ကျမ်းစာများ
၂ နီဖိုင်း ၂၅


အခန်းကြီး ၂၅

နီဖိုင်းသည် ရှင်းလင်းခြင်း၌ ရွှင်လန်း​ဝမ်းမြောက်၏—ဟေရှာယ၏ ပရောဖက်​ပြုဟောချက်များကို နောက်ဆုံးသော​ကာလ၌ နားလည်ကြ​လိမ့်မည်—ယုဒ​လူမျိုးတို့သည် ဗာဗုလုန်မြို့မှ ပြန်လာ ကြလိမ့်မည်၊ မေရှိယကို လက်ဝါး​ကပ်တိုင်မှာ ကွပ်မျက်ကြလိမ့်မည်၊ ကွဲပြားပြန့်​ကျဲလျက်၊ ဒဏ်ခတ်ခံရကြလိမ့်မည်—သူတို့သည် မေရှိယကို​ယုံကြည်လာသော​အခါ၌ ပြန်လည်​ဆောင်ယူခံရကြ​လိမ့်မည်—သူသည် လေဟိ​ယေရုရှလင်မြို့ကို စွန့်ခွာခဲ့​ပြီးနောက်၊ နှစ်ပေါင်း​ခြောက်ရာ​ကြာလျှင်၊ ပထမဆုံး ကြွလာ​တော်မူလိမ့်မည်—နီဖိုင်း​အမျိုး​သားတို့သည် မောရှေ၏​ပညတ်တရားကို စောင့်ထိန်း၍၊ ဣသရေလ​အမျိုး၏ သန့်ရှင်း​တော်မူသော​ဘုရားဖြစ်သည့် ခရစ်တော်ကို​ယုံကြည်​ကြ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခုမူကား၊ ငါနီဖိုင်းသည် ဟေရှာယ၏​နှုတ်မှ ဟောထား​လေသည့်၊ ငါရေးလေသော​စကားများ​အကြောင်းကို အတော်အသင့်​ပြောပြ၏။ အကြောင်း​မူကား၊ ရှုလော့၊ ဟေရှာယသည် ငါ၏လူမျိုးမှ များစွာသော​သူတို့နားလည်ရန် ခက်ခဲသည့် အရာများ​စွာတို့ကို ဟော၏။ အကြောင်း​မူကား၊ သူတို့သည် ယုဒ​အမျိုးတို့၌ ပရောဖက်ပြု၍​ဟောခြင်း​နည်းလမ်းကို သိခြင်းမရှိကြ။

အကြောင်း​မူကား၊ ငါနီဖိုင်းသည် သူတို့အား ယုဒ​လူမျိုးတို့​၏ထုံးစံနှင့်​စပ်လျဉ်းသော​အရာ များစွာတို့ကို သွန်သင်​မပေးလေခဲ့။ အကြောင်းမူကား၊ သူတို့၏​အမှုများမှာ မှောင်မိုက်ခြင်း​အမှုများ​ဖြစ်၍၊ အကျင့်များသည် စက်ဆုပ်​ရွံရှာဖွယ်​အကျင့်များ ဖြစ်ကြ၏။

သို့ဖြစ်၍၊ ဘုရားသခင်၏​တရားစီရင်​တော်မူခြင်း​များသည် သူဟော​လေသော နှုတ်ကပတ်တော်​အတိုင်း၊ လူမျိုး​ခပ်သိမ်းတို့​အပေါ် ကျရောက်​လာမည့်​အကြောင်း သူတို့​သိနိုင်ကြ​စေခြင်းငှာ၊ ငါ၏လူမျိုး​တို့ထံ၊ ငါရေး​သည့် ဤ​အရာများ​ကို နောင်​ကာလ၌ ရရှိမည့်​သူတို့ထံ ငါရေး၏။

