ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၀


အပိုဒ်ငယ် ၁၀၀

၁၈၃၃ ခု၊ အောက်တိုဘာ ၁၂၊ ပယ်ရီစဘာ့ဂ်၊ နယူးယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ညီအစ်ကို​နှစ်ဦးသည် သူတို့​မိသားစုများ​ထံမှ ရက်ပေါင်း​များစွာ ဝေးကွာ​နေသောကြောင့်၊ သူတို့​အကြောင်း​စိုးရိမ်ခြင်း​အချို့ကို ခံစားကြရ၏။

၁–၄၊ ဂျိုးဇက်နှင့် ဆစ်ဒနီသည် စိတ်ဝိညာဉ်တို့၏ ကယ်တင်ခြင်း​အတွက် ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်။ ၅–၈၊ သူတို့​ပြောရမည့်​အရာကို အချိန်ကျ​သောအခါ ပေးတော်မူ​လိမ့်မည်။ ၉–၁၂၊ ဆစ်ဒနီသည် စကားပြောသူ​ဖြစ်ရမည်၊ ဂျိုးဇက်သည် ဗျာဒိတ်ဟောသူ​ဖြစ်ပြီး သက်သေခံချက်၌ အားကြီး​ရမည်။ ၁၃–၁၇၊ ကိုယ်တော်ရှင်သည် စင်ကြယ်သော​လူမျိုးကို ပေါ်ထွန်း​စေတော်မူ​လိမ့်မည်၊ နာခံသော​သူတို့သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

သင်တို့ကို ကိုယ်တော်ရှင် အမှန်​မိန့်တော်မူ​သည်ကား၊ ငါ၏​အဆွေခင်ပွန်း ဆစ်ဒနီနှင့် ဂျိုးဇက်၊ သင်တို့​မိသားစုများသည် ကောင်းစွာ​ရှိကြ၏။ သူတို့သည် ငါ၏​လက်တော်ထဲ၌ ရှိကြ၏၊ ငါ​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သူတို့ကို ပြုတော်မူမည်။ အကြောင်း​မူကား၊ ငါ့၌ ခပ်သိမ်းသော​တန်ခိုးရှိ၏။

ထို့ကြောင့်၊ ငါ့နောက်သို့ လိုက်လော့၊ သင်တို့ကို ငါပေးမည့် သွန်သင်တော်မူခြင်းတို့ကိုလည်း နားထောင်ကြလော့။

ရှုလော့၊ ကြည့်ဦးလော့၊ ငါ့၌ ဤနေရာ၊ ပတ်ဝန်းကျင်​ဒေသများတွင် များစွာသောလူတို့ ရှိကြ၏။ ဤအရှေ့ပိုင်း​ပြည်၌ ပတ်ဝန်းကျင်​ဒေသများတွင် ထိရောက်သော​တံခါးသည် ပွင့်လိမ့်မည်။

ထို့ကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့အား ဤနေရာသို့ လာကြရန် အခွင့်​ပေးတော်​မူလေပြီ။ အကြောင်း​မူကား၊ ထိုအရာမှာ စိတ်ဝိညာဉ်တို့၏ ကယ်တင်ခြင်း​အတွက် ငါ့အဖို့ မရှိမဖြစ်​လိုအပ်​ပေ၏။

ထို့ကြောင့်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ဤလူမျိုးတို့ကို ကြွေးကြော်ကြလော့။ သင်တို့၏​စိတ်နှလုံး​ထဲသို့ ငါ​ထည့်သွင်းမည့်​အတွေးများကို ဟောပြော​ကြလော့၊ သင်တို့သည် လူတို့ရှေ့၌​အရှက်​မရကြ​လတ္တံ့။

အကြောင်း​မူကား၊ သင်တို့​ပြောရမည့်​အရာကို၊ ထိုအချိန်၌၊ အမှန်စင်စစ်၊ ထိုခဏ၌ သင်တို့အား ပေးတော်မူမည်။

သို့ရာတွင်၊ သင်တို့သည် ခပ်သိမ်းသော​အရာတို့၌၊ ငါ၏​နာမတော်​အားဖြင့် ဟောကြားသည့် အရာမှန်သမျှကို၊ စိတ်နှလုံး​တည်ကြည်​လေးနက်ခြင်းဖြင့်၊ သိမ်မွေ့အောက်ကျို့ခြင်း​ဝိညာဉ်ဖြင့် ဟောကြား​ရမည့်​အကြောင်း ပညတ်တော်ကို သင်တို့အား ငါပေး၏။

