ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၉


အပိုဒ်ငယ် ၆၉

၁၈၃၁ ခု၊ နိုဝင်ဘာ ၁၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အစောပိုင်း​ပုံနှိပ်​ထုတ်ဝေခြင်း​အတွက် ရည်ရွယ်​ထားသည့် တစ်ပေါင်းတည်း စုစည်း​ထားသော​ဗျာဒိတ်တော်များကို နိုဝင်ဘာ ၁–၂ အထူး​ညီလာခံ၌ အတည်ပြုခဲ့​လေ၏။ နိုဝင်ဘာ ၃ တွင်၊ ဤနေရာ၌ အပိုဒ်ငယ် ၁၃၃ အဖြစ် ပေါ်လာသည့် ဗျာဒိတ်တော်​ဖြစ်သည့်၊ နောက်ပိုင်း၌ နောက်ဆက်တွဲဟု ခေါ်သည့်​အရာကို ထပ်လောင်း​ဖြည့်စွက်​ထား၏။ အော်လီဗာ​ကောင်ဒရီသည် တစ်ပေါင်းတည်း စုစည်း​ထားသော ဗျာဒိတ်တော်များနှင့် ပညတ်တော်များ၏ ပုံနှိပ်​စာမူများကို ပုံနှိပ်ခြင်း​အတွက် အင်ဒီပန်းဒင့်၊ မစ်ဆိုရီသို့ သယ်ဆောင်သွားဖို့ ယခင်က ခန့်အပ်ထား​ခံရ၏။ သူသည် မစ်ဆိုရီ၌ အသင်းတော်​တည်ဆောက်ခြင်း အတွက် ပံ့ပိုး​ထားသော​ငွေကိုလည်း သူနှင့်အတူ ယူသွား​ရမည်။ ဤဗျာဒိတ်တော်သည် ဂျွန်​ဝှစ်တမာကို အော်လီဗာ​ကောင်ဒရီနှင့် အတူ​လိုက်ပါဖို့ သွန်သင်၏၊ ထို့အတူ ဝှစ်တမာကို ခရီးသွားဖို့နှင့် အသင်းတော်​သမိုင်း​ပြုစုသူနှင့် မှတ်တမ်းတင်သူ​အဖြစ် သူ၏​အမှုတော်ဆောင်တာဝန်၌ သမိုင်းနှင့်​ဆိုင်သော​အကြောင်း​အရာတို့ကို စုဆောင်းဖို့လည်း လမ်းညွှန်၏။

၁–၂၊ ဂျွန်​ဝှစ်တမာသည် မစ်ဆိုရီသို့ အော်လီဗာ​ကောင်ဒရီနှင့်​အတူ လိုက်ပါ​ရမည်။ ၃–၈၊ သူသည် ဟောပြော​ရမည်၊ ထို့အတူ သမိုင်းနှင့်​ဆိုင်သော အချက်​အလက်များကို စုဆောင်းပြီး၊ မှတ်တမ်းတင်၍လည်း ရေးရမည်။

ငါ့ကိုစေ့စေ့​နားထောင်​ကြလော့၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီ၏ အကျိုး​အတွက် ဖြစ်၏။ မှန်ကန်ပြီး သစ္စာ​ရှိမည့်သူ​တစ်ဦး သူနှင့်​အတူ​မသွားလျှင်၊ ဇိအုန်​မြေသို့ သူ​သယ်ဆောင်​သွားမည့် ပညတ်တော်များနှင့် ငွေများကို သူ့အား ယုံကြည်​လွှဲအပ်​ရမည်မှာ ငါ့အထဲ၌​ရှိသော ဉာဏ်ပညာတော်​မဟုတ်။

သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်၊ အလိုရှိ​တော်မူ​သည်ကား၊ ငါ့ကျွန်​ဂျွန်​ဝှစ်တမာသည် ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီနှင့် အတူ​သွားရမည်။

ထို့အတူ သူသည် ရေးခြင်းနှင့် ငါ့အသင်းတော်​အကြောင်း သူ​မြင်ရ၊ သိရသည့် အရေး​ကြီးသော အရာ​ခပ်သိမ်းတို့​အကြောင်း သမိုင်းကို ပြုစုခြင်း၌ ဆက်၍​ရှိရမည်။

ထို့အတူ သူသည် ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီနှင့် အခြားသော​သူများ​ထံမှ အကြံနှင့် အကူ​အညီကို ရယူ​ရမည်။

ထို့အတူ မြေကြီး​ပေါ်မှာ ပျံ့နှံ့​လေသည့် ငါ့ကျွန်တို့သည် မိမိတို့၏ တာဝန်ခံ​အရာများ​အကြောင်း မှတ်တမ်းကိုလည်း ဇိအုန်​မြေသို့ ပို့ရမည်။

အကြောင်း​မူကား၊ ဇိအုန်​မြေသည် ခပ်သိမ်းသော​ဤ​အရာတို့ကို လက်ခံပြီး ပြုဖို့ ထိုင်ခုံနှင့် နေရာ​ဖြစ်လိမ့်မည်။

သို့သော်လည်း၊ ငါ့ကျွန်​ဂျွန်​ဝှစ်တမာအား၊ အသိပညာကို ပို၍​လွယ်ကူစွာ​ရရှိနိုင်​စေကြောင်း၊ တစ်နေရာမှ​တစ်နေရာသို့၊ ထို့အတူ အသင်းတော်​တစ်ခုမှ တစ်ခုသို့ အကြိမ်​များစွာ ခရီးသွား​စေလော့—

အသင်းတော်​အကျိုး​အတွက်၊ ထို့အတူ ဇိအုန်မြေကို လူမျိုး​အစဉ်​အဆက်၊ ကာလ​အစဉ်​အဆက် အမြဲ ပိုင်ဆိုင်ဖို့ ထိုမြေပေါ်၌ ကြီးပြင်း၍ ကြီထွား​လာကြမည့် မျိုးဆက်တို့​အကျိုး​အတွက်​ဖြစ်မည့် ခပ်သိမ်းသော​အရာတို့ကို ဟောပြောလျက်၊ ရှင်းပြလျက်၊ ရေးလျက်၊ ကူးယူလျက်၊ ရွေးချယ်လျက်၊ ထို့အတူ ရရှိလျက် နေကြလော့။ အာမင်။