သို့ဖြစ်၍၊ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလ​အမျိုးသားများ​ဖြစ်သော ငါ၏​လူမျိုးတို့၊ ငါ၏​စကားများကို နားညောင်းကြ​လော့။ အကြောင်း​မူကား၊ ဟေရှာယ၏ စကားများသည် သင်တို့​အဖို့ မရှင်းလင်း​သော်လည်း၊ အဘယ်သို့​ပင်ဖြစ်စေ ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့် ပြည့်စုံသော​သူများ​အဖို့ ရှင်းလင်း၏။ သို့ရာတွင်၊ ငါ့​အထဲ​၌​ရှိ​သော​ဝိညာဉ်​အတိုင်း ပရောဖက်ပြု​ဟောချက်ကို သင်တို့အား ငါပေး၏။ သို့ဖြစ်၍၊ ငါ၏​အဘနှင့် ယေရုရှလင်မြို့မှ ထွက်လာခဲ့သည့်​အချိန်​ကတည်းက ငါနှင့်​အတူ​ရှိထားလေသော ရှင်းလင်းခြင်း​အတိုင်း၊ ငါသည် ပရောဖက်ပြု၍ ဟောမည်။ အကြောင်း​မူကား၊ ရှုလော့၊ ငါ၏ဝိညာဉ်သည် ငါ၏​လူမျိုးတို့ အဖို့ ရှင်းလင်းခြင်း၌ မွေ့လျော်၏၊ သူတို့ သင်ယူနိုင်​ကြစေခြင်းငှာပေတည်း။

ထိုမှတစ်ပါး၊ ငါ၏​ဝိညာဉ်သည် ဟေရှာယ၏​စကားများ၌ မွေ့လျော်၏။ အကြောင်း​မူကား၊ ငါသည် ယေရုရှလင်မြို့မှ ထွက်လာခဲ့၍၊ ငါ့မျက်လုံးတို့က ယုဒ​လူမျိုးတို့၏​အမှုများကို မြင်ခဲ့​လေလျက်၊ ပရောဖက်တို့၏​စကားများကို ယုဒလူမျိုးတို့​နားလည်ကြ​သည်ကို ငါသိ၏။ ယုဒ​လူမျိုးတို့​အမှုများ၏ ထုံးစံ​အတိုင်း သွန်သင်​ပေးသည်ကို မခံရလျှင်၊ ယုဒလူမျိုးများ​သို့ပြောထား​လေသော​စကားများကို သူတို့​ကဲ့သို့၊ နားလည်သောသူ အခြားအဘယ်သူ​မျှမရှိ။

သို့ရာတွင်၊ ရှုလော့၊ ငါ​နီဖိုင်းသည် ငါ၏​သားမြေးတို့အား ယုဒ​လူမျိုးတို့၏ ထုံးစံ​အတိုင်း မသွန်သင်​ပေးလေခဲ့။ သို့ရာတွင်၊ ရှုလော့၊ ငါကိုယ်တိုင် ယေရုရှလင်မြို့၌ နေခဲ့လေ၏။ သို့ဖြစ်၍၊ ငါသည် ထိုနယ်မြေ​ပတ်ဝန်းကျင်​ဒေသ​အကြောင်းကို သိ၏။ ယုဒ​လူမျိုးတို့နှင့် ငါ၏​သားမြေးများသို့ ဟေရှာယ​ပြောလေသည့် အရာ​အားလုံးတို့​အတိုင်း ကျရောက်လာမည်ဖြစ်သော ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းတို့နှင့်​စပ်လျဉ်း၍လည်း ငါ၏​သားမြေးတို့ကို ငါဖော်ပြ​လေပြီ။ ထိုအရာတို့ကို ငါမရေး။

သို့ရာတွင်၊ ရှုလော့၊ အဘယ်သူမျှ မတိမ်းမှားနိုင်သည့် ငါ၏​ရှင်းလင်းခြင်း​အတိုင်း၊ ငါကိုယ်တိုင်၏​ပရောဖက်ပြု​ဟောချက်ကို ငါဆက်၍​ဟော၏။ အဘယ်သို့ပင်ဖြစ်စေ၊ ဟေရှာယ၏​ပရောဖက်ပြု​ဟောချက်များ ပြီးပြည့်စုံစေမည့်​ကာလတွင်၊ ထိုအရာတို့​ဖြစ်၍​လာသောအခါ၊ လူသားတို့​ဧကန်အမှန်​သိကြလိမ့်မည်။

