ကျမ်းစာများ
၃ နီဖိုင်း ၂၆


အခန်းကြီး ၂၆

ယေရှုသည် အရာ​ခပ်သိမ်းတို့ကို အစမှ အဆုံး​အထိ​ရှင်း​ပြ၏—ကလေးငယ်များနှင့် သူငယ်တို့သည် ရေး၍​မရနိုင်သည့်​အရာ​တည်း​ဟူသော အံ့ဩ​ဖွယ်​ကောင်း​သော​အရာတို့ကို ပြော​ဆိုကြ၏—ခရစ်တော်၏​အသင်းတော်မှ လူတို့သည် မိမိတို့၌ ခပ်သိမ်းသောအရာတို့ကို အများ​ပိုင်​အဖြစ်​ထား၍ အသုံး​ပြုကြ၏။ အေဒီ ၃၄ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤအရာတို့ကို ပြော​ပြလေ​ပြီးနောက်၊ လူ​အစု​အဝေးကို ရှင်း​ပြ၏။ ကြီးသော​အရာနှင့် သေး​ငယ်သော​အရာ​နှစ်မျိုး​စလုံးကို သူတို့​အား ရှင်း​ပြ၏။

ထို့အတူ မိန့်တော်မူ​သည်ကား၊ သင်တို့​နှင့်​အတူ မရှိသည့် ဤ​ကျမ်းစာတို့ကို သင်တို့အား ငါ​ပေး​ရမည့်​အကြောင်း ခမည်းတော် မိန့်မှာ၏။ အကြောင်း​မူကား၊ ထိုအရာတို့ကို အနာ​ဂတ်မျိုး​ဆက်တို့​အား ပေး​ရမည်မှာ သူ့​အထဲ၌​ရှိသည့် ဉာဏ်​ပညာ​တော်​ဖြစ်၏။

ထို့အတူ၊ သူ​ရှင်း​ပြသည့်​အရာတို့​သည်​ကား၊ ရှေး​ဦးစွာကတည်းကပင်၊ သူ၏​ဘုန်းတော်ကို ဆောင်၍ ကြွလာ​တော်မူမည့် အချိ​န်​ထိ​တိုင်အောင်​ဖြစ်သည့် ခပ်သိမ်းသော​အရာများ—အကယ်​စင်စစ်၊ လောက​ဓာတ်တို့သည် အားကြီးသောအပူကြောင့် အရည်​ပျော်၍၊ မြေကြီးသည် စာလိပ်ကဲ့သို့ လိပ်လျက်၊ ကောင်းကင်နှင့်​မြေကြီး ကွယ်ပျောက်​သွားသည့်​အချိန်ထိ မြေကြီး​မျက်နှာ​ပြင်ပေါ်သို့ ကျရောက်​လာမည့် ခပ်သိမ်းသော​အရာများ၊

ထို့အတူ၊ အမျိုးစု၊ ပြည်​သားနှင့် အသီး​သီး​ဘာသာစကားကို ပြော​သူ​မှန်သမျှသည် ကောင်းသည်​ဖြစ်စေ၊ ဆိုးသည်​ဖြစ်စေ သူတို့​အကျင့်များ​အတိုင်း တရား​စီရင်ခံရ​စေရန်၊ ဘုရားသခင်​ရှေ့၌ ရပ်ရမည့် ထိုကြီးစွာသော နောက်ဆုံး​နေ့တိုင်အောင်​ပင်ဖြစ်သည့် အရာများ​ဖြစ်​လေသတည်း—

ထိုအမှုတို့သည် ကောင်း​မြတ်လျှင်၊ ထာဝရ​တည်မြဲသော​အသက်၏ ရှင်​ပြန်​ထ​မြောက်ခြင်းသို့​လည်း​ကောင်း၊ ဆိုးလျှင်၊ အပြစ်​ဒဏ်​ရောက်ခြင်း၏ ရှင်​ပြန်​ထ​မြောက်ခြင်းသို့​လည်း​ကောင်း တစ်ဖက်​တွင်​တစ်မျိုး၊ အခြား​တစ်ဖက်တွင် အခြား​တစ်မျိုး အပြိုင်​ဖြစ်လျက်၊ ကမ္ဘာ​မတည်မီက​ဖြစ်တော်​မူလေ​သည့် ခရစ်တော်၌ ရှိတော်မူသော၊ ကရုဏာတော်၊ တရားမှုနှင့် သန့်​ရှင်းခြင်းတို့​အတိုင်း ရောက်ပေ​လိမ့်မည်။

