အခန်းကြီး ၃၁
နီဖိုင်းသည် ခရစ်တော်အဘယ်ကြောင့် ဗတ္တိဇံခံတော်မူကြောင်းကို ပြောပြ၏—လူသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေရန် ခရစ်တော်၏နောက်သို့ လိုက်ရမည်၊ ဗတ္တိဇံခံရမည်၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိရမည်၊ ထို့အတူ အဆုံးတိုင်အောင် တည်ကြည်ရမည်—နောင်တရခြင်းနှင့် ဗတ္တိဇံသည် ကျပ်တည်းကျဉ်မြောင်းသည့်လမ်းသို့ သွားသည့် တံခါးဝဖြစ်၏—ဗတ္တိဇံခံပြီးနောက် ပညတ်တော်များကို စောင့်ထိန်းသည့်သူများဆီသို့ ထာဝရအသက် ရောက်ရှိ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါနီဖိုင်းသည် သင်တို့အား ပရောဖက်ပြု၍ဟောခြင်းကို လက်စသတ်၏။ ထို့အတူ၊ ဧကန်အမှန်ဖြစ်လာမည့် အရာများတည်းဟူသော ငါသိသည့် အရာအနည်းငယ်တို့မှတစ်ပါး ငါမရေးနိုင်။ ငါ့ညီယာကုပ်၏စကားတို့မှ အနည်းငယ်ကိုမှတစ်ပါး ငါမရေးနိုင်။
၂ သို့ဖြစ်၍၊ ခရစ်တော်၏ဩဝါဒအကြောင်း ငါပြောရမည့် စကားအနည်းငယ်တို့မှတစ်ပါး၊ ငါရေးလေသည့်အရာများမှာ၊ ငါ့အဖို့ လုံလောက်ပေပြီ။ သို့ဖြစ်၍၊ ငါ၏ပရောဖက်ပြုဟောခြင်း၏ရှင်းလင်းခြင်းအတိုင်း သင်တို့ကို ရှင်လင်းစွာ ဟောပြောမည်။
၃ အကြောင်းမူကား၊ ငါ၏ဝိညာဉ်သည် ရှင်းလင်းခြင်း၌ မွေ့လျော်၏။ ဤကဲ့သို့အားဖြင့် ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားတို့၌ အမှုတော်ကို ပြုတော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် နားလည်ခြင်းအလင်းကို ပေးတော်မူ၏။ သူသည် လူသားတို့နားလည်နိုင်ကြစေကြောင်း၊ သူတို့၏ဘာသာစကားအတိုင်း ဟောတော်မူ၏။
၄ သို့ဖြစ်၍၊ လောကီသားတို့၏အပြစ်များကို ယူဆောင်သွားမည့် ဘုရားသခင်၏သိုးသငယ်ကို ဗတ္တိဇံပေးမည့်သူ၊ ငါ့ကို ကိုယ်တော်ရှင်ပြတော်မူခဲ့သည့်သူတည်းဟူသော ထိုပရောဖက်အကြောင်းကို သင်တို့သတိရစေကြောင်း ငါအလိုရှိ၏။
၅ ယခုမူကား၊ ဘုရားသခင်၏သိုးသငယ်သည် သန့်ရှင်းတော်မူလျက်ပင်၊ အလုံးစုံသောဖြောင့်မတ်ခြင်းတို့ ပြီးပြည့်စုံစေကြောင်း၊ ရေဖြင့်ဗတ္တိဇံခံရဖို့ လိုအပ်မည်ဆိုလျှင်၊ အို မသန့်ရှင်းလျက်ရှိသော ငါတို့သည်ကား၊ အထူးသဖြင့် ရေဖြင့်ပင်ဗတ္တိဇံခံရဖို့ အဘယ်မျှအထိ သာ၍လိုအပ်လေမည်နည်း။
၆ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဘုရားသခင်၏သိုးသငယ်သည် ရေဖြင့် ဗတ္တိဇံခံခြင်းအားဖြင့်၊ အလုံးစုံသောဖြောင့်မတ်ခြင်းကို အဘယ်ကဲ့သို့ ပြီးပြည့်စုံစေခဲ့သနည်းဟု သင်တို့ကို ငါမေးလို၏။
၇ သင်တို့သည် သူသန့်ရှင်းတော်မူကြောင်း သိခြင်းမရှိကြသလော။ သို့ရာတွင်၊ သူသည် သန့်ရှင်းတော်မူသော်ငြားလည်း၊ ခမည်းတော်၏မျက်မှောက်၌ လူဇာတိအတိုင်း သူ့ကိုယ်သူ နှိမ့်ချတော်မူကြောင်း လူသားတို့ကို ပြတော်မူ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်းအားဖြင့် နာခံတော်မူမည် ဖြစ်ကြောင်း ခမည်းတော်ထံသို့ သက်သေခံတော်မူ၏။
၈ သို့ဖြစ်၍၊ သူသည် ရေဖြင့်ဗတ္တိဇံခံတော်မူပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဖြင့် သူ့အပေါ်သို့ ဆင်းသက်တော်မူ၏။