သို့ဖြစ်၍၊ ထိုအရာတို့သည် လူသားတို့အဖို့ အဖိုးထိုက်တန်​လေရကား၊ အဖိုးမထိုက်ဟု ထင်မှတ်သော​သူကို ငါ​သေချာစွာ​ပြောလျက်၊ ထို​စကားများကို ငါ၏​လူမျိုးတို့အတွက် သီးသန့်​ထားပေမည်။ အကြောင်း​မူကား၊ ထို​အရာတို့သည် နောက်ဆုံးသော​ကာလ၌၊ သူတို့အဖို့ ကြီးစွာအဖိုး​ထိုက်လိမ့်မည်​ဖြစ်ကြောင်းကို ငါသိ၏။ ထိုနေ့၌၊ ပရောဖက်ပြု​ဟောချက်တို့ကို နားလည်ကြ​မည်ဖြစ်သော​ကြောင့်ပေတည်း။ သို့ဖြစ်၍၊ သူတို့၏​ကောင်းကျိုး​အတွက် ငါ​ရေးလေပြီ။

ဒုစရိုက်​ကြောင့် ယုဒ​လူမျိုးတို့၌ မျိုးဆက်တစ်ခု ဖျက်ဆီး​ခံခဲ့ရ၍၊ ထိုကဲ့သို့ပင် သူတို့သည် မိမိတို့၏​ဒုစရိုက်များ​အတိုင်း လူမျိုး​အစဉ်အဆက် ဖျက်းဆီး​ခံရကြလေပြီ။ ကိုယ်တော်ရှင်၏​ပရောဖက်များက ထိုအမှုကို သူတို့အား ကြိုတင်၍ဟောမထား​လေလျှင်၊ သူတို့အထဲမှ အဘယ်သူမျှ ဖျက်ဆီးခံခဲ့ရ လေမည်မဟုတ်။

၁၀ သို့ဖြစ်၍၊ ငါ့အဘ ယေရုရှလင်မြို့ကို စွန့်ခွာပြီး​လျှင်ပြီးချင်း၊ သူတို့​အပေါ်​ကျရောက်လာမည့် ဖျက်ဆီးခြင်း​အကြောင်းကို ပြောထားလေပြီ။ သို့သော်လည်း သူတို့သည် စိတ်နှလုံးကို မာကျောစေကြ၏။ ဗာဗုလုန်မြို့သို့ ဖမ်ဆီး​ချုပ်နှောင်ပြီး သယ်ဆောင်သွား​ခံရလေသူများ​မှတစ်ပါး၊ ငါ၏​ပရောဖက်ပြု​ဟောချက်အတိုင်း သူတို့ဖျက်​ဆီးခံရကြလေ၏။

၁၁ ယခုမူကား၊ ဤအမှုကို ငါပြောသည်မှာ ငါ့အထဲ၌​ရှိသော ဝိညာဉ်ကြောင့်​ဖြစ်၏။ သူတို့သည် အဝေးသို့ သယ်ဆောင်​သွားခံရ​လေသော်ငြားလည်း၊ တစ်ဖန်​ပြန်လာ၍ ယေရုရှလင်​နယ်မြေကို ပိုင်ဆိုင်လိမ့်မည်။ သို့ဖြစ်၍၊ သူတို့၏​အမွေခံရာမြေသို့ တစ်ဖန်​ပြန်လည်​ဆောင်ယူခံရကြလိမ့်မည်။

၁၂ သို့ရာတွင်၊ ရှုလော့၊ သူတို့၌ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်း​အကြောင်း​သတင်​စကားများ ရှိကြလိမ့်မည်။ ခမည်းတော်၏​တစ်ပါးတည်းသော​သားတော်၊ အမှန်စင်စစ်၊ ကောင်းကင်နှင့် မြေကြီး၏​ခမည်းတော်ကပင် သူကိုယ်တိုင် ဇာတိကိုယ်ခန္ဓာ​အားဖြင့် သူတို့ကို ထင်ရှားစွာ​ပြတော်မူမည့် ထိုကာလ​ကျရောက်လာသော​အခါ၊ ရှုလော့၊ သူတို့၏​ဒုစရိုက်များ၊ သူတို့​စိတ်နှ၏​လုံးမာကျောခြင်းနှင့် သူတို့၏​လည်ပင်း​ခိုင်မာခြင်းတို့ကြောင့် သူ့ကို ငြင်းပယ်​ကြလိမ့်မည်။

