ကျမ်းစာများ
၃ နီဖိုင်း ၈


အခန်းကြီး ၈

ခရစ်တော်အား လက်ဝါး​ကပ်တိုင်မှာ ကွပ်မျက်​ခံရခြင်းကို မိုးသက်​မုန်တိုင်းများ၊ မြေကြီး​လှုပ်ခြင်းများ၊ မီးများ၊ လေပွေများနှင့် သဘာဝ​တရား​အုံကြွခြင်းတို့က သက်​သေ​ပြ၏—များစွာသော​လူတို့​ပျက်​စီးကြ၏—မှောင်မိုက်ခြင်းသည် ထိုပြည်ကို သုံး​ရက်​ကြာအောင် ဖုံးလွှမ်း၏—ဆက်၍​ကျန်​ရှိသော​သူတို့သည် မိမိတို့​ကံကြမ္မာ​အတွက် မြည်​တမ်းကြ၏။ အေဒီ ၃၃–၃၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ငါတို့​မှတ်တမ်း​အရ၊ ငါတို့​မှတ်တမ်း မှန်ကန်​ကြောင်းကို ငါတို့​သိ၏။ အကြောင်း​မူကား၊ ရှုလော့၊ ထိုမှတ်တမ်းကို ရေး​မှတ်သူမှာ ဖြောင့်​မတ်သော​သူ​တစ်ဦး​ဖြစ်၏—အကြောင်း​မူကား၊ သူသည် ယေရှု၏​နာမတော်​အားဖြင့် အလွန်​တရာ​အံ့ဩဖွယ်သော​အမှုများစွာကို အမှန်​ပင်​ပြု၏။ မိမိ​ဒုစရိုက်​အလုံး​စုံတို့မှ သန့်​စင်သော​သူ​မှတစ်ပါး၊ ယေရှု၏​နာမတော်​အားဖြင့် အလွန်​တရာ​အံ့ဩဖွယ်​အမှုကို ပြုနိုင်သော​သူ တစ်စုံ​တစ်ဦးမျှ​မရှိ—

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ငါတို့၏​အချိန်​ကာလကို ရေတွက်ရာ၌ ဤလူ​အားဖြင့် အမှား​အယွင်း​ပြုမိခြင်း​မရှိလျှင်၊ သုံး​ဆယ်​သုံး​နှစ်မြောက် ကုန်​လွန်လေပြီ။

လူတို့​သည်​လည်း လာမန်​အမျိုးသား၊ ပရောဖက်​ရှမွေလ​ဖော်​ပြသည့် နိမိတ်​လက္ခဏာကို၊ အထူးသဖြင့်၊ ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ သုံး​ရက်​ကြာအောင် မှောင်မိုက်ခြင်း​ရှိမည့်​အချိန်ကို ကြီးစွာသော​စိတ်အား​ထက်​သန်ခြင်းဖြင့် မျှော်လင့်​စပြုကြ၏။

အလွန်​များစွာသော နိမိတ်​လက္ခဏာတို့ကို ဖော်ပြ​တော်မူ​သော်​ငြား​လည်း၊ လူတို့၌ ကြီး​စွာသော​ယုံမှား​သံသယ​ဖြစ်ခြင်းနှင့် ငြင်းခုံခြင်း​ရှိ​စပြု၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံး​ဆယ်​လေး​နှစ်မြောက်၊ ပထမ​လ၏ လေး​ရက်​မြောက်နေ့၌၊ ပြည်​တစ်ခုလုံး၌ မတွေ့ကြုံ​ဖူးသည့် ကြီးစွာသော​မုန်တိုင်း​တစ်ခု ဖြစ်ပေါ်လာ၏။

ကြီးစွာသော ကြောက်​မက်ဖွယ်​မိုးသက်​မုန်တိုင်းလည်း ဖြစ်၏။ ကြောက်​မက်ဖွယ်သော မိုး​ချုန်းခြင်းလည်း​ဖြစ်၍၊ မြေကြီး​တစ်ခုလုံးကို အစိတ်​စိတ်​ကွဲတော့မည်ကဲ့သို့ လှုပ်စေသည့်​တိုင်​အောင်ပင်တည်း။

ထိုပြည်​တစ်ခုလုံး၌ မတွေ့​ကြုံခဲ့ဖူး​သည့် အလွန်​ထင်ရှားသော လျှပ်စီး​လက်ခြင်းလည်း ဖြစ်၏။

ဇရဟင်မလ​မြို့လည်း မီး​လောင်၏။

မော်ရော်နိုင်း​မြို့​သည်​လည်း ပင်လယ်​ရေနက်၌ မြုပ်၍၊ ထိုမြို့၌ နေထိုင်သော​သူတို့​သည်​လည်း နစ်​မြုပ်ကြ၏။