ယခု​မူကား၊ လူတို့ကို ယေရှု​အမှန်​သွန်​သင်တော်​မူသည့်​အရာတို့မှ အနည်း​ငယ်မျှကိုပင် ဤကျမ်း၌ ရေး၍​မရ။

သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း၏​ပုရပိုက်​ပြားများ၌ လူတို့ကို သူ​သွန်​သင်​တော်မူသည့် အရာ​အများစု ပါ​ဝင်၏။

ဤအရာတို့ကို ငါ​ရေးလေ၏၊ လူတို့ကို သူ​သွန်​သင်​တော်မူသည့် အရာတို့မှ အနည်း​စု​ဖြစ်၏။ ယေရှု​ဟော​ပြောလေသည့်​အတိုင်း ထိုအရာတို့ကို တပါး​အမျိုးသားတို့​ထံမှ ဤ​လူမျိုးတို့​ဆီသို့ တစ်ဖန်​ပြန်လည်​ဆောင်​ယူနိုင်ခြင်းငှာ​ဟူသော ရည်​ရွယ်ချက်​ဖြင့်​လည်း ငါ​ရေး​လေ၏။

သူတို့​သည်​လည်း သူတို့၏​ယုံကြည်ခြင်းကို စမ်းသပ်ခြင်းငှာ၊ သူတို့​ပထမ​ဦးစွာ ရရှိရန်​လိုအပ်သည့် ဤအရာတို့ကို လက်​ခံရ​ရှိ​ပြီးနောက်၊ ဤအရာတို့ကို ယုံကြည်​မည်​ဆိုလျှင်၊ သာ၍​ကြီးစွာသော​အရာတို့ကို သူတို့အား ထင်ရှားစွာ​ပြတော်မူ​လိမ့်မည်။

၁၀ သူတို့သည် ဤအရာတို့ကို မယုံကြည်လျှင်၊ သာ၍​ကြီးစွာသော​အရာတို့ကို မပေးဘဲ​ထားလိမ့်မည်​ဖြစ်၍၊ သူတို့အား ပြစ်​ဒဏ်ချ​မှတ်ခြင်းသို့​တိုင်​အောင်​ပင်တည်း။

၁၁ ရှုလော့၊ ငါသည် နီဖိုင်း၏​ပုရပိုက်​ပြားများ​ပေါ်၌ ရေး​ထွင်း​ထားသည့် အရာ​အားလုံးကို ရေးတော့မည်​ပြု၏၊ သို့ရာတွင် ကိုယ်တော်ရှင်​တား​မြစ်​တော်မူ၏၊ ငါသည် ငါ့​လူမျိုးတို့၏​ယုံကြည်ခြင်းကို စမ်း​သပ်​တော်မူမည်ဟု မိန့်တော်မူ၏။

၁၂ ထို့ကြောင့်၊ ငါ​မော်မုန်သည် ငါ့အား ကိုယ်တော်ရှင်​မိန့်မှာ​ထားတော်မူ​လေသည့် အရာတို့ကို ရေး၏။ ယခုမူကား၊ ငါ၊ မော်မုန်သည် ငါ၏​စကားများကို လက်​စသတ်​၏၊ ငါ့အား မိန့်မှာ​ထားလေသည့်​အရာတို့ကိုလည်း ဆက်၍​ရေး၏။

