ကျမ်းစာများ
၃ နီဖိုင်း ၂၄


အခန်းကြီး ၂၄

ကိုယ်တော်ရှင်၏​တမန်တော်သည် ဒုတိယ​အကြိမ်​ကြွ​လာ​တော်မူခြင်း​အတွက် လမ်းကို ပြင်​ဆင်လိမ့်မည်—ခရစ်တော်သည် တရား​စီရင်​တော်မူရာ၌ ထိုင်တော်မူ​လိမ့်မည်—ဣသရေလ​အမျိုးတို့သည် ဆယ်ဖို့​တစ်ဖို့နှင့် ပူ​ဇော်​သက္ကာတို့ကို ပေးရန် မိန့်​မှာခံရ၏—အောက်မေ့​ဖွယ်ရာ​စာအုပ်ကို သိမ်းဆည်း​ထား၏—မာလခိအခန်းကြီး ၃ နှင့် နှိုင်း​ယှဉ်ပါ။ အေဒီ ၃၄ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့ကို ပြော​ပြ​ရမည်​ဖြစ်သော၊ ခမည်းတော် မာလခိကို ဖော်​ပြ​တော်မူသည့် စကားများကို သူတို့​ရေး​ရမည့်​အကြောင်း မိန့်မှာ၏။ ဤသို့​အားဖြင့် အချိန်​တန်​လာသော​အခါ၊ ထိုအမှုတို့ကို ရေး​လေ​ပြီးနောက်၊ ရှင်းပြ​တော်မူ၏။ သူတို့ကို ပြော​ပြသည့် ဤ​စကားများ​သည်ကား၊ ခမည်းတော် မာလခိကို မိန့်တော်မူ​သည်မှာ—ရှုလော့၊ ငါ​သွားရာ​လမ်းကို ပြင်ဆင်ရသော​ငါ၏​တမန်တော်ကို ငါ​စေလွှတ်မည်။ သင်တို့​ရှာသော ကိုယ်တော်ရှင်၊ သင်တို့​မွေ့လျော်သည့် ပဋိညာဉ်​တမန်တော်သည် မိမိ​ဗိမာန်တော်သို့ ရုတ်တရက်​လာလိမ့်မည်။ ရှုလော့၊ ထိုသူ​လာလိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်တော်မူ၏။

သို့ရာတွင်၊ သူ၏​ကြွ​လာတော်မူရာ​နေ့၌ အဘယ်​သူသည် တည်တံ့​နိုင်​လိမ့်မည်နည်း။ သူ​ပေါ်​ထွန်း​တော်မူသော​အခါ အဘယ်သူသည် ခံ​ရပ်နိုင်​မည်နည်း။ အကြောင်း​မူကား၊ သူသည် သန့်​စင်​အောင်​ပြုသော​သူ၏​မီးကဲ့သို့​ဖြစ်​တော်မူ၍၊ ခဝါသည်၏​ဆပ်​ပြာကဲ့သို့ ဖြစ်​တော်မူ၏။

သူသည် ငွေကိုသန့်စင်အောင်ပြုသောသူ၊ စင်ကြယ်စေသော​သူကဲ့သို့ ထိုင်၍၊ လေဝိ၏​သားတို့အား၊ ကိုယ်တော်ရှင်​ထံသို့ ဖြောင့်မတ်ခြင်း​ပူဇော်​သက္ကာကို သူတို့ပူဇော်နိုင်ကြ​စေခြင်းငှာ၊ သူတို့ကို စင်ကြယ်စေတော်မူလိမ့်မည်၊ ရွှေနှင့် ငွေကို ကဲ့သို့လည်း သူတို့ကို သန့်ရှင်း​စေတော်မူ​လိမ့်မည်။