၁၀ မြေကြီး​သည်​လည်း မော်ရော်နိဟမြို့​ပေါ်သို့ ရောက်၍ ထိုမြို့​နေရာ၌ ကြီးစွာသော တောင်​ဖြစ်​လာ၏။

၁၁ တောင်​ဘက်​လားရာ​ပြည်၌​လည်း ကြီးစွာသော​ကြောက်​မက်​ဖွယ်​ပျက်စီးခြင်း​ဖြစ်၏။

၁၂ သို့ရာတွင်၊ ရှုလော့၊ မြောက်​ဘက်​လားရာ​ပြည်၌ ပို၍​ကြီးစွာသော​ကြောက်မက်ဖွယ်​ပျက်စီးခြင်း ဖြစ်၏။ အကြောင်း​မူကား၊ ရှုလော့၊ မိုးသက်​မုန်တိုင်းနှင့် လေပွေ၊ ထို့အတူ မိုး​ချုန်းခြင်းနှင့် လျှပ်​စီးလက်ခြင်း၊ ထို့အတူ မြေကြီး​တစ်ခု​လုံး၏ အလွန်​ကြီးစွာသော​လှုပ်ခြင်းတို့​ကြောင့်၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံးသည် ပြောင်း​လဲ၏။

၁၃ လမ်းမများလည်း ပြိုကျလျက်၊ ညီညာသော​လမ်းတို့သည် ပျက်စီး၍၊ ချောမွေ့သော​နေရာ​များစွာသည် ကြမ်း​တမ်း​လာ၏။

၁၄ ထူး​မြတ်သော မြို့ကြီး​များစွာတို့လည်း နစ်မြုပ်၍၊ များစွာတို့သည် လောင်မြိုက်၍၊ များစွာတို့သည် ၎င်းတို့၌​ရှိသည့် အဆောက်​အအုံများ မြေကြီးသို့ ပြိုကျသည့်​တိုင်အောင် တုန်​လှုပ်၍၊ ထိုအဆောက်​အအုံတို့၌ နေထိုင်​သူများ ကွပ်မျက်​ခံရပြီးလျှင်၊ ထိုအရပ်တို့သည် လူဆိတ်ညံရာ​အဖြစ် ကျန်​ရစ်၏။

၁၅ အချို့သော​မြို့များလည်း ဆက်၍​ကျန်​ရှိ၏။ သို့ရာတွင်၊ ထိုမြို့တို့၌ ပျက်စီးခြင်းမှာ အလွန်​ကြီးမား၏၊ ကွပ်မျက်​ခံရ​သူများစွာ​ရှိ၏။

၁၆ ထို့အတူ၊ လေပွေထဲ၌ သယ်​ဆောင်​သွား​ခံရသူ အချို့​ရှိ၏။ ထိုသူတို့​သည်​လည်း သယ်​ဆောင်​သွား​ခံရကြောင်း သိသည်​မှတစ်ပါး၊ အဘယ်​အရပ်သို့ သွားသည်ကို အဘယ်​သူမျှ​မသိ။

၁၇ ထိုကဲ့သို့​အားဖြင့်၊ မိုး​သက်မုန်တိုင်း၊ မိုး​ချုန်းခြင်း၊ လျှပ်စီး​လက်ခြင်းနှင့် မြေကြီး​လှုပ်ခြင်းတို့ကြောင့်၊ မြေကြီး​တစ်ခုလုံး၏​မျက်နှာ​ပြင်သည် ပုံသဏ္ဌာန်​ပျက်​လာ၏။

၁၈ ရှုဦးလော့၊ ကျောက်တို့သည် နှစ်ခြမ်း​ကွဲ၏။ မြေကြီး​တစ်ခုလုံး၏​မျက်နှာ​ပြင်ပေါ်၌ ကျိုးပဲ့၍၊ ကျိုးပဲ့သော အပိုင်း​အစများ၊ အအက် အကွဲများ​အဖြစ် ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံး​ပေါ်၌ တွေ့ရ​သည့်​တိုင်​အောင်​ပင်တည်း။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မိုးချုန်းခြင်း၊ လျှပ်စီး​လက်ခြင်း၊ မုန်တိုင်း၊ မိုး​သက်​မုန်တိုင်းနှင့် မြေကြီး​လှုပ်ခြင်းတို့ ရပ်တန့်လျှင်—အကြောင်း​မူကား၊ ရှုလော့၊ ၎င်းတို့သည် သုံး​နာရီ​ခန့်​ကြာ၏။ ထိုအချိန်မှာ၊ ပို၍​ပင်​ကြာ​သည်ဟု အချို့က​ဆို၏။ သို့သော်လည်း၊ ဤကြီးစွာသော​ကြောက်​မက်​ဖွယ်သောအရာ​အား​လုံးသည် သုံး​နာရီခန့်​ကြာသော​အချိန်​အတွင်း၌ ဖြစ်ခဲ့၏—ထို့နောက်၌၊ ရှုလော့၊ ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ မှောင်မိုက်ခြင်း​ရှိ၏။