သင်တို့သည် ဤသို့​ပြုကြသမျှ၊ သင်တို့ပြောမည့် ခပ်သိမ်းသော​အရာတို့ကို သက်သေခံရာ၌ သန့်ရှင်းသော​ဝိညာဉ်တော်ကို သွန်းလောင်း​လိမ့်မည်​ဖြစ်ကြောင်း ဤ​ကတိတော်ကို သင်တို့အား ငါ​ပေး၏။

သင်၊ ငါ့ကျွန်ဆစ်ဒနီသည် ဤလူမျိုးတို့​အဖို့ စကားပြောသူတစ်ဦး​ဖြစ်ရမည်မှာ ငါ့အဖို့ သင့်လျော်၏။ ထိုမှ​တစ်ပါး၊ ငါသည် သင့်ကို ဤခေါ်သွင်းခြင်းသို့ ငါ့ကျွန်​ဂျိုးဇက်အဖို့ စကား​ပြောသူ​အဖြစ်ဖြင့်ပင် ခန့်ထားတော်မူမည်။

၁၀ သက်သေခံချက်၌ အားကြီး​စေခြင်းငှာလည်း သူ့အား တန်ခိုးကို ငါ​ပေးတော်​မူမည်။

၁၁ ခပ်သိမ်းသော​ကျမ်းစာများကို ရှင်းပြခြင်း၌ အားကြီး​စေခြင်းငှာ၊ သင်သည် သူ့အဖို့ စကား​ပြောသူ​တစ်ဦး ဖြစ်နိုင်​စေခြင်းငှာ၊ သင့်အား တန်ခိုးကို ငါ​ပေးတော်မူမည်၊ ထို့အတူ သင်သည် မြေကြီး​ပေါ်၌ ငါ၏​နိုင်ငံတော်နှင့် စပ်ဆိုင်သည့် အရာများ​ဖြစ်သည့် ခပ်သိမ်းသော​အရာတို့၏ ဧကန်​ဖြစ်ခြင်းကို သိနိုင်​စေခြင်းငှာ သူသည် သင့်အဖို့ ဗျာဒိတ်ဟောသူ​တစ်ဦး ဖြစ်လိမ့်မည်။

၁၂ ထို့ကြောင့်၊ သင်တို့၏ခရီးကို ဆက်၍​သွားပြီး သင်တို့၏​စိတ်နှလုံးကို ရွှင်လန်း​ဝမ်းမြောက်​စေကြလော့။ အကြောင်း​မူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ ငါသည် အဆုံးတိုင်အောင်ပင် သင်တို့နှင့်​အတူ ရှိတော်မူ၏။

၁၃ ယခုမူကား၊ ငါသည် သင်တို့အား ဇိအုန်နှင့်စပ်လျဉ်းသည့် နှုတ်ကပတ်တော်ကို ပေး၏။ ဇိအုန်သည် ကာလ​အနည်းငယ်​မျှသာ ဆုံးမ​ခံရသော်လည်း ရွေးနုတ်​ခံရ​လိမ့်မည်။

၁၄ သင်တို့၏​ညီအစ်ကိုများ၊ ငါ့ကျွန် အော်ဆန်ဟိုက်နှင့် ဂျွန်ဂေါ့တို့သည် ငါ၏​လက်ထဲ၌ ရှိကြ၏။ သူတို့သည်လည်း ငါ၏​ပညတ်တော်များကို စောင့်ထိန်းသမျှ ကယ်တင်ခြင်းသို့ ရောက်ကြ​လိမ့်မည်။

၁၅ ထို့ကြောင့်၊ သင်တို့၏​စိတ်နှလုံးကို နှစ်သိမ့်စေ​ကြလော့။ အကြောင်း​မူကား၊ ဖြောင့်မတ်စွာ​ကျင့်သော​သူတို့အဖို့၊ ထို့အတူ အသင်းတော်ကို သန့်ရှင်းစေခြင်းသို့တိုင်အောင် ခပ်သိမ်းသော​အရာတို့သည် ကောင်းကျိုး​အတွက် အတူတကွ​ဖြစ်လိမ့်မည်။

၁၆ အကြောင်း​မူကား၊ ဖြောင့်မတ်ခြင်းဖြင့် ငါ့ကို အစေခံမည့် စင်ကြယ်သောလူမျိုးကို ငါကိုယ်တိုင်​အဖို့ ငါပေါ်ထွန်းစေ​တော်မူမည်။

၁၇ ကိုယ်တော်ရှင်၏​နာမတော်ကို ပတ္ထနာပြု၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းသည့် သူအပေါင်းတို့သည်၊ ကယ်တင်ခြင်းသို့ ရောက်ကြ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။