ကျမ်းစာများ
၂ နီဖိုင်း ၃


အခန်းကြီး ၃

အဲဂုတ္တု​ပြည်​၌ ယောသပ်​သည် ရူပါရုံ​၌ နီဖိုင်း​အမျိုး​သား​တို့​ကို မြင်​၏—သူ​သည် နောက်​ပိုင်း​ကာလ မြင်​သော​သူ​ဖြစ်​သည့် ဂျိုးဇက်​စမစ်​အကြောင်း၊ ဣသရေလ​အမျိုး​တို့​ကို ကယ်​လွှတ်​မည့် မောရှေ​အကြောင်း​နှင့် မော်မုန်​ကျမ်း​ဖြစ်​ပေါ်​လာ​ခြင်း​အကြောင်း​တို့​ကို ပရောဖက်​ပြု​၍​ဟော​၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ယခု​မူ​ကား၊ ငါ​၏​သား​နှောင်း​ယောသပ်၊ သင့်​ကို ငါ​ဆို​၏။ သင်သည် ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​စား​ရာ တော​ရိုင်း​ထဲ​၌ ဖွား​မြင်ခံရ​၏။ အမှန်​စင်​စစ်၊ ငါ​၏​ဝမ်း​နည်း​မှု​အကြီး​မား​ဆုံး​သော ကာလ၌ သင်​၏​အမိ​သည် သင့်​ကို ဖွား​မြင်​ခဲ့​၏။

သင်​သည် ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​မည်​ဆို​လျှင်၊ သင်​၏​လုံ​ခြုံ​မှု​အတွက် သင်​၏​ညီ​အစ်​ကို​များ​နှင့်​အတူ သင်​၏​အမွေ​ခံ​ရာ​နှင့် သင့်​အမျိုး​အနွယ်​များ​၏​အမွေ​ခံ​ရာ​အဖြစ် အဖိုး​အထိုက်​ဆုံး​ပြည်​ဖြစ်​သည့် ဤ​ပြည်​ကိုလည်း သင့်​အတွက် ကိုယ်​တော်​ရှင်​ကာလ​အစဉ်​အဆက် ရည်​စူး​တော်​မူ​ပါ​စေ။

ယခု​မူ​ကား၊ ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​စား​ရာ​တော​ရိုင်း​ထဲ​မှ ဆောင်​ယူ​ခဲ့​လေ​သော ငါ​၏​သား​နှောင်း​ယောသပ်၊ ကိုယ်​တော်​ရှင်​သည် သင့်​ကို ကာလ​အစဉ်​အဆက် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ အကြောင်း​မူ​ကား၊ သင်​၏​အမျိုး​အနွယ်​သည် ရှင်း​ရှင်း ဖျက်​ဆီး​မခံ​ရ။

အကြောင်း​မူ​ကား၊ ရှု​လော့၊ သင်​သည် ငါ့​ရင်​သွေး​ဖြစ်​၏။ ငါ​သည်​လည်း အဲဂုတ္တု​ပြည်​သို့ ဖမ်းဆီး​ချုပ်​နှောင်​၍ ဆောင်​ယူ​ခံ​ရ​သည့် ယောသပ်​၏ အမျိုး​အနွယ်​ဖြစ်​၏။ ယောသပ်ထံ ပြု​တော်​မူ​ခဲ့​သည့် ကိုယ်​တော်​ရှင်​၏ ပဋိညာဉ်​တို့​သည်​လည်း ကြီး​မြတ်​တော်​မူ​လေ​၏။

