ကျမ်းစာများ
၂ နီဖိုင်း ၂၈


အခန်းကြီး ၂၈

မှားယွင်းသည့် အသင်းတော်​များစွာတို့ကို နောက်ဆုံးသော​ကာလ၌ တည်ထောင်​ကြလိမ့်မည်—မှားယွင်း၍ အချည်းနှီး​ဖြစ်သော မိုက်မဲသည့်​ဩဝါဒများကို ထို​အသင်းတော်များက သွန်သင်ပေးလိမ့်မည်—မှားယွင်းသော​ဆရာများကြောင့်၊ ဖောက်ပြန်​သင်းကွဲခြင်း​ပျံ့နှံ့လိမ့်မည်—နတ်ဆိုးသည် လူသားတို့၏​စိတ်နှလုံးကို လှုပ်ရှားထကြွ​စေလိမ့်မည်—သူသည် မှားယွင်းသော​ဩဝါဒ​အမျိုးမျိုးတို့ကို သွန်သင်​ပေးလိမ့်မည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ဝိညာဉ်တော်က ငါ့ကို အတင်းစေ​ခိုင်းသည့်​အတိုင်း သင်တို့ကို ငါပြောလေပြီ။ သို့ဖြစ်၍၊ ထိုအရာတို့​ဧကန်အမှန် ဖြစ်လာ​ရမည်ကို ငါသိ၏။

ထိုကျမ်း၌ ရေးလိမ့််မည့်​အရာများသည် လူသားတို့​အတွက်၊ အထူးအားဖြင့် ဣသရေလ​အမျိုးသားတို့၏ ကျန်ကြွင်းသော​သူများဖြစ်သည့် ငါ၏​အမျိုး​အနွယ်များ​အတွက် ကြီးစွာ အဖိုး​ထိုက်လိမ့်မည်။

အကြောင်းမူကား၊ အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ထိုကာလ၌ တည်ထောင်ကြသော အသင်းတော်များ​သည်ကား၊ ကိုယ်တော်ရှင်၏​ဘုန်းတော်ထင်ရှားစေဖို့ မဟုတ်၍၊ အသင်းတော်​တစ်ခုက အခြား​အသင်းတော်​တစ်ခုကို ပြောဆို​လိမ့်မည်မှာ၊ ရှုလော့၊ ငါ၊ ငါသည် ကိုယ်တော်ရှင်၏​အသင်းတော်​ဖြစ်၏။ အခြားသော အသင်းတော်များကလည်း​ပြောဆိုကြမည်မှာ၊ ငါ၊ ငါသည် ကိုယ်တော်ရှင်၏​အသင်းတော်ဖြစ်၏။ အသင်းတော်​တည်ထောင်သူ​တိုင်းက ထိုကဲ့သို့​ဆိုကြသော်လည်း၊ ကိုယ်တော်ရှင်၏​ဘုန်းတော်​ထင်ရှားစေဖို့ မဟုတ်ကြ—

ထိုအသင်းတော်တို့​သည်လည်း အချင်းချင်း ရန်တွေ့​ကြလိမ့်မည်။ ၎င်းတို့၏​ယဇ်ပုရောဟိတ်များ​သည်လည်း အချင်းချင်း​ရန်တွေ့ကြလိမ့်မည်၊ မိမိတို့၏​အသိ​ပညာဖြင့် သွန်သင်ပေးကြလိမ့်မည်၊ ဟောပြောခြင်း​အခွင့်ကို​ပေးသည့် သန့်ရှင်းသော​ဝိညာဉ်တော်ကိုလည်း ငြင်းဆိုကြလိမ့်မည်။

ထို့အတူ၊ သူတို့သည် ဘုရားသခင်၊ ဣသရေလ​အမျိုး၏​သန့်ရှင်း​တော်မူသော​ဘုရား၏ တန်ခိုးတော်ကို ငြင်းဆို၍၊ လူတို့ကို ပြောဆိုကြသည်ကား၊ ငါတို့ကို စေ့စေ့နားထောင်ကြလော့။ ငါတို့၏​ပညတ်ကို ကြားနာကြလော့။ အကြောင်းမူကား၊ ရှုလော့ ယခု​ကာလတွင် ဘုရားသခင်​မရှိ။ ကိုယ်တော်ရှင်၊ ရွေးနှုတ်​ရှင်သည် သူ၏​အမှုတော်ကို ပြုထားတော်မူလေ၍၊ လူသားတို့အား၊ သူ၏​တန်ခိုးတော်ကိုလည်း ပေးအပ်​ထားတော်မူလေပြီ။

ရှုလော့၊ ငါ၏​ပညတ်ကို သင်တို့​စေ့စေ့နားထောင်ကြလော့။ အလွန်​တရာ​အံ့ဩဖွယ်​အမှုကို ကိုယ်တော်ရှင်၏ လက်တော်​အားဖြင့် ပြုပြင်​စီရင်ထား​ပြီဟု အခြားသူတို့​ဆိုကြလျှင် မယုံကြနှင့်။ အကြောင်းမူကား၊ ဤကာလတွင်၊ သူသည် အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏ ဘုရားသခင်​မဟုတ်။ သူ၏​အမှုကို သူဆောင်ရွက်​တော်မူပြီးလေပြီ။

ထိုမှတစ်ပါး၊ များစွာသော​သူတို့က၊ စားလော့၊ သောက်လော့၊ ပျော်မွေ့လော့။ အကြောင်းမူကား၊ ငါတို့သည် နက်ဖြန်နေ့၌ သေပြီးနောက်၊ ကောင်းသောအကျိုးခံရ​လိမ့်မည်ဟု ဆိုကြလိမ့်မည်။

အခြား​လူများစွာတို့ကလည်း ပြောဆိုကြမည်ကား၊ စားလော့၊ သောက်လော့၊ ပျော်မွေ့ကြလော့။ သို့သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလော့—အပြစ်​အနည်းငယ်​ကျူးလွန်ရာ၌ သူက​အပြစ်ကင်းစေ​တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ မုသား​အနည်းငယ်​ပြောလော့။ စကား​ကျွံလေသူ​အပေါ် အခွင့်​ကောင်းယူကြလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူ​အဖို့ ကျင်းကို​တူးကြလော့။ ဤသို့​ပြုခြင်း​အားဖြင့် ထိခိုက်မှု​မရှိ၍ ဤအရာခပ်သိမ်းတို့ကို ပြုကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ငါတို့​သေကြ၏။ ငါတို့​အပြစ်ရောက်လျှင်၊ ဘုရားသခင်သည် ငါတို့ကို ရိုက်ချက်​အနည်းငယ်ဖြင့်သာ ရိုက်တော်မူ၍၊ နောက်ဆုံးတွင် ငါတို့သည် ဘုရားသခင်၏ နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်​ကြလိမ့်မည်။

ထိုမှတစ်ပါး၊ မှားယွင်း၍ အချည်း​နှီးဖြစ်သော မိုက်မဲသည့် ဩဝါဒများကို ဤကဲ့သို့​အားဖြင့် သွန်သင်​ပေးသူများစွာ​ရှိလိမ့်မည်။ သူတို့​စိတ်နှလုံး၌ မာန​ထောင်လွှားလျက်၊ သူတို့၏​အကြံများကို ကိုယ်တော်ရှင်ထံမှ ကွယ်ဝှက်ခြင်းငှာ နက်နဲစွာ ကြိုးစား​ကြလိမ့်မည်။ သူတို့၏​အမှုများ​သည်လည်း မှောင်မိုက်၌ ရှိကြလိမ့်မည်။

၁၀ ထို့အတူ၊ သန့်ရှင်းသူတို့၏​အသွေးက ထိုသူတို့​တစ်ဖက်၌၊ မြေကြီးမှ​နေ၍ ဟစ်ကြွေး​လိမ့်မည်။

၁၁ ထိုမှတစ်ပါး၊ သူတို့​အားလုံး လမ်းလွဲ​ကြလေပြီ။ သူတို့သည် ဖောက်ပြန်​လာကြလေပြီ။

၁၂ မာန​ကြောင့်လည်းကောင်း၊ မှားယွင်းသော​ဆရာများနှင့် မှားယွင်းသော​ဩဝါဒများကြောင့်​လည်းကောင်း သူတို့၏​အသင်းတော်များသည် ဖောက်ပြန်​လာကြလေ၍၊ သူတို့၏​အသင်းတော်များသည် ဘဝင်မြင့်​ကြလေ၏။ မာန​ကြောင့် သူတို့မာနထောင်​လွှားကြ၏။

၁၃ သူတို့သည် မိမိတို့၏​တင့်တယ်သော​ဝတ်ပြုရာဌာနတို့ကြောင့် ဆင်းရဲသားတို့ကို လုယူကြ၏။ သူတို့သည် မိမိတို့၏​တင့်တယ်သော အဝတ်​တန်ဆာကြောင့် ဆင်းရဲ​သားတို့ကို လုယူကြ၏။ ထို့အတူ၊ သူတို့သည် မိမိတို့၏​မာန၌ မာန​ထောင်​လွှားကြသော​ကြောင့် သိမ်မွေ့အောက်ကျို့​သော​သူနှင့် စိတ်နှလုံး​နှိမ့်ချသော​သူတို့ကို ညှဉ်းဆဲကြ၏။

၁၄ သူတို့သည် လည်ပင်း​ခိုင်မာ၍၊ မောက်မာကြ၏။ ထိုမှတစ်ပါး၊ မာန၊ ဆိုးညစ်ခြင်း၊ စက်ဆုပ်​ရွံရှာဖွယ်​အမှုများနှင့် မတရားသော​မေထုန်​အမှုများတို့ကြောင့်၊ ခရစ်တော်၏ နှိမ့်ချသော​တပည့်တော်​အနည်းငယ်တို့​မှတစ်ပါး၊ သူတို့​အားလုံးသည် လမ်းလွဲကြလေပြီ။ သို့ရာတွင်၊ ထိုတပည့်တော်တို့​သည်လည်း လူတို့၏​ပညတ်ကို သင်ယူခဲ့ရလေကား၊ ကြိမ်ဖန်များစွာ အမှား​အယွင်းကို ပြုကြစေကြောင်း သွေးဆောင်​ခံရကြလေ၏။

၁၅ အို မိမိ​မာန​စိတ်နှလုံးဖြင့်၊ မာန​ထောင်​လွှားကြသော၊ ဉာဏ်ပညာရှိသူများ၊ စာတတ်သော​သူများနှင့် ကြွယ်ဝသော​သူများ၊ ထို့အတူ၊ မှားယွင်းသော​ဩဝါဒတို့ကို ဟောပြောကြသူခပ်သိမ်း၊ မတရားသော​မေထုန်​အမှုများကို ကျူးလွန်ကြသူ​ခပ်သိမ်းနှင့် ကိုယ်တော်ရှင်၏​မှန်သော​တရားလမ်းတော်တို့ကို မှောက်လှန်ကြသော​သူများတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ​ရှိကြ၏ဟု ကိုယ်တော်ရှင်​ဘုရားသခင်​အနန္တတန်ခိုး​ရှင်မိန့်တော်မူလေ၏။ အကြောင်းမူကား၊ သူတို့သည် ငရဲသို့​တိုင်အောင် ပစ်ချ​ခံရကြလိမ့်မည်။

၁၆ ဖြောင့်မတ်သော​သူကို တန်ဖိုး​မရှိသော​အရာအဖြစ် မထီမဲ့မြင်ပြု၍ ကောင်းမြတ်သော​အရာကို ဆန့်ကျင်​ကဲ့ရဲ့ပြောဆို၍၊ ထိုအရာသည် အဖိုး​မတန်ဟု​ပြောကြသော​သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မြေကြီး​ပေါ်မှာ​နေထိုင်​သူတို့ကို ကိုယ်တော်ရှင်​ဘုရားသခင်အလျင်အမြန်ဆုံးမ​တော်မူမည့်နေ့သည် ကျရောက်​လာလိမ့်မည်။ ထိုနေ့တွင်၊ ဒုစရိုက်၌ လုံးလုံးရင့်မှည့်​ကြသော​သူတို့​သည် ပျက်စီး​ကြလိမ့်မည်။

၁၇ သို့ရာတွင်၊ ရှုလော့၊ မြေကြီးပေါ်မှာ​နေထိုင်သူတို့သည် မိမိတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများမှ နောင်တရကြလျှင်၊ ဖျက်ဆီး​ခံရကြလိမ့်မည်​မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူလေ၏။

၁၈ သို့ရာတွင်၊ ရှုလော့၊ မြေကြီး​တခုလုံး၏ ပြည့်တန်ဆာဖြစ်သော ထိုစက်ဆုပ်​ရွံရှာဖွယ်​ကောင်းသည့်​အသင်းတော်ကြီးသည် မြေကြီးသို့ ပြိုကျ​ရမည်ဖြစ်၍၊ ကြီးမား​လှသည်ကား၊ ထိုအသင်းတော်ကြီး၏ ကျရှုံးခြင်း​ဖြစ်၏။

၁၉ နတ်ဆိုး၏​နိုင်ငံသည် တုန်လှုပ်၍၊ သူနှင့်​ဆိုင်သော​သူတို့ကို နောင်တရခြင်းသို့ နှိုးဆော်ရ​မည်၊ သို့မဟုတ်လျှင်၊ နတ်ဆိုးသည် ထိုသူတို့ကို သူ၏​ထာဝရတည်မြဲသော​သံကြိုးဖြင့် ချုပ်ကိုင်လိမ့်မည်။ သူတို့သည်လည်း၊ အမျက်ထွက်​ကြစေကြောင်း နှိုးဆော်​ခံရ၍၊ ပျက်စီးကြ၏။

၂၀ အကြောင်းမူကား၊ ထိုကာလ၌ သူသည် လူသားတို့၏​စိတ်နှလုံးကို လှုပ်ရှား​ထကြွစေလျက်၊ ကောင်းမြတ်သော​အရာကို ဆန့်ကျင်၍ အမျက်ထွက်စေကြောင်း သူတို့ကို နှိုးဆော်လိမ့်မည်။

၂၁ ထို့အတူ၊ အခြားသော​သူတို့ကိုလည်း သူစိတ်ပြေစေလျက်၊ လောကီဆိုင်ရာလုံခြုံရာသို့ လှည့်ဖြား​ခေါ်ဆောင်​သွား၍၊ ထိုသူတို့​ဆိုမည်ကား၊ ဇိအုန်မြို့ ၌ အားလုံး​ကောင်းပါ၏။ ထိုမှတစ်ပါး၊ ဇိအုန်မြို့သည် အောင်မြင်၍ အားလုံး​ကောင်းပါ၏—ထိုကဲ့သို့​အားဖြင့်၊ နတ်ဆိုးသည် သူတို့၏​စိတ်ဝိညာဉ်ကို လိမ်လည်လှည့်ဖြား၍၊ သူတို့ကို ငရဲသို့ သတိကြီးစွာ​လှည့်ဖြား​ခေါ်ဆောင်​သွား၏။

၂၂ ရှုဦးလော့၊ အခြားသော​သူတို့ကိုလည်း မြှောက်ပင့်​ပြောဆို၍ သွေးဆာင်လျက်၊ ငရဲ​မရှိကြောင်း​ပြောဆို၏။ ငါသည် နတ်ဆိုး​မဟုတ်။ အကြောင်းမူကား၊ အဘယ်နတ်ဆိုး​မျှမရှိ​ဟုလည်း သူတို့ကို ဆို၏—ထိုကဲ့သို့​အားဖြင့်၊ လွတ်မြောက်ခြင်း​မရှိရာ သူ၏​ကြောက်ရွံ့​ဖွယ်ကောင်းသော သံကြိုးတို့ဖြင့် သူတို့ကို ချုပ်ကိုင်သည်​အထိ သူတို့နား၌ အသံသေးနှင့် တိုးတိုးပြော၏။

၂၃ ထိုမှတစ်ပါး၊ သူတို့သည် သေခြင်းနှင့် ငရဲ၏​ချုပ်ကိုင်သည်ကို ခံရ၏။ သေခြင်း၊ ငရဲ၊ နတ်ဆိုးနှင့် ၎င်းတို့၏​ဖမ်းဆီး​ထားခြင်းကို ခံရလေသူ​ခပ်သိမ်းတို့သည် ဘုရားသခင်၏​ပလ္လင်တော်​ရှေ့၌ ရပ်ရမည်​ဖြစ်၍၊ မိမိတို့၏​အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရလျက်၊ ထိုနေရာမှ​တစ်ဆင့် မိမိတို့​အတွက် ပြင်ဆင်ထားသော​နေရာ၊ အကယ်စင်စစ်၊ အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်း​တည်းဟူသော ကန့်နှင့်​ရောသော​မီးအိုင်သို့ သွားရကြမည်။

၂၄ ထို့ကြောင့်၊ ဇိအုန်မြို့ ၌ ငြိမ်သက်ချမ်းသာစွာ​နေသော​သူသည် အမင်္ဂလာရှိ၏။

၂၅ အားလုံး ကောင်းပါ၏ဟု ဟစ်ကြွေးသော​သူသည် အမင်္ဂလာရှိ၏။

၂၆ ထိုမှတစ်ပါး၊ လူတို့၏​ပညတ်များကို စေ့စေ့နားထောင်၍၊ ဘုရားသခင်၏​တန်ခိုးတော်နှင့် သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးကို ငြင်းဆိုသော​သူသည် အမင်္ဂလာရှိ၏။

၂၇ ထိုမှတစ်ပါး၊ ငါတို့ ရရှိကြပြီး​ပြီဖြစ်၍၊ မလိုအပ်တော့ဟု ဆိုသော​သူသည် အမင်္ဂလာရှိ၏။

၂၈ ထို့အတူ၊ အချုပ်​အားဖြင့်၊ ဘုရားသခင်၏ သမ္မာ​တရားကြောင့် တုန်၍ အမျက်ထွက်ကြသော​သူခပ်သိမ်းတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ရှုလော့၊ ကျောက်ပေါ်၌ တည်ဆောက်ထားသော​သူသည် ထိုတရားကို ဝမ်းသာခြင်းနှင့် လက်ခံရ​ရှိ၏။ သဲအုတ်​မြစ်ပေါ်၌ တည်ဆောက်ထားသော​သူသည် လဲကျမည်ကို ကြောက်ရွံ့၍ တုန်၏။

၂၉ ငါတို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ရရှိလေ၍၊ လုံလောက်စွာ​ရှိပြီဖြစ်​သဖြင့် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို နောက်ထပ်​မလိုအပ်တော့ဟု ဆိုသော​သူသည် အမင်္ဂလာရှိ၏။

၃၀ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေသည်ကား၊ ငါသည် လူသားတို့အား ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာ​အနည်းငယ် ပေးတော်မူမည်။ ငါ၏​ပညတ်များကို စေ့စေ့နားထောင်၍၊ ငါ၏​အကြံကို ကြားနာသော​သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် ဥာဏ်ပညာကို သင်ယူ​ကြလိမ့်မည်။ ရရှိတတ်သော​သူအား ငါထပ်၍​ပေးတော်မူမည်။ ငါတို့မှာ​လုံလောက်စွာရှိ၏ဟု ပြောမည့်သူတို့ထံမှ၊ ရှိသည့်​အရာကိုပင် သိမ်းယူ​သွားလိမ့်မည်။

၃၁ ကျိန်ခြင်း​ခံရသော​သူသည်ကား၊ လူကိုကိုးစား၍ လူ၏​လက်ရုံးကို အမှီပြုသော၊ သို့တည်းမဟုတ်၊ လူတို့၏​ပညတ်များသည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ပေးထား​တော်မူလေခြင်း​မဟုတ်လျှင်၊ ထိုသူတို့၏​ပညတ်များကို စေ့စေ့နားထောင်မည့်သူ ဖြစ်၏။

၃၂ တပါးအမျိုး​သားတို့သည် အမင်္ဂလာ​ရှိကြ၏ဟု ကောင်းကင်​ဗိုလ်ခြေ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေ၏။ အကြောင်းမူကား၊ ငါ၏​လက်တော်ကို သူတို့​ထံနေ့တိုင်းမပြတ် ဆန့်သော်​ငြားလည်း၊ သူတို့သည် ငါ့ကို ငြင်းဆိုကြလိမ့်မည်။ သို့သော်လည်း သူတို့သည် နောင်တရလျက်၊ ငါ့ထံသို့​လာကြလျှင်၊ သူတို့ကို ငါကရုဏာကြီးတော်မူမည်ဟု ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေ၏။ အကြောင်းမူကား၊ ငါ၏​လက်တော်သည် တစ်နေ့လုံး​ဆန့်တန်းလျက်ရှိ၏ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​ဘုရားသခင် မိန့်တော်မူ​လေသတည်း။

ပုံနှိပ်သည်