ကျမ်းစာများ
၂ နီဖိုင်း ၁၂


အခန်းကြီး ၁၂

ဟေရှာယ​သည် နောက်​ပိုင်း​ကာလ ဗိမာန်​တော်၊ ဣသရေလ​အမျိုး​တို့​၏ စုဝေးခြင်း၊ နှစ်​တစ်​ထောင်​ကာလ​တရား​စီရင်ခြင်း​နှင့် ငြိမ်း​ချမ်းခြင်း​တို့​ကို မြင်​၏—မာန​ကြီး​သော​သူ​များ​နှင့် ဆိုး​ညစ်​သော​သူများ​သည် ဒုတိယ​အကြိမ် ကြွ​လာ​တော်​မူ​သော​အခါ​၌ နှိမ့်​ချ​ခံ​ရ​ကြ​လိမ့်​မည်—ဟေရှာယအခန်းကြီး ၂ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယုဒ​ပြည်​နှင့် ယေရုရှလင်​မြို့​အကြောင်း​ကို အာမုတ်​၏​သား​ဟေရှာယ​မြင်​ရ​သော ဗျာဒိတ်​တော်​အချက်​ဟူ​မူ​ကား၊

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ နောက်​ဆုံး​သော​ကာလ​၌ ကိုယ်​တော်​ရှင့်​အိမ်​တော်​၏​တောင်​ကို တောင်​တို့​၏​ထိပ်​ပေါ်​မှာ​တည်​၍၊ တောင်​ငယ်​တို့​၏ အထက်၌ ချီး​မြှောက်​သော​အခါ၊ ခပ်သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ ရွေ့​လျား​ကြ​လိမ့်​မည်။

များ​စွာ​သော​လူ​တို့​က​လည်း၊ လာ​ကြ​လော့။ ကိုယ်​တော်​ရှင်​၏​တောင်​တော်၊ ယာကုပ်​အမျိုး​၏​ဘုရားသခင်​၏​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ သူ​သည် မိမိ​တရား​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်​သင်​တော်​မူ​၍၊ ငါ​တို့​သည် သူ​၏​လမ်း​ကြောင်းများသို့ လိုက်​ကြ​မည်​ဟု သွား​၍ ပြော​ဆို​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ပညတ်​တရား​တော်​သည် ဇိအုန်​တောင်​မှ​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​သည် ယေရုရှလင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

သူ​သည် လူ​မျိုး​တို့တွင် တရား​စီရင်​၍၊ များ​စွာ​သော​လူ​တို့​ကို ဆုံးမ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း မိမိ​တို့​၏​ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်စေခြင်း​ငှာ​လည်း​ကောင်း၊ မိမိ​တို့​လှံ​များ​ကို တံ​စဉ်​ဖြစ်​စေခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်—တစ်​ပြည်​ကို တစ်​ပြည်​ဆန့်​ကျင်​၍ ဓား​ကို​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်၊ စစ်​အတတ်​ကို​လည်း နောက်​ထပ် သင်​ကြ​လိမ့်​မည်​မ​ဟုတ်။

အို ယာကုပ်​အမျိုး​သား​တို့၊ သင်​တို့​လာ​ကြ​၍၊ ကိုယ်​တော်​ရှင်​၏​အလင်း​တော်သို့ လိုက်​ကြ​ကုန်​အံ့။ ထို​မှ​တစ်​ပါး၊ လာ​ကြ​လော့။ အကြောင်း​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ၊ အယောက်​တိုင်း​သည် မိမိ​၏​ဆိုး​ညစ်​သော​လမ်း​များ​သို့ လမ်း​လွဲ​ကြ​လေ​ပြီ။

ထို့​ကြောင့်၊ အို ကိုယ်​တော်​ရှင်၊ သူ​တို့​သည် အရှေ့​ပြည်​မှ အတတ်​နှင့် ကြွယ်​ဝ​၍၊ ဖိလိတ္တိ​လူ​တို့​ကဲ့​သို့၊ အနာဂတ္တိ​ဆရာ​တို့​ကို စေ့စေ့နား​ထောင်​၍၊ သူ​တို့​ကိုယ်​သူ​တို့ သူတစိမ်း​တို့​၌ နှစ်သက်​ကြ​သော​ကြောင့်၊ ကိုယ်​တော်​သည် ယာကုပ်​အမျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်​၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။

သူ​တို့​ပြည်​သည်​လည်း ရွှေ၊ ငွေ​နှင့်​ကြွယ်​ဝ​၍၊ ဥစ္စာ​ပစ္စည်း အတိုင်း​မ​သိ​များ​၏။ သူ​တို့​ပြည်​သည် မြင်း​နှင့်​လည်း ကြွယ်​ဝ​၍၊ မြင်း​ရ​ထား အတိုင်း​မ​သိ​များ​၏။

သူ​တို့​ပြည်​သည် ရုပ်​တု​ဆင်း​တု​နှင့်​လည်း ကြွယ်​ဝ​၏။ သူ​တို့​လက်​နှင့်​လုပ်​သော​အရာ၊ သူ​တို့​လက်​ချောင်း​များ​နှင့်​ပြု​လုပ်​သော​အရာ​ကို​ပင် သူ​တို့​ကိုး​ကွယ်​ကြ​သည်​တ​ကား။

သာ​မန်​လူ​သည် ဦး​ညွှတ်ပျပ်ဝပ်ခြင်း​မ​ရှိ။ မြတ်​သော​လူ​သည်​လည်း မိမိ​ကိုယ်​ကို နှိမ့်ချခြင်း​မ​ရှိ။ ထို့​ကြောင့်၊ သူ့​ကို ခွင့်​လွှတ်ခြင်း​မ​ရှိ။