သို့​ဖြစ်​၍၊ ယောသပ်​သည် ငါ​တို့​၏​နေ့​ရက်​များ​ကို အမှန်​ပင်​မြင်​၏။ ကွဲ​ကွာ​သည့် လူ​တစ်​စု​ဖြစ်​သော်​လည်း ထို​သူ​တို့​ကို မှောင်​မိုက်​မှ အလင်း​သို့၊ တန်​ခိုး​ကို ပေး​သော​ဝိညာဉ်​တော်​အား​ဖြင့်၊ နောက်​ပိုင်း​ကာလ​များ​၌ ထို​သူ​တို့​ထံ မေရှိယ​ထင်​ရှား​စွာ​ပြ​တော်​မူ​လိမ့်​မည်​ဟူ​သည့် ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​အတိုင်း၊ အောက်​မေ့​နိုင်​ကြ​စေ​ခြင်း​ငှာ၊ သူ​၏​ရင်​သွေး​မှ ဣသရေလ​အမျိုး​သား​များ​အတွက် မေရှိယ​ကို​မ​ဟုတ်​သော်​လည်း၊ ဖြောင့်​မတ်​သော​သူ​တစ်​စု​ကို ကိုယ်​တော်​ရှင်​ဘုရားသခင်​က ပေါ်​ထွန်း​စေ​လိမ့်​မည်​ဆို​သော ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို သူ​ရ​ရှိ​၏—အမှန်​စင်​စစ်၊ ဖုံး​ကွယ်​ထား​သော မှောင်​မိုက်​နှင့် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ လွတ်​လပ်​ခွင့်​သို့ ဆောင်​ယူ​နိုင်​သည့်​တိုင်​အောင်​ပေ​တည်း။

အကြောင်း​မူကား၊ မြင်​သော​သူ​တစ်​ဦး​ကို ငါ​၏​ဘုရားသခင်​ကိုယ်​တော်​ရှင် ပေါ်​ထွန်း​စေ​တော်​မူ၍၊ ထို​သူ​သည် ရွေး​ကောက်​တော်​မူ​ထိုက်​သည့် ငါ​၏​ရင်​သွေး​အဖို့ ရွေး​ကောက်​တော်​မူ​ထိုက်​သည့် မြင်​သော​သူ​ဖြစ်​လိမ့်​မည်​ဟု​ဆို​၍ ယောသပ်​သည် အမှန်​ပင်​သက်​သေ​ခံ​၏။

ထို​မှ​တစ်​ပါး၊ ယောသပ်​က​အမှန်​ပင်​ဆို​သည်​မှာ၊ ငါ့​ကို ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​သည်​ကား၊ ရွေး​ကောက်​တော်​မူ​ထိုက်​သည့် မြင်​သော​သူ​တစ်​ဦး​ကို သင်​၏​ရင်​သွေး​မှ ငါ​ပေါ်​ထွန်း​စေ​တော်​မူမည်။ သူသည်လည်း သင်​၏​ရင်​သွေး​၌ အလွန်​အလေး​အမြတ်​ထား ခံ​ရ​ပေ​လိမ့်​မည်။ သူ​သည် မိမိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့် သင်​၏​ရင်​သွေး​အတွက်၊ သင်​၏​ဘိုး​ဘေး​တို့​နှင့် ငါ​ပြု​ထား​တော်​မူ​လေ​သည့် ပဋိညာဉ်​အကြောင်း အသိပညာ​သို့ ထို​သူ​တို့​ကို ဆောင်​ယူ​သည်​အထိ​ပင်၊ သူ​တို့​အတွက် ကြီး​စွာ​အဖိုး​ထိုက်​သည့် အမှု​ကို ပြု​စေ​မည့်​အကြောင်း၊ ငါ​မိန့်​မှာ​မည်။

သူ့ကို ငါ​မိန့်တော်မူမည့် အမှု​မှ​တစ်ပါး၊ အခြား​အမှုကို မပြု​စေမည့်​အကြောင်းပညတ်တော်ကို သူ့အား ငါပေးမည်။ ငါသည် သူ့ကို ငါ၏​အမြင်​၌ ကြီး​မြတ်​စေ​မည်။ အကြောင်းမူကား၊ သူသည် ငါ​၏​အမှုတော်ကို လုပ်ဆောင်​လိမ့်မည်။

ငါ​၏​လူ​မျိုး​တို့​ကို ကယ်​လွှတ်​ရန်၊ သင်​တို့​အတွက် ပေါ်​ထွန်း​စေ​လိမ့်​မည်​ဟု ငါ​မိန့်​တော်​မူ​လေ​သည့် မောရှေ​ကဲ​သို့ သူ​သည် ကြီး​မြတ်​လိမ့်​မည်၊ အို ဣသရေလ​အမျိုး​သား​တို့။

၁၀ သင်​၏​လူ​မျိုး​တို့​ကို အဲဂုတ္တု​ပြည်​မှ ကယ်​လွှတ်ရန် မောရှေ​ကို ငါ​ပေါ်​ထွန်း​စေ​မည်။

၁၁ သို့​ရာ​တွင်၊ မြင်​သော​သူ​တစ်​ဦး​ကို သင်​၏ ရင်​သွေး​မှ ငါ​ပေါ်​ထွန်း​စေ​မည်၊ သင့်​ရင်​သွေး​၏ အမျိုး​အနွယ်​များ​သို့ ငါ​၏​နှုတ်​က​ပတ်​တော်​ကို ဖော်​ပြ​ရန် သူ့အား တန်ခိုးကိုလည်း ငါပေးတော် မူမည်—ငါ​၏​နှုတ်​က​ပတ်​တော်​ကို ဖော်​ပြ​စေ​ခြင်းသို့ သာ​လျှင်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်မှာ၊ သူ​တို့​၌ ထွက်​သွား​နှင့်​လေ​ပြီ​ဖြစ်​သော ငါ​၏​နှုတ်​က​ပတ်​တော်​ကို နား​သွင်း​စေ​သည့်​တိုင်​အောင်​ပင်​တည်း။

၁၂ သို့​ဖြစ်​၍၊ သင်​၏​ရင်​သွေး​က ရေး​လိမ့်​မည်။ ယုဒ​၏​ရင်​သွေး​က​လည်း ရေး​လိမ့်​မည်။ သင့်​ရင်​သွေး​ရေး​မည့်​အရာ​နှင့် ယုဒ​၏​ရင်​သွေး​ရေး​မည့်​အရာ​တို့​သည်​လည်း မှား​ယွင်း​သော​ဩ​ဝါဒ​တို့​ကို ချေ​ပ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရန်​တွေ့​ခြင်း​များ​ကို ရပ်​တန့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​၏​ရင်​သွေး​၌ ငြိမ်း​ချမ်း​ခြင်း​ကို တည်​ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နောက်​ပိုင်း​ကာ​လ​များ​၌ သူ​တို့​ဘိုး​ဘေး​တို့​အကြောင်း အသိပညာ​သို့၊ ထို့​အတူ ငါ​၏​ပဋိညာဉ်​များ​အကြောင်း အသိပညာသို့​လည်း သူတို့​ကို ဆောင်​ယူ​ခြင်း​ငှာ​လည်း​ကောင်း အတူ​တကွ​ပေါင်း​စည်း​လိမ့်​မည်​ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။

၁၃ အို ဣသရေလ​အမျိုး​သား​တို့၊ ခပ်​သိမ်း​သော​ငါ​၏​လူ​မျိုး​တို့​၌ ငါ​၏​အမှု​တော်​ကို အစ​ပြု​မည့် ထို​ကာလ​၌ သင်​တို့​ထံ ပြန်​လည်​ပေး​အပ်​သည့်​တိုင်​အောင်၊ အား​နည်း​ချက်​ရှိ​ရာ​မှ ထိုသူကို အား​ကြီး​စေ​လိမ့်​မည်​ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။

၁၄ ဤ​သို့​အား​ဖြင့်၊ ယောသပ်​က ပရောဖက်​ပြု​ဟော​၍​ဆို​လေ​သည်​ကား၊ ရှု​လော့၊ ထို​မြင်​သော​သူ​ကို ကိုယ်​တော်​ရှင်​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်မည်။ သူ့​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​သော​သူ​တို့​သည် ရှုံး​နိမ့်​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ့​ရင်​သွေး​နှင့်​စပ်​လျဉ်း​၍၊ ကိုယ်​တော်​ရှင်​ထံ​မှ ငါ​ရ​ရှိ​ထား​လေ​သည့် ဤ​ကတိ​တော်​ကို ပြီး​ပြည့်​စုံ​စေ​လိမ့်​မည်။ ရှု​လော့၊ ဤ​ကတိ​တော်​၏ ပြီး​ပြည့်​စုံ​စေ​ခြင်း​အကြောင်း​ကို ငါ​စိတ်​ချ​၏။

၁၅ သူ့​အမည်​ကို ငါ့​နည်းတူ ခေါ်​ကြလိမ့်​မည်။ ထို​အမည်​သည် သူ့​အဘ​၏​အမည်​အတိုင်း ဖြစ်​လိမ့်​မည်။ ထို့​အတူ၊ သူ​သည် ငါ​ကဲ့​သို​ပင်​ဖြစ်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ထို​သူ​၏​လက်​ဖြင့် ကိုယ်​တော်​ရှင်​ဖော်​ပြ​တော်​မူ​မည့်​အရာ​သည်​ကား၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ငါ​၏​လူ​မျိုး​တို့​ကို ကယ်​တင်​ခြင်း​သို့ ဆောင်ယူ​မည့်​အရာ​ပေ​တည်း။

၁၆ ထို​မှ​တစ်​ပါး၊ ယောသပ်​က ပရောဖက်​ပြု​၍​ဟော​လေ​သည်​ကား၊ မောရှေ​၏​ကတိ​ကို ငါ​စိတ်​ချ​သ​ကဲ့​သို့​ပင် ဤ​အရာ​ကို ငါ​စိတ်​ချ​၏။ အကြောင်း​မူ​ကား၊ သင်​၏​အမျိုး​အနွယ်​များ​ကို ကာလ​အစဉ်​အဆက် ငါ​ကာ​ကွယ်​စောင့်​မ​မည်​ဟု ကိုယ်​တော်​ရှင်​သည် ငါ့​ကို မိန့်​တော်​မူ​လေ​ပြီ။

၁၇ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​သည်​ကား၊ မောရှေ​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ လှံ​တံ​အား​ဖြင့် သူ့​အား တန်​ခိုး​ကို ငါ​ပေး​၍၊ စီရင်​ရေး​ခြင်း​ကို သူ့​အား ပေး​မည်။ သို့​ရာ​တွင်၊ ငါ​သည် သူ​၏​လျှာ​ကို မလွတ်​စေ​သ​ဖြင့်၊ သူသည် စကား​များ​စွာ​မပြော​ရ။ အကြောင်း​မူ​ကား၊ စကား​ပြော​ခြင်း​၌ သူ့​ကို အား​ကြီး​စေ​မည်​မ​ဟုတ်။ သို့​ရာ​တွင်၊ ငါ့​ပညတ်​ကို ငါ့​လက်​၏​လက်​ချောင်း​ဖြင့် သူ့​အဖို့​ရေး​၍၊ သူ့​အတွက် စကား​ပြော​သူ​တစ်​ယောက်​ကို ငါ​ခန့်​ထား​တော်​မူ​မည်။

၁၈ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ပြန်​လေ​သည်​ကား၊ သင့်​ရင်​သွေး​အတွက် ငါ​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ စကား​ပြော​သူ​တစ်​ယောက်​ကို​လည်း သူ့​အတွက် ငါ​ခန့်​ထား​တော်​မူ​မည်။ ထို့​အတူ၊ ငါ​သည် ရှု​လော့၊ သင့်​ရင်​သွေး​၏​စာ​ကို ရေး​စေ​မည့်​အကြောင်း၊ သူ​နှင့် သင့်​ရင်​သွေး​ကို အခွင့်​ပေး​တော်​မူ​မည်။ သင့်​ရင်​သွေး​၏ စကား​ပြော​သူ​သည်​လည်း ထို​အရာ​ကို ဟော​ပြော​လိမ့်​မည်။

၁၉ သူ​ရေး​မည့် စကား​များ​သည်​ကား၊ ငါ​၏​ဉာဏ်​ပညာ​တော်​အတိုင်း ကောင်း​မွန်​၍ သင့်​ရင်​သွေး​သို့ ရောက်​မည့် စကား​များ​ပေ​တည်း။ ထို​အရာ​သည်​ကား၊ သင့်​ရင်​သွေး​သည် သူ​တို့​ထံ မြေ​မှုန့်​ထဲ​မှ​နေ​၍၊ တောင်း​လျှောက်​လေ​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို ငါ​သိ​၏။

၂၀ သူ​တို့​သည်​လည်း အထူး​သ​ဖြင့်၊ မိမိ​တို့​နောက်၊ မျိုး​ဆက်​ပေါင်း​များ​စွာ​တို့ ကွယ်​လွန်​ကြ​လေ​ပြီး​သော်​မှ​ပင်၊ မြေ​မှုန့်​ထဲ​မှ​ဟစ်​ကြွေး​၍၊ နောင်တရခြင်းကိုပင် မိမိ​တို့​ညီ​အစ်​ကို​များ​ထံ၊ တောင်း​ဆို​ကြ​လိမ့်​မည်။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ အကယ်​စင်​စစ်၊ သူ​တို့​စကား​များ​၏ ရိုး​ရှင်း​ခြင်း​အတိုင်း သူ​တို့​၏​တောင်း​ဆို​သံ​များ ထွက်​ပေါ်​လာ​လိမ့်​မည်။

၂၁ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် သူ​တို့​စကား​များ​သည် သင့်​ရင်​သွေး​များ​ဖြစ်​သော သူ​တို့​၏​ညီ​အစ်​ကို​များ​သို့ ငါ​၏​နှုတ်​မှ ထွက်​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​စကား​အရာ​၌​အား​နည်း​ချက်​ကို သူ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် အား​ကြီး​စေ​အောင် ငါ​ပြု​တော်​မူ​မည်​ကား၊ သင့်​ဘိုး​ဘေး​တို့ထံ ငါ​ပြု​လေ​သည့် ငါ​၏​ပဋိညာဉ်​ကို အောက်​မေ့​ခြင်း​သို့​တိုင်​အောင်​ပေ​တည်း။

၂၂ ယခု​မူ​ကား၊ ရှု​လော့ ငါ့​သား​ယောသပ်၊ ဤ​ကဲ့​သို့​အား​ဖြင့် ငါ​၏​ရှေး​ဘိုး​ဘေး​တို့​က ပရောဖက်​ပြု​၍​ဟော​ခဲ့​ပေ​၏။

၂၃ သို့​ဖြစ်​၍၊ ဤ​ပဋိညာဉ်​ကြောင့် သင်​သည် ကောင်း​ချီး​ခံ​စား​ရ​၏။ အကြောင်း​မူ​ကား၊ သင်​၏​အမျိုး​အနွယ်​တို့​သည် ထို​စာအုပ်​မှ​စကား​များ​ကို စေ့စေ့နား​ထောင်​မည်​ဖြစ်​၍ ဖျက်​ဆီး​မ​ခံ​ရကြ။

၂၄ ဣသရေလ​အမျိုး​သား​များ​နှင့် သင့်​ညီ​အစ်​ကို​များ​၏​အမျိုး​အနွယ်​များ​သို့ များ​စွာ​သော ပြန်​လည်​အပ်​နှင်း​ခြင်း​ကို ဖြစ်​ပေါ်​စေ​ခြင်း​အထိ​၊ အလွန်​ကြီး​သော​ယုံ​ကြည်​ခြင်း​နှင့် ကြီး​စွာ​သော​အံ့​မ​ခန်း​ချီး​မွမ်း​ဖွယ်​အမှု​တို့​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ ဘုရားသခင်​၏​အမြင်​၌ ကြီး​စွာ​သော​အရာ​တို့​ကို​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ ဘုရားသခင်​၏​လက်​တော်​၌ တန်​ဆာ​တစ်​ခု​ဖြစ်​လျက်၊ စကား​အရာ​နှင့် အကျင့်​အရာ နှစ်​ခု​စ​လုံး​၌၊ များ​စွာ​သော​ကောင်း​မြတ်​ခြင်း​ကို ပြု​မည့် ပေါ်​ထွက်​လာ​သော အား​ကြီး​သူ​သည် ထို​သူ​တို့​၌ ရှိ​လိမ့်​မည်။

၂၅ ယခု​မူ​ကား၊ ယောသပ်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ရှု​လော့၊ သင်​သည် အသက်​ငယ်​၏။ သို့​ဖြစ်​၍၊ သင်​၏​အစ်​ကို​နီဖိုင်း​၏​စကား​များ​ကို စေ့စေ့နား​ထောင်​လော့။ ငါ​ပြော​လေ​သည့် စကား​များ​အတိုင်း​ပင် သင့်​အဖို့ ဖြစ်​လိမ့်​မည်။ သင်၏ သေ​အံ့ဆဲဆဲအဘ​၏ စကား​များ​ကို သတိ​ရ​လော့။ အာမင်။

ပုံနှိပ်သည်