ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၇


အပိုဒ်ငယ် ၈၇

၁၈၃၂ ခု၊ ဒီဇင်ဘာ ၂၅ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို အနီး​အနားတွင် ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် စစ်တိုက်ခြင်း​အကြောင်း ဗျာဒိတ်တော်နှင့် ပရောဖက်ပြုဟောချက်။ ဤ​အချိန်တွင်၊ အမေရိကန်​ပြည်ထောင်စု၌ ကျွန်စနစ်နှင့် တောင်​ကယ်ရိုလိုင်းနားပြည်၏ ဗဟို​အစိုးရ ကုန်သွယ်ခွန် ဖျက်သိမ်းခြင်းတို့​အပေါ် ငြင်းခုံခြင်း​ပျံ့နှံ့၏။ “လူမျိုးတို့၌ ဒုက္ခရောက်လာခြင်းများ”သည် “အသင်းတော် တောရိုင်းထဲမှ မိမိခရီးကို စတင်ခဲ့စဉ်​ကတည်းက ၎င်းတို့​ယခင်​ရှိလေစဉ်ကထက် ပရောဖက်​ထံသို့ သာ၍​မြင်သာ​လာခဲ့”ကြောင်း ဂျိုးဇက်​စမစ်၏​သမိုင်းက ဖော်ပြ၏။

၁–၄၊ မြောက်ပိုင်း​ပြည်နယ်နှင့် တောင်ပိုင်း​ပြည်နယ်​နှစ်ခုကြား စစ်တိုက်ခြင်းကို ကြိုတင် ဟောပြော​ထား၏။ ၅–၈၊ မြေကြီး​ပေါ်မှာ​နေထိုင်သူ​အပေါင်းတို့​အပေါ်၊ ကြီးစွာသော​ဘေးဒုက္ခများ ကျရောက်​လာလိမ့်မည်။

တောင်​ကယ်ရိုလိုင်းနားပြည်နယ်၏ ပုံကန်ခြင်းမှ စ၍​မကြာမြင့်မီ​ဖြစ်လာမည့် စစ်တိုက်ခြင်း​အကြောင်း၊ ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ၏၊ ထို​စစ်တိုက်ခြင်းသည် များစွာသော​သူတို့၏ သေခြင်းနှင့် ဝမ်းနည်း​ပူဆွေးမှုတို့ဖြင့် အဆုံးသတ်​လိမ့်မည်။

ဤ​နေရာမှ စ၍၊ လူမျိုး​အပေါင်းတို့​အပေါ် စစ်တိုက်ခြင်းကို သွန်းလောင်းမည့် အချိန်သည် ကျရောက်လာ​လိမ့်မည်။

အကြောင်း​မူကား၊ ရှုလော့၊ တောင်ပိုင်း​ပြည်နယ်ကို မြောက်ပိုင်း​ပြည်နယ်နှင့် ပိုင်းခြား​လိမ့်မည်၊ တောင်ပိုင်း​ပြည်နယ်သည် အခြားသော​လူမျိုး၊ ဗြိတိသျှ​လူမျိုးကြီးဟု ထင်ရှားသော​သူတို့ကိုပင် အကူ​အညီ​တောင်းလိမ့်မည်၊ သူတို့သည် အခြားသော​လူမျိုးတို့​တစ်ဖက်၌ မိမိတို့ကိုယ်ကို ကာကွယ်​ခြင်းငှာ၊ အခြားသော​လူမျိုးတို့ကိုလည်း အကူ​အညီ​တောင်းလိမ့်မည်။ ထို့နောက်တွင်၊ စစ်တိုက်ခြင်းကို အခြားသော​လူမျိုး​အပေါင်းတို့​အပေါ် သွန်းလောင်း​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ နေ့များစွာ​ကြာပြီးနောက်တွင်၊ ကျွန်တို့သည် မိမိတို့​သခင်များကို ဆန့်ကျင်​ပုန်ကန်ကြ​လိမ့်မည်၊ ထိုသူတို့သည် စစ်တိုက်ခြင်း​အတွက် စုဆောင်းခံရ၊ လေ့ကျင့်ပေး​ခံရ​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ထိုပြည်၌ ကျန်နေ​ခဲ့သည့် ကျန်ကြွင်းသော​သူတို့သည် အလွန်​အမျက်​ထွက်လာကြ​လိမ့်မည်၊ တပါး​အမျိုးသားတို့ကိုလည်း ပြင်းထန်သော​ဒုက္ခ​ဆင်းရဲခြင်းဖြင့် နှောင့်ယှက်​လိမ့်မည်။

ထိုကဲ့သို့​အားဖြင့်၊ ဓားနှင့် အသွေး​သွန်းလောင်းခြင်း​အားဖြင့် မြေကြီး​ပေါ်မှာ​နေထိုင်​သူတို့ ငိုကြွေး​မြည်တမ်း​ကြလိမ့်မည်။ ထို့အတူ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေး၊ ထို့အတူ ကပ်ရောဂါဘေး၊ ထို့အတူ မြေကြီး​လှုပ်ခြင်း၊ ထို့အတူ ကောင်းကင်​မိုးချုန်းခြင်း၊ ပြင်းထန်ပြီး အရောင်​တောက်သည့် လျှပ်စီး​လက်ခြင်းတို့နှင့်လည်း မြေကြီး​ပေါ်မှာ​နေထိုင်သူတို့ကို အနန္တ​တန်ခိုးရှင်​ဘုရားသခင်၏ အမျက်၊ ထို့အတူ ဒေါသ၊ ထို့အတူ ဆုံးမခြင်း​လက်ကို ခံစား​စေလိမ့်မည်၊ စီရင်​ဆုံးဖြတ်သော သုတ်သင်​ပယ်ရှင်းခြင်းက လူမျိုး​အပေါင်းတို့ကို အကြွင်းမဲ့​အဆုံးသို့ ရောက်စေ​လေသည့် တိုင်အောင်​ပင်တည်း။

မိမိတို့​ရန်သူများကို လက်တုံ့ပြန်​စေခြင်းငှာ၊ သန့်ရှင်းသူတို့၏၊ ထို့အတူ သန့်ရှင်းသူတို့​အသွေး၏၊ တောင်းလျှောက်ခြင်း မြေကြီးမှ​နေ၍၊ ကိုယ်တော်ရှင်​ဆာဘုတ်၏​နားသို့ တက်လာခြင်း ရပ်တန့်​စေခြင်းငှာ​ပေတည်း။

သို့ဖြစ်၍၊ သင်တို့သည် သန့်ရှင်းရာ​အရပ်တို့၌ ရပ်ကြလော့၊ ကိုယ်တော်ရှင်၏နေ့ ကျရောက်​လာသည့်​တိုင်အောင် မရွေ့​ကြနှင့်။ အကြောင်း​မူကား၊ ရှုလော့၊ လျင်မြန်စွာ​ကျရောက်​လာလိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ​လေသတည်း။ အာမင်။