ထို့နောက်တွင်၊ ယုဒ​ပြည်နှင့် ယေရုရှလင်မြို့မှ ပူဇော်​သက္ကာသည် ရှေးနေ့ရက်များနှင့် လွန်လေ​ပြီးသော​နှစ်တို့၌ ဖြစ်လေသကဲ့သို့ ကိုယ်တော်ရှင်​နှစ်​သက်​တော်မူဖွယ် ဖြစ်လိမ့်မည်။

ငါသည် တရား​စီရင်​တော်မူခြင်းငှာ သင်တို့အနီးသို့ လာမည်။ ပြု​စား​တတ်သော​သူ၊ သူ့​သားမယားအား ပြစ်မှားသော​သူ၊ မမှန်သော​ကျိန်​ဆိုခြင်းကို ပြုသော​သူ၊ သူငှားကို အခ​မပေး၊ ညှဉ်း​ဆဲသောသူ၊ အဘ​မရှိသော​သူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသော​သူ၊ သူတစိမ်းကို ငြင်းပယ်သော​သူ၊ ငါ့ကို​မကြောက်ရွံ့သော​သူတို့​တစ်ဖက်၌ ငါသည် လျင်​မြန်သော​သက်​သေ​ဖြစ်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

အကြောင်း​မူကား၊ ငါသည် ကိုယ်တော်ရှင်​ဖြစ်၏။ ပြောင်းလဲခြင်း​မရှိ။ ထို့ကြောင့်၊ ယာကုပ်​အမျိုးသားတို့ သင်တို့သည် လောင်​မြိုက်ခြင်းသို့ မရောက်ကြ။

သင်တို့၏​ဘိုးဘေးတို့​လက်​ထက်မှ​စ၍​ပင် သင်တို့သည် ငါ၏ဘိသိက်မင်္ဂလာများကို​မစော့င်။ တိမ်း​ရှောင်ကြပြီ။ ငါ့​ထံသို့ ပြန်​လာကြလော့။ ငါ​သည်လည်း သင်တို့​ဆီသို့ ပြန်​လာမည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်​လာ​ရပါ​မည်နည်းဟု သင်တို့​မေးကြ​သည်​တကား။

လူသည် ဘုရားသခင်၏​ဥစ္စာတော်ကို လုယူ​ရမည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့​ဥစ္စာတော်ကို လု​ယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ​ပါသနည်းဟု သင်တို့​မေးလျှင်၊ ဆယ်ဖို့​တစ်ဖို့​ကိုလည်း​ကောင်း၊ ပူဇော်​သက္ကာတို့​ကိုလည်း​ကောင်း လုယူကြ​ပြီ။

သင်တို့သည် ကျိန်ခြင်း​အမင်္ဂလာဖြင့် အကျိန်​ခံရကြ၏။ အကြောင်း​မူကား၊ သင်တို့​ပြည်​သားခပ်သိမ်းတို့သည်​ပင် ငါ့​ဥစ္စာကို လု​ယူကြ​ပြီ။

၁၀ သင်တို့သည် ဆယ်ဖို့​တစ်ဖို့ ရှိသမျှကို ဘဏ္ဍာ​တိုက်ထဲသို့ သွင်း၍၊ ငါ့​အိမ်တော်၌ စားစရာ​ရှိ​စေခြင်းငှာ ပြုကြလော့။ ငါသည် ကောင်းကင်ဘုံ ပြ​တင်းပေါက်တို့ကို​ဖွင့်၍ ကောင်းချီး​မင်္ဂလာကို လက်ခံ​စရာ​နေရာ အလုံ​အလောက်​မရှိသည့်​တိုင်​အောင် သွန်းလောင်းမည်​မသွန်း​လောင်းမည်ကို ဤနည်းအားဖြင့် ယခု​စုံစမ်းကြ​လော့ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်တော်မူ၏။