၁၃ ရှုလော့၊ သူ့ကို လက်ဝါး​ကပ်တိုင်၌ ကွပ်မျက်ကြ​လိမ့်မည်။ သင်္ချိုင်း​တွင်းထဲ၌ သူ့ကို သုံးရက်​ကြာအောင်​ချထားပြီး​နောက်တွင်၊ အနာကို​ပျောက်စေသော​အတောင်တို့ဖြင့်၊ သေခြင်းမှ ထမြောက်​တော်မူလိမ့်မည်။ သူ၏​နာမတော်ကို ယုံကြည်မည့်သူခပ်သိမ်းတို့သည် ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ သို့ဖြစ်၍၊ ငါ၏ဝိညာဉ်သည် သူ့အကြောင်းကို ပရောဖက်​ပြု၍ဟောရန် မွေ့လျော်၏။ အကြောင်း​မူကား၊ ငါသည် သူ၏​နေ့ရက်ကို မြင်လေ၍၊ ငါ၏​စိတ်နှလုံးက သူ၏​သန့်ရှင်းသော​နာမတော်ကို ချီးမွမ်း၏။

၁၄ ရှုဦးလော့၊ အချိန်တန်​လာလတ္တံ့သောအခါ၊ မေရှိယသည် သေခြင်းမှ ထမြောက်​တော်မူလေ၍၊ သူ၏​လူမျိုးတို့ထံ၊ သူ၏​နာမတော်ကို ယုံကြည်မည့်သူ​မှန်သမျှတို့ထံ သူကိုယ်တိုင် ထင်ရှားစွာ​ပြလေပြီးနောက်၊ ရှုလော့၊ ယေရုရှလင်မြို့သည် တစ်ဖန်ဖျက်ဆီးခံရ လိမ့်မည်။ အကြောင်း​မူကား၊ ဘုရားသခင်နှင့် သူ့​အသင်းတော်၏​လူမျိုးတို့ကို ဆန့်ကျင်​တိုက်ခိုက်သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။

၁၅ သို့ဖြစ်၍၊ ယုဒ​လူမျိုးတို့သည် ခပ်သိမ်းသောလူမျိုးတို့၌ ကွဲပြား​ပြန့်ကျဲကြ​ပေလိမ့်မည်။ ထိုမှတစ်ပါး၊ ဗာဗုလုန်မြို့​သည်လည်း ဖျက်ဆီးခံရလိမ့်မည်။ သို့ဖြစ်၍၊ ယုဒ​လူမျိုးတို့သည် အခြားသော​လူမျိုးတို့​အားဖြင့် ကွဲပြား​ပြန့်ကျဲကြ​လိမ့်မည်။

၁၆ သူတို့ကွဲပြား​ပြန့်ကျဲကြပြီးနောက်၊ မျိုးဆက်များ​စွာကြာအောင်၊ အမှန်စင်စစ်၊ ခရစ်တော်၊ ဘုရားသခင်၏​သားတော်နှင့် လူသားခပ်သိမ်းတို့​အဖို့ အတိုင်းမသိဖြစ်သော အပြစ်ဖြေခြင်း​မင်္ဂလာတို့ကို ယုံကြည်ကြစေရန် ဖျောင်းဖျ​ခံရကြသည်​အထိ လူမျိုး​အစဉ်အဆက်​ကြာအောင်ပင်၊ အခြားသော​လူမျိုးတို့​အားဖြင့်၊ ကိုယ်တော်ရှင်​ဘုရားသခင်က သူတို့ကို ဒဏ်ခတ်​တော်မူလေ၏—သူတို့သည် ခရစ်တော်ကို ယုံကြည်၍၊ စင်ကြယ်သော​စိတ်နှလုံး၊ သန့်ရှင်းသော​လက်တို့နှင့် သူ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်လျက်၊ နောက်ထပ်​တခြား မေရှိယကို မမျှော်လင့်တော့သော​နေ့ ကျရောက်လာပြီးနောက်၊ ထိုအချိန်တွင်၊ ဤအရာ​တို့ကို သူတို့​မဖြစ်​မနေယုံကြည်​ရမည့်ကာလသည် ကျရောက်လာလိမ့်မည်။