၉ ထိုမှတစ်ဖန်၊ ဝင်ရကြမည့် လမ်းခရီးတော်၏ကျပ်တည်းခြင်းနှင့် တံခါး၏ကျဉ်းမြောင်းခြင်းကို ထိုအမှုက လူသားတို့ကို ပြ၍၊ သူတို့ရှေ့ ၌ ပုံသက်သေအဖြစ် သူပြတော်မူ၏။
၁၀ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟုလည်း လူသားတို့ကို မိန့်တော်မူ၏။ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါတို့သည် ခမည်းတော်၏ပညတ်တော်များကို စောင့်ထိန်းရန် လိုလိုလားလားမရှိလျှင်၊ ယေရှုနောက်သို့ လိုက်နိုင်ကြမည်လော။
၁၁ ခမည်းတော်ကလည်း၊ သင်တို့နောင်တရကြလော့၊ သင်တို့နောင်တရကြလော့၊ ပြီးလျှင်၊ ငါ့ချစ်သား၏နာမတော်၌ ဗတ္တိဇံခံကြလော့ဟု မိန့်တော်မူ၏။
၁၂ ထို့အတူ၊ သားတော်၏အသံသည် ငါ့ထံသို့ရောက်၍ မိန့်တော်မူလေသည်ကား၊ ငါ၏နာမတော်၌ ဗတ္တိဇံခံသောသူအား ခမည်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါ့အား ပေးသကဲ့သို့ပင်၊ ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍၊ ငါ့နောက်သို့ လိုက်၍၊ ငါပြုသည်ကို သင်တို့မြင်ရလေသည့်အမှုတို့အတိုင်း ပြုကြလော့။
၁၃ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်ရှေ့၌ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် လှည့်စားခြင်းတို့ကို မပြုကြဘဲ စစ်မှန်သောရည်ရွယ်ချက်ဖြင့်၊ သင်တို့၏အပြစ်များမှ နောင်တရလျက်၊ ဗတ္တိဇံခံ၍—အထူးသဖြင့် သူ၏နှုတ်ကပတ်တော်အတိုင်း၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ကယ်တင်ရှင်၏နောက်၊ ရေထဲသို့ဆင်း၍ လိုက်သွားခြင်းအားဖြင့်၊ သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူရန် လိုလိုလားလားရှိကြောင်း၊ ခမည်းတော်ထံသို့ သက်သေခံကြလျက်၊ သားတော်၏နောက်သို့ လိုက်ကြလေလျှင်၊ ရှုလော့၊ ထို့နောက်တွင်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိ၍၊ အထူးသဖြင့်၊ ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း ဗတ္တိဇံသို့ ရောက်၍၊ ထို့နောက်တွင်ကား၊ သင်တို့သည် ကောင်းကင်တမန်၏ နှုတ်သတ္တိအားဖြင့် ပြောနိုင်ကြသဖြင့်၊ ဣသရေလေအမျိုး၏သန့်ရှင်းတော်မူသောဘုရားထံသို့ ဟစ်ကြွေး၍၊ ချီးမွမ်းကြမည့်အကြောင်း ငါသိ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သားတော်၏အသံက ငါ့ထံသို့လာ၍ မိန့်တော်မူလေသည်ကား၊ သင်သည် သင်၏အပြစ်များမှ နောင်တရ၍၊ ရေ၌ဗတ္တိဇံခံခြင်းအားဖြင့်၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းရန် လိုလိုလားလားရှိကြောင်း ခမည်းတော်ထံသို့ သက်သေခံပြီးလေ၍၊ မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း ဗတ္တိဇံကို ရရှိပြီးလေ၍၊ အသစ်ဖြစ်သော နှုတ်သတ္တိနှင့်၊ အထူးအားဖြင့်၊ ကောင်းကင်တမန်တို့၏နှုတ်သတ္တိနှင့်ပင် ပြောနိုင်လေပြီးနောက်၊ ငါ့ကို ငြင်းဆိုလျှင်၊ သင့်အတွက်မူကား၊ ငါ့ကို မသိလေခဲ့လျှင်၊ သာ၍ကောင်း၏။
၁၅ ထိုမှတစ်ပါး၊ ငါအလွန်ချစ်တော်မူသောသူ၏ နှုတ်ကပတ်တော်တို့သည် မှန်ကန်ပြီး သစ္စာရှိ၏။ အဆုံးတိုင်အောင်တည်ကြည်သော ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မိန့်တော်မူလေသည့် ခမည်းတော်၏အသံကိုလည်း ငါကြားခဲ့၏။