၁၃ ထို့ကြောင့်၊ ငါသည် ကိုယ်တော်ရှင် လူတို့အား သုံးရက်​ကြာ​အောင် အမှန်​သွန်​သင်​တော်မူ​လေကြောင်းကို သင်တို့​နားလည်​စေရန် အလို​ရှိ၏။ ထို့နောက်တွင်၊ သူကိုယ်တိုင် သူတို့ကို အကြိမ်​ကြိမ်​ကိုယ်ထင်ပြတော်မူ၍၊ မုန့်ကို အကြိမ်​ကြိမ်ဖဲ့၍ ကောင်းချီး​ပေးပြီးလျှင်၊ ပေး​တော်မူ၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ပြောပြထားလေသော လူ​အစု​အဝေး၏ သားသမီးများကို သွန်​သင်၍၊ အမှုတော်​ဆောင်၏၊ သူတို့၏​လျှာကို လွတ်​စေသဖြင့်၊ သူတို့သည် လူတို့အား သူ​ဖော်ပြ​တော်မူသည့် အရာတို့​ထက်ပင် သာ၍​ကြီး​မြတ်သည့် ကြီးမြတ်၍ အံ​ဩဖွယ်​ကောင်းသော​အရာတို့ကို သူတို့၏​အဘတို့ကို ပြော​ပြကြ၏။ သူတို့၏​လျှာကိုလည်း လွတ်စေ၍ စကား​ပြော​နိုင်ကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ကောင်းကင်ဘုံသို့ တက်​သွား​တော်မူ​ပြီးနောက်တွင်—သူတို့၏​ဖျား​နာခြင်း​ခပ်သိမ်း၊ ထို့အတူ သူတို့၏ ခြေ​မစွမ်းခြင်းတို့ကို ကုစားလျက်၊ မျက်စိ​ကန်းသော​သူတို့၏​မျက်စိကို ဖွင့်၍၊ ထို့အတူ နား​ပင်​သူတို့ကို နားပင်းရာမှ လွတ်​စေခြင်း၊ ထို့အတူ သူတို့၌ အမျိး​မျိုးသော​အနာ​ငြိမ်းစေခြင်း၊ ထို့အတူ လူ​တစ်ဦးကို သေရာမှ ထမြောက်​စေ၍၊ ထို့အတူ မိမိ​တန်ခိုးတော်ကို သူတို့​ထံသို့ ပြတော်မူ​ခဲ့လေ​ပြီးနောက်တွင် ထိုသူတို့​အား ဒုတိယ​အကြိမ် ကိုယ်ထင်​ပြတော်မူ​ပြီးလျှင်၊ ခမည်းတော်​ဆီသို့ သွားတော်မူ၏။ ထို့နောက်တွင်၊ ခမည်းတော်​ဆီသို့ တက်​သွား​တော်မူ၏—

၁၆ ရှုလော့၊ အချိန်​တန်​လာသော​အခါ၊ နက်​ဖြန်နေ့၌ လူ​အစု​အဝေးသည် သူတို့​ကိုယ်သူတို့ အတူတကွ စုဝေး၍၊ ဤကလေးများကို မြင်ရ၊ ကြား​ရကြ၏။ အမှန်စင်စစ်၊ ကလေးငယ်တို့​သည်ပင် မိမိတို့​နှုတ်ကို​ဖွင့်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ပြော​ဆိုကြ၏။ သူတို့​ပြောဆိုသည့်​အရာတို့ကို အဘယ်သူမျှ မရေးနိုင်​စေခြင်းငှာ တား​မြစ်​ထားတော်မူ၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှု​ရွေး​ကောက်​ထားတော်မူသည့် တပည့်တော်တို့သည် သူတို့​ထံသို့ လာသော​သူ​မှန်သမျှကို ဗတ္တိဇံ​ပေး၍ သွန်​သင်​ပေးခြင်းငှာ၊ ထို​အချိန်မှ​စ၍ ထွက်​သွား​စပြုကြ၏။ ခရစ်တော်၏​နာမတော်၌ ဗတ္တိဇံ​ခံကြသော​သူ မှန်သမျှ​သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်ကြ၏။

၁၈ မရေး​အပ်သည့်​အရာတည်း​ဟူသော၊ ပြောမပြနိုင်သည့်​အရာတို့ကို ထိုသူတို့မှ များစွာ​သော​သူတို့ မြင်ရ၊ ကြား​ရကြ၏။

၁၉ သူတို့သည် တစ်​ယောက်ကို​တစ်​ယောက်​သွန်သင်၍​လည်း အမှုတော်​ဆောင်ကြ၏။ လူတိုင်း အချင်း​ချင်း တရားမျှ​တစွာ ဆက်​ဆံပြီး၊ မိမိတို့၌ အရာ​မှန်သမျှကို အများ​ပိုင်​အဖြစ်​ထား၍ အသုံး​ပြုကြ၏။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ယေရှု​မိန့်မှာ​တော်မူ​လေသည့်​အတိုင်းပင် ခပ်သိမ်းသော အရာတို့ကို ဆောင်​ရွက်ကြ၏။

၂၁ ယေရှု၏​နာမတော်၌ ဗတ္တိဇံ​ခံကြ​သူများ​ကိုလည်း ခရစ်တော်၏​အသင်းတော်ဟု ခေါ်​ဝေါ်ကြ၏။

ပုံနှိပ်သည်