၁၇ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို ပျောက်ဆုံး၍ ကျရှုံးရာ​အခြေအနေမှ ပြန်လည်​ဆောင်ယူ​တော်မူခြင်းငှာ၊ လက်တော်ကို ဒုတိယ​အကြိမ် တစ်ဖန်ဆန့်​တော်မူလိမ့်မည်။ သို့ဖြစ်၍၊ သူသည် လူသားတို့၌ အံ့ဩဖွယ်​ကောင်းသောအမှုနှင့် အံ့မခန်း​ချီးမွမ်း​ဖွယ်အမှုကို ဆက်၍ ပြုတော်​မူလိမ့်ဦးမည်။

၁၈ သို့ဖြစ်၍၊ သူသည် မိမိ​နှုတ်ကပတ်တော်ကို ဖော်ပြ​တော်မူလိမ့်မည်။ နောက်ဆုံးသောနေ့၌ ထိုနှုတ်ကပတ်တော်​အားဖြင့် သူတို့ကို တရားစီရင်​တော်မူမည်ကား၊ သူတို့၏ ငြင်းပယ်ခြင်းကို ခံရလေသည့် မှန်သောမေရှိယ​အကြောင်း သူတို့ကို နားသွင်းရန်​ဟူသော ကြံရွယ်ချက်​အတွက်နှင့် မေရှိယ​တစ်ပါး​ကြွလာ​တော်မူသည်ကို သူတို့​နောက်ထပ်​မျှော်လင့်ကြရန်​မလိုတော့ကြောင်း နားသွင်းခြင်းငှာ သူတို့အား ထိုနှုတ်ကပတ်တော်တို့ကို ဖော်ပြတော်မူလိမ့်မည်။ အကြောင်းမူကား၊ လူတို့ကို လှည့်စားမည့် အယောင်​ဆောင်သော မေရှိယ​မှတစ်ပါး၊ အဘယ်သူမျှ ကြွလာလိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ပရောဖက်များ​ဟောထားလေသော မေရှိယ​တစ်ပါးတည်း​သာလျှင်ရှိ၍၊ ထိုမေရှိယသည်ကား၊ ယုဒလူမျိုးတို့၏ ငြင်းပယ်ခြင်း ကိုခံရမည့်သူဖြစ်၏။

၁၉ အကြောင်းမူကား၊ ငါ့အဘ​ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်မှစ၍၊ နှစ်ပေါင်း​ခြောက်ရာ​ကြာလျှင်၊ ပရောဖက်တို့၏​စကားများ​အတိုင်း၊ မေရှိယ​ကြွလာ​တော်မူပေမည်။ ထို့အတူ၊ ပရာဖက်တို့၏​စကားများနှင့် ဘုရားသခင့်​ကောင်းကင်​တမန်၏​စကား​အတိုင်း၊ သူ၏​နာမသည်ကား၊ ယေရှုခရစ်တော်၊ ဘုရားသခင်၏​သားတော်ဟု ဖြစ်လိမ့်မည်။

၂၀ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့​တိမ်းမှားခြင်း မရှိနိုင်​ကြစေကြောင်း၊ ငါရှင်လင်းစွာ ပြောလေပြီ။ ထို့အတူ၊ ဣသရေလ​အမျိုးတို့ကို အဲဂုတ္တု​ပြည်မှ​ဆောင်တော်မူခဲ့၍၊ လူမျိုးတို့ အဆိပ်ရှိသော​မြွေအကိုက်ခံရ၍၊ သူတို့ရှေ့ ၌ မြှောက်ထားသော ထိုမြွေအရုပ်ကို မျှော်ကြည့်ကြလျှင်၊ အနာငြိမ်းစေကြောင်း မောရှေအား တန်ခိုးကို ပေးခဲ့တော်မူသော၊ ထို့အတူ ကျောက်ကိုရိုက်၍ ရေထွက်လာစေကြောင်း သူ့အား တန်ခိုးကိုလည်း ပေးတော်မူခဲ့သော ကိုယ်တော်ရှင်​ဘုရားသခင် အသက်ရှင်​တော်မူသည့်အတိုင်း၊ ထိုမှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာတို့ အမှန်ဖြစ်​လေသည့်အတိုင်းနှင့် ကိုယ်တော်ရှင်​ဘုရားသခင်​အသက်​ရှင်တော်မူသည့်​အတိုင်း၊ ငါ​ပြောထားလေသည့် ဤယေရှုခရစ်တော်​မှတစ်ပါး၊ လူသား ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း၊ ပေးထားသည့်​အခြားနာမ ကောင်းကင်​အောက်၌ မရှိ။