၁၁ ကိုက်စား​တတ်သော​အကောင်ကို သင်တို့​အတွက် ငါ​ဆုံးမ၍၊ ၎င်းသည် သင်တို့​မြေမှ အသီး​အနှံကို မဖျက်​ဆီးရ။ သင်တို့၏ စပျစ်​ဥယျာဉ်​သည်​လည်း အသီးကို အချိန်​မတိုင်မီ မကြွေ​ရဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၂ လူမျိုး​ခပ်သိမ်းတို့သည် သင်တို့ကို မင်္ဂလာ​ရှိသော​သူဟူ၍ ခေါ်​ဝေါ်ကြ​လိမ့်မည်။ အကြောင်း​မူကား၊ သင်တို့​ပြည်သည် နှစ်သက်ဖွယ်သော​ပြည် ဖြစ်လိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၃ သင်တို့သည် ငါ့ကို​ဆန့်ကျင်၍​ရဲရင့်စွာ​ပြောကြ​ပြီဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။ သို့သော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို​ဆန့်ကျင်၍ အဘယ်​အရာကို ပြော​မိပါ​သနည်းဟု သင်တို့​မေးကြ​သည်​တကား။

၁၄ သင်တို့​ပြောကြ​လေသည်ကား၊ ဘုရားသခင်ကို အစေ​ခံသော်​လည်း အကျိုး​မရှိ။ ငါတို့သည် သူ၏ဘိသိက်မင်္ဂလာများကို စောင့်၍ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​ရှေ့၌ ညှိုးငယ်စွာ ကျင့်ကြံ​ပြုမူခြင်း​အားဖြင့် အဘယ်​ကျေးဇူး​ရှိသနည်း။

၁၅ မာန​ထောင်​လွှားသော​သူတို့ကို ပျော်ရွှင်သော​သူဟု ငါတို့​ခေါ်​ဝေါ်ကြ၏။ အကယ်​စင်စစ်၊ ဆိုး​ညစ်ခြင်းကို​ပြုသော​သူတို့သည် အောင်​တတ်ကြ၏။ ထိုမှတစ်ပါး၊ ဘုရားသခင်ကို စုံစမ်းသော​သူတို့သည် ကယ်​လွှတ်ခြင်းကို အမှန်​ခံရကြ​၏​ဟု သင်တို့​ပြောကြ​ပြီ။

၁၆ ထိုအခါ ကိုယ်တော်ရှင်ကို ကြောက်ရွံ့သော​သူတို့သည် တစ်ယောက်ကို​တစ်ယောက် အကြိမ်​ကြိမ်​ပြော​ဆိုကြ၏။ ကိုယ်တော်ရှင်​သည်​လည်း စေ့စေ့နားထောင်၍ ကြား​တော်မူ၏။ ကိုယ်တော်ရှင်ကို ကြောက်ရွံ့၍ နာမတော်ကို အောက်​မေ့သော​သူတို့​အဖို့ သူ၏​ရှေ့တော်၌ အောက်မေ့​ဖွယ်ရာ​စာအုပ်၌ မှတ်​ထားလေ၏။

၁၇ ငါ၏​ရတနာများကို ငါစုဆောင်းသော​နေ့၌ ထိုသူတို့သည် ငါ​ပိုင်သော​သူများ ဖြစ်ကြ​လိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ လူသည် မိမိကို အစေ​ခံသည့် မိမိသားကို ချမ်းသာ​ပေးသကဲ့သို့ ငါ​သည်လည်း ထိုသူတို့ကို ချမ်း​သာ​ပေးမည်။

၁၈ ထို့နောက်တွင်၊ သင်တို့သည် ပြောင်းလဲကြ၍၊ ဖြောင့်​မတ်သော​သူနှင့် ဆိုးညစ်သော​သူ၊ ဘုရားသခင်ကို အစေ​ခံသော​သူနှင့် အစေ​မခံသော​သူတို့ကို ပိုင်း​ခြား၍​သိမြင်ကြ​ရ​လိမ့်မည်။

ပုံနှိပ်သည်