၁၀ အို အသင် ဆိုး​ညစ်​သော​သူ​တို့၊ ကိုယ်​တော်​ရှင်​ကို ကြောက်​ရွံ့ခြင်း​နှင့် သူ့​အာနုဘော်​၏​ဘုန်း​တော်​တို့​က သင့်​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် ကျောက်​ထဲ​သို့ ဝင်​လော့။ မြေ​မှုန့်​၌ ပုန်း​၍​နေ​လော့။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ လူ​တို့​၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့​၏​စိတ်​မြင့်​သော​သ​ဘော​ကို​လည်း ရှုတ်​ချ​ရ​မည်။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ ချီးမြှောက်ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

၁၂ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​၏​နေ့​သည် ခပ်သိမ်း​သော​ပြည်​သား​တို့​ထံ၊ အမှန်​စင်​စစ်၊ အယောက်​တိုင်း​ထံ၊ အထူး​သဖြင့်၊ မာန​ကြီး​သော​သူ​နှင့် မော်​ကြွား​သော​သူ​ထံ​သို့​လည်း​ကောင်း၊ ဘဝင်​မြင့်​သော​သူ​မှန်​သ​မျှ​ထံ​သို့​လည်း​ကောင်း မ​ကြာ​မြင့်​မီ​တွင် ကျ​ရောက်​လာ​မည်။ ထို​သူ​သည် နှိမ့်ချခြင်း​ကို ခံ​ရ​လိမ့်​မည်။

၁၃ ထို​မှ​တစ်​ပါး၊ ကိုယ်​တော်​ရှင်​၏​နေ့​ကျ​ရောက်​လာ လိမ့်​မည်​ကား၊ လေဗနုန် အာရဇ်​ပင်​တို့​မြင့်​တက်​၍ ဘဝင်​မြင့်​ကြ​သော​ကြောင့် ထို​အပင်​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊ ဗာရှန်​သပိတ်​ပင်​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊

၁၄ မြင့်​သော​တောင်​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊ တောင်​ကုန်း​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊ ဘဝင်​မြင့်​ကြ​သည့် ပြည်​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊ လူ​မျိုး​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊

၁၅ မြင့်​သော​ရဲ​တိုက်​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊ ခိုင်​ခံ့​သောတံတိုင်း​ရှိ​သ​မျှ​ထံ​သို့​လည်း​ကောင်း၊

၁၆ ပင်​လယ်​၌​ရှိ​သော​သင်္ဘော​ခပ်သိမ်း​တို့​ထံ​သို့​လည်း​ကောင်း၊ တာ​ရှု​သင်္ဘော​ခပ်သိမ်း​တို့​ထံ​သို့​လည်း​ကောင်း၊ နှစ်​သက်​ဖွယ်​သော ရှု​ခင်း​အလုံး​စုံ​တို့​ထံ​သို့​လည်း​ကောင်း ကျ​ရောက်​လာ​လိမ့်​မည်။

၁၇ ထို​ကာလ​၌ လူ​တို့​၏​မာန​ကို ရှုတ်​ချ​၍၊ လူ​တို့​၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ ချီးမြှောက်ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

၁၈ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း သူ​ရှင်း​ရှင်း​ဖြို​ဖျက်​လိမ့်​မည်။

၁၉ ကိုယ်​တော်​ရှင်​သည် မြေ​ကြီး​ကို ချောက်​လှန့်​အံ့​သော​ငှာ၊ ထ​တော်​မူ​သော​အခါ၊ သူ့​ကို​ကြောက်ခြင်း​အရှိန်​က သူ​တို့​အပေါ်​ကျ​ရောက်​လာ​၍၊ သူ့​အာနုဘော်​၏​ဘုန်း​တော်​အရှိန်​က သူ​တို့​ကို ဒဏ်​ခတ်​လိမ့်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​သည်​လည်း ကျောက်​တွင်း၊ မြေ​တွင်း​ထဲ​သို့ ဝင်​ကြ​လိမ့်​မည်။

၂၀ ထို​ကာလ​၌ လူ​သည် မိမိ​ကိုး​ကွယ်ခြင်းငှာ၊ မိမိ​လုပ်​ထား​သော ငွေ​ဆင်း​တု​ရုပ်​တု​များ​နှင့် ရွှေ​ဆင်း​တုရုပ်​တု​များ​ကို ပွေး​များ၊ လင်း​နို့​များ​၌ ပစ်​ထား​ကြ​လိမ့်​မည်။

၂၁ မြေ​ကြီး​ကို ချောက်​လှန့်​အံ့​သော​ငှာ ကိုယ်​တော်​ရှင်​ထ​တော်​မူ​သော​အခါ၊ သူ့​ကို ကြောက်ခြင်း​အရှိန်​သည် သူ​တို့​အပေါ်​ကျ​ရောက်​လာ​၍၊ သူ့​အာနုဘော်​၏​ဘုန်း​တော်​အရှိန်​က သူ​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့်၊ ကျောက်​တွင်း​ထဲ​သို့​လည်း​ကောင်း၊ ကြမ်း​တမ်း​သည့်​ကျောက်​များ​ပေါ်​သို့​လည်း​ကောင်း ပြေး​ဝင်​ကြ​လိမ့်​မည်။

၂၂ နှာ​ခေါင်း​နှင့်​အသက်​ရှူ​တတ်​သော​လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။ ထို​သို့​သော​သူ​ကို အဘယ်​သို့ ပမာဏ​ပြု​စရာ ရှိ​သ​နည်း။

ပုံနှိပ်သည်