၂၁ သို့ဖြစ်၍၊ ဤအကြောင်း​ကြောင့်ပင်၊ ငါရေးသည့် အရာတို့ကို ထိန်းသိမ်း၍၊ ကာကွယ်​စောင့်မလျက်၊ ငါ၏​အမျိုးအနွယ်များသို့ လူမျိုး​အစဉ်အဆက် လက်ဆင့်​ကမ်း၍​ပေးသွားရမည်ဟု ကိုယ်တော်ရှင်​ဘုရားသခင်​ကတိထား​တော်မူလေသည်မှာ၊ ယောသပ်၏​အမျိုးအနွယ်တို့သည် ဤမြေကြီး​တည်သမျှ​ကာလပတ်လုံး၊ အဘယ်တော့မျှ ပျက်စီးလိမ့်မည်​မဟုတ်ဟူသော ထိုကတိတော်ကို ပြီးပြည့်စုံ​စေခြင်းငှာပေတည်း။

၂၂ သို့ဖြစ်၍၊ ဤအရာတို့သည် ဤမြေကြီး တည်ရှိသမျှ​ကာလပတ်လုံး၊ လူမျိုး​အစဉ်အဆက် လက်ဆင့်​ကမ်းသွား ပေလိမ့်မည်။ ဘုရားသခင်၏ စိတ်အလို​ဆန္ဒ​အတိုင်း ရောက်ရှိ​သွားလိမ့်မည်။ ပိုင်ဆိုင်မည့်် ပြည်သားတို့သည်လည်း ရေးထားသော​စကားများ​အတိုင်း ထိုအရာတို့​အားဖြင့် တရားစီရင်ခံရကြလိမ့်မည်။

၂၃ အကြောင်းမူကား၊ ငါတို့သည် ငါတို့၏​သားမြေးများ၊ ထို့အတူ ငါတို့၏​ညီအစ်ကိုများကိုလည်း၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် ဘုရားသခင်ထံသို့ မိတ်သဟာယ​ဖွဲ့ကြစေကြောင်း၊ ဖျောင်းဖျခြင်းငှာ ရေးရန် လုံ့လဝီရိယ​ထက်သန်စွာအလုပ်လုပ်ကြ၏။ အကြောင်းမူကား၊ ငါတို့သည် စွမ်းအား​ရှိသမျှ ဆောင်ရွက်ကြပြီးမှ၊ ကျေးဇူးတော်​အားဖြင့် ကယ်တင်ခြင်း​သို့ရောက်ရသည်ကို သိကြ၏။

၂၄ ထို့အတူ၊ ငါတို့သည် ခရစ်တော်ကို ယုံကြည်ကြ​သော်ငြားလည်း၊ မောရှေ၏​ပညတ်တရားကို စောင့်ထိန်း၍၊ ပညတ်တရား​ပြီးပြည့်စုံစေသည့်​တိုင်အောင်၊ မြဲမြံခြင်းနှင့် ခရစ်တော်ကို မျှော်လင့်ကြ၏။

၂၅ အကြောင်းမူကား၊ ဤရည်ရွယ်ချက်​အတွက် ပညတ်တရားကို ပေးထားတော်မူလေ၏။ သို့ဖြစ်၍၊ ပညတ်တရားသည် ငါတို့အတွက် အသေဖြစ်​လာ၍၊ ငါတို့၏​ယုံကြည်ခြင်းကြောင့်၊ ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ကြ၏။ သို့သော်လည်း၊ ငါတို့သည် ပညတ်တော်များကြောင့် ပညတ်တရားကို စောင့်ထိန်းကြ၏။

၂၆ ထို့အတူ ငါတို့သည် ခရစ်တော်​အကြောင်းကို ပြောကြ၏၊ ခရစ်တော်၌ ရွှင်လန်း​ဝမ်းမြောက်ကြ၏၊ ခရစ်တော်​အကြောင်းကို ဟောပြောကြ၏၊ ခရစ်တော်အကြောင်းကို ပရောဖက်ပြု၍ ဟောကြ၏၊ ထို့အတူ ငါတို့၏​ပရောဖက်ပြု​ဟောချက်များ​အတိုင်း ရေးကြ၏၊ ငါတို့၏ သားမြေးများ သူတို့၏အပြစ်များမှ လွှတ်ခြင်းအတွက် အဘယ်အရင်း​အမြစ်ကို မှီခိုနိုင်မည်​အကြောင်း သိနိုင်ကြစေခြင်း​ငှာပေတည်း။

၂၇ သို့ဖြစ်၍၊ ငါတို့၏​သားမြေးတို့ ပညတ်တရား၏​အသေဖြစ်ခြင်းကို သိနိုင်ကြစေခြင်းငှာ၊ ပညတ်တရား​အကြောင်းကို ငါတို့​ပြောကြ၏။ ထို့အတူ၊ သူတို့သည် ပညတ်တရား၏​အသေဖြစ်ခြင်းကို သိခြင်းအားဖြင့်၊ ခရစ်တော်၌ရှိသော ထိုအသက်ရှင်ခြင်းကို မျှော်လင့်၍၊ အဘယ်​ရည်ရွယ်ချက်​အတွက် ပညတ်တရားကို ပေးထား​တော်မူခဲ့လေကြောင်းကို သိကြ၏။ ထို့အတူ၊ ပညတ်တရားကို ခရစ်တော်၌ ပြီးပြည့်စုံစေပြီးနောက်၊ ပညတ်တရား​ရပ်စဲသွားသောအခါ သူ့ကို​ဆန့်ကျင်၍၊ ကိုယ့်စိတ်နှလုံးကို မာကျောစေရန် လိုအပ်ခြင်း​မရှိကြတော့။

၂၈ ယခုမူကား၊ ရှုလော့၊ ငါ၏​လူမျိုးတို့၊ သင်တို့သည် လည်ပင်း​ခိုင်မာသော လူမျိုးများ​ဖြစ်ကြ၏။ သို့ဖြစ်၍၊ သင်တို့​အထင်အမြင်​မမှားနိုင်​ကြစေခြင်းငှာ၊ ငါသည်​သင်တို့ကို ရှင်းလင်းစွာ ပြောထားလေပြီ။ ထို့အတူ၊ ငါပြောထားလေသော​စကားများသည် သင်တို့​တစ်ဖက်၌ သက်သေအဖြစ် ရပ်တည်ကြလိမ့်မည်။ အကြောင်းမူကား၊ လူတစ်စုံတစ်ဦးအား မှန်သောနည်းလမ်းကို သွန်သင်ပေးရာ၌၊ ထိုစကားများမှာ လုံလောက်၏။ မှန်သော​နည်းလမ်းသည်ကား၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် သူ့ကို ငြင်းဆိုခြင်းမပြုရန်ပေတည်း။ သူ့ကို ငြင်းဆိုခြင်း​အားဖြင့် သင်တို့သည် ပရောဖက်များနှင့် ပညတ်တရားတို့ကိုလည်း ငြင်းဆိုကြ၏။

၂၉ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ မှန်သော​လမ်းခရီးသည်ကား၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် သူ့ကိုငြင်းဆိုခြင်းမပြုရန်ပေတည်း။ ထို့အတူ၊ ခရစ်တော်သည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော​ဘုရားဖြစ်တော်မူ၏။ သို့ဖြစ်၍၊ သင်တို့သည် သူ၏ရှေ့မှာ ဦးညွှတ်​ပျပ်ဝပ်၍၊ သင်တို့၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့်၊ ထို့အတူ သင်တို့၏​စိတ်ဝိညာဉ်​တစ်ခုလုံးဖြင့် သူ့ကို ကိုးကွယ်​ရကြမည်။ သင်တို့သည် ဤသို့​ပြုကြလျှင်၊ အလျှင်း​နှင်ထုတ်​မခံရကြ။

၃၀ ထို့အတူ၊ လိုအပ်လေသည့် အတိုင်း၊ သင်တို့သည် ဘုရားသခင်၏ စီရင်တော်မူခြင်းများနှင့် ဘိသိက်မင်္ဂလာများကို မောရှေသို့ ပေးထား​တော်မူသော ပညတ်တရား​ပြီးပြည့်စုံ​စေသည့် တိုင်အောင် စောင့်ထိန်း​ရကြမည်။

ပုံနှိပ်သည်