်ကြ၏။ နီဖိုင်း​လူမျိုးတို့၏ ဆိုးညစ်ခြင်း၊ ထို့အတူ သူတို့၏ များစွာသော ရန်တွေ့ခြင်း​များနှင့် ငြင်းခုံခြင်းတို့​ကြောင့်၊ ဂါဒျန်တန်​ဓားပြတို့​သည် သူတို့​အပေါ်၌ များစွာ​အခွင့်​သာခြင်းကို ရကြ၏။

၁၉ ထိုကဲ့သို့​အားဖြင့် တစ်ဆယ်ငါး​နှစ်​မြောက်​ပြီး​ဆုံး၍၊ ဤရွေ့ကား၊ ထိုလူမျိုးတို့ များစွာသော ဆင်းရဲ​ဒုက္ခ​ရောက်ရာ​အခြေ​အနေ​ဖြစ်၏။ ဖျက်​ဆီးခြင်း​ဓားလည်း သူတို့​အပေါ် မိုးသဖြင့်၊ သူတို့သည် ခုတ်ချ​ခံရ​တော့မည်ကဲ့သို့ဖြစ်၍၊ ဤသို့​ဖြစ်ရ​သည်မှာ​လည်း သူတို့၏​ဒုစရိုက်​ကြောင့်​ပေတည်း။

ပုံနှိပ်သည်