ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၉


အပိုဒ်ငယ် ၅၉

၁၈၃၁ ခု၊ ဩဂုတ်လ ၇ ရက်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်​မတိုင်မီတွင်၊ ကိုယ်တော်ရှင် လမ်းညွှန်​တော်မူ​လေသည့် အတိုင်း မြေကို​သန့်ရှင်း​မွန်မြတ်​စေပြီး၊ အနာဂတ်​ဗိမာန်တော်​အတွက် နေရာကို ဆက်ကပ်​ဖွင့်လှစ်​ခဲ့၏။ ဤ​ဗျာဒိတ်တော်ကို ရရှိသည့် နေ့တွင်၊ ဂျိုးဇက်​နိုက်​အငယ်၏ ဇနီး၊ ပိုလီနိုက်၊ သေခဲ့ပြီး၊ ဇိအုန်၌ သေသည့် ပထမဦးဆုံး​အသင်းတော်​အသင်းသား ဖြစ်၏။ အစောပိုင်း​အသင်းသားများက ဤဗျာဒိတ်တော်ကို “ သန့်ရှင်းသူတို့အား ဥပုသ်ကို အဘယ်သို့ စောင့်ထိန်းရန်နှင့် အဘယ်သို့ အစာရှောင်၍​ဆုတောင်းရန် သွန်သင်ခြင်း” သဘော​အဖြစ် ဖော်ပြခဲ့ကြ၏”

၁–၄၊ ဇိအုန်၌​ရှိသည့် သစ္စာ​ရှိသော သန့်ရှင်းသူတို့သည် ကောင်းချီး​ခံစားကြရ​လိမ့်မည်။ ၅–၈၊ သူတို့သည် ကိုယ်တော်ရှင်ကို ချစ်၍၊ အစေခံပြီး၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းကြ​ရမည်။ ၉–၁၉၊ ကိုယ်တော်ရှင်၏​နေ့ကို သန့်ရှင်းစွာ​ထားခြင်း အားဖြင့်၊ သန့်ရှင်းသူတို့သည် ဇာတိ​ပကတိနှင့် ဝိညာဉ်​ပကတိ၌ ကောင်းချီး​ခံစားကြရ၏။ ၂၀–၂၄၊ ဖြောင့်မတ်သော​သူတို့သည် ယခုလောက၌ ငြိမ်းချမ်းခြင်းကို လည်းကောင်း၊ ကျရောက်လာမည့်​လောက၌ ထာဝရ​အသက်ကို လည်းကောင်း ကတိထားသည်ကို ခံကြရ၏။

ရှုလော့၊ ငါ၏​ဘုန်းတော်​ထင်ရှားဖို့ကိုသာ၊ မျက်စိစူးစိုက်မှုဖြင့်၊ ငါ၏​ပညတ်တော်များ​အတိုင်း ဤပြည်သို့​တက်လာကြ​လေသော​သူတို့သည် မင်္ဂလာ​ရှိကြ၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

အကြောင်းမူကား၊ အသက်​ရှင်ကြသော​သူတို့သည် မြေကြီးကို အမွေခံ​ကြရ​လိမ့်မည်၊ သေသော​သူတို့သည်လည်း မိမိတို့​၏ ခပ်သိမ်းသောအလုပ်များမှ အနား​ရကြ​လိမ့်မည်၊ သူတို့၏ အကျင့်များက သူတို့​နောက်မှ လိုက်​ကြလိမ့်မည်။ သူတို့​အတွက် ငါ​ပြင်ဆင်ထား​လေသည့် ငါ့အဘ၏​နေစရာ​အခန်းများ၌ သရဖူကို သူတို့​လက်ခံ​ရရှိကြ​လိမ့်မည်။

ထိုမှတစ်ပါး၊ ဇိအုန်မြေပေါ်၌ ခြေဖြင့်​ရပ်သော​သူတို့သည် မင်္ဂလာ​ရှိကြ၏၊ ထိုသူတို့သည် ငါ၏​ဧဝံဂေလိ​