၂၀ ဤသို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံးပေါ်၌၊ ထူထပ်သော​မှောင်မိုက်​ရှိရာ၊ ထိုပြည်၌ နေထိုင်သည့် မကျဆုံးသော​သူတို့ အမှောင်​ထုကို ခံစားနိုင်သည့်​တိုင်​အောင်​ပင်​တည်း။

၂၁ မှောင်​မိုက်ကြောင့်၊ အလင်းလည်း မရှိနိုင်၊ မီးခွက်လည်း​မရှိ၊ မီးရှူးလည်း​မရှိ။ သူတို့၏ အကောင်း​ဆုံး​ဖြစ်၍၊ အလွန်​ခြောက်​သွေ့သည့် ထင်းကိုလည်း မီးညှိ၍​မရနိုင်​သဖြင့်၊ အလင်း​တစ်စုံ​တစ်ခုမျှပင် မရှိနိုင်။

၂၂ ထို့အတူ၊ အလင်း​တစ်စုံ​တစ်ခုကိုမျှ မြင်​ရခြင်း​မရှိ၊ မီးလည်း​မရှိ၊ မှုန်ပျ​ပျ​အလင်း​လည်း​မရှိ၊ နေလည်း​မရှိ၊ လလည်း​မရှိ၊ ကြယ်​လည်း​မရှိ။ အကြောင်း​မူကား၊ ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်​၌​ရှိသော အမှောင်ထုမှာ အလွန်​ကြီး​မား၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အလင်းကို​မမြင်​ရသည်မှာ သုံး​ရက်​ကြာ၏။ ထို့အတူ၊ လူခပ်သိမ်းတို့၌ ကြီးစွာသော ငိုကြွေး​မြည်တမ်းခြင်း၊ ညည်း​တွား​မြည်တမ်းခြင်းနှင့် ငို​ကြွေးခြင်းတို့ အစဉ်​မပြတ်​ရှိ၏။ ထိုမှတစ်ပါး၊ သူတို့​အပေါ် ကျရောက်သည့် မှောင်မိုက်နှင့် ကြီးစွာသော​ပျက်စီးခြင်း​တို့​ကြောင့် လူတို့၏​ညည်း​တွားခြင်းမှာ ကြီး​မား၏။

၂၄ တစ်ခုသော​အရပ်၌၊ သူတို့၏​အော်​ဟစ်သံကို​ကြားရ၍၊ ဆိုကြလေ​သည်ကား၊ အို ငါတို့သည် ဤကြီးစွာသော​ကြောက်​မက်​ဖွယ်​နေ့​မတိုင်မီ နောင်တ​ရခဲ့မည်​သာဆိုလျှင်၊ ငါတို့၏​ညီအစ်ကိုတို့ ချမ်း​သာရလိမ့်မည်။ ထိုဇရဟင်မလ​မြို့​ကြီး၌ သူတို့​လောင်မြိုက်လိမ့်မည်​မဟုတ်။

၂၅ ထို့အတူ၊ တခြားသော​အရပ်၌ သူတို့​အော်ဟစ်၍၊ ငိုကြွေးမြည်တမ်း​သံကို​ကြားရပြီးလျှင်၊ အို ငါတို့သည် ဤကြီးစွာသော​ကြောက်မက်ဖွယ်​နေ့မတိုင်မီ နောင်တရ​ခဲ့မည်​သာဆိုလျှင်၊ ပရောဖက်တို့ကို ကျောက်ခဲနှင့်​ပစ်ခြင်းနှင့် နှင်​ထုတ်ခြင်းတို့ကို​သာ မပြုခဲ့မည်​ဆိုလျှင်၊ ငါတို့၏​မိခင်များနှင့် ငါတို့၏ ချောမောသော​သမီးများ၊ ထို့အတူ ငါတို့၏​သားသမီးများ ချမ်းသာ​ရလျက် ထိုမော်ရော်နိဟမြို့​ကြီး၌ အဖို့​ခံ​ခဲ့​ရလိမ့်​မည်​မဟုတ်ဟု ဆိုကြ၏။ ထိုကဲ့သို့​အားဖြင့်၊ လူတို့၏ ညည်း​တွား​မြည်​တမ်းခြင်းမှာ ကြီး​စွာသော​ကြောက်​မက်ဖွယ် ဖြစ်​လေ​သ​တည်း။

ပုံနှိပ်သည်