၁၆ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ လူသားသည် အသက်ရှင်တော်မူသောဘုရားသခင့်သားတော်၏ ပုံသက်သေနောက်သို့လိုက်ရာ၌၊ အဆုံးတိုင်အောင်တည်ကြည်ခြင်း မရှိလျှင်၊ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြောင်းကို ငါသိ၏။
၁၇ သို့ဖြစ်၍၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ ရွေးနှုတ်ရှင်ပြုတော်မူမည့်၊ ငါမြင်လေကြောင်း သင်တို့အား ငါပြောထားလေသည့် အမှုတို့အတိုင်း ပြုကြလော့။ အကြောင်းမူကား၊ သင်တို့ဝင်ရမည့် တံခါးကို သိနိုင်ကြစေခြင်းငှာဟူသည့် ဤအကြောင်းကြောင့်၊ ထိုအမှုတို့ကို ငါ့အား ပြထားတော်မူလေ၏။ အကြောင်းမူကား၊ သင်တို့ဝင်ရမည့်တံခါးမှာ၊ နောင်တရခြင်းနှင့် ရေဖြင့် ဗတ္တိဇံခံခြင်းဖြစ်၏။ ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းသို့ ရောက်၏။
၁၈ ထို့နောက်တွင်ကား၊ သင်တို့သည် ထာဝရအသက်ဆီသို့ ပို့ဆောင်သည့် ကျပ်တည်းကျဉ်းမြောင်းသည့်လမ်း၌ ရှိကြ၏။ ထိုမှတစ်ပါး၊ သင်တို့သည် ထိုတံခါးဖြင့် ဝင်ကြလေပြီ။ သင်တို့သည် ခမည်းတော်နှင့် သားတော်တို့၏ပညတ်တော်များအတိုင်း ပြုကြလေပြီ။ ထိုလမ်းဖြင့် သင်တို့ဝင်ကြလျှင်၊ ရရှိမည်ဖြစ်ကြောင်း သူပြုထားတော်မူလေသည့် ကတိတော်ကို ပြီးပြည့်စုံစေသည့်တိုင်အောင် ခမည်းတော်နှင့် သားတော်တို့အကြောင်းကို သက်သေခံသည့် သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း သင်တို့လက်ခံရရှိကြလေပြီ။
၁၉ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤကျပ်တည်းကျဉ်းမြောင်းသည့် လမ်းထဲသို့ သင်တို့ရောက်ကြပြီးနောက်၊ အလုံးစုံတို့ကို ဆောင်ရွက်ပြီးလေပြီလောဟု သင်တို့ကို ငါမေးလို၏။ ရှုလော့၊ မဟုတ်ပေဟု ငါဆို၏။ အကြောင်းမူကား၊ သင်တို့သည် ခရစ်တော်၏နှုတ်ကပတ်တော်အားဖြင့် သူ့ကို မတုန်လှုပ်သောယုံကြည်ခြင်းနှင့်၊ ကယ်တင်ရန် တန်ခိုးကြီးသောသူ၏ ကောင်းမှုများကို လုံးလုံးခိုလှုံခြင်းမှတစ်ပါး၊ ဤမျှအထိ မရောက်ရှိကြသေး။
၂၀ သို့ဖြစ်၍၊ သင်တို့သည် စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသားတို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ရမည်။ သို့ဖြစ်၍၊ သင်တို့သည် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်၍၊ ခရစ်တော်၏နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့လျက်၊ အဆုံးတိုင်အောင်တည်ကြည်မည်ဆိုလျှင်၊ ရှုလော့၊ ခမည်းတော် မိန့်တော်မူသည်ကား၊ သင်တို့သည် ထာဝရအသက်ကို ရကြလိမ့်မည်။
၂၁ ယခုမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤအရာသည်ကား၊ လမ်းတော်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်၌ လူသားကယ်တင်ခြင်းသို့ ရောက်နိုင်သော အခြားလမ်း သို့မဟုတ်၊ အခြားနာမ ကောင်းကင်အောက်တွင် မပေါ်မရှိ။ ယခုမူကား၊ ရှုလော့၊ ဤအရာမှာ ခရစ်တော်၏ဩဝါဒ၊ အဆုံးမရှိသည့် တစ်ပါးတည်းသောဘုရားသခင်ဖြစ်သည့် ခမည်းတော်၏၊ ထို့အတူ၊ သားတော်၏၊ ထို့အတူ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တစ်ခုတည်းသော မှန်ကန်သည့်ဩဝါဒလည်းဖြစ်၏။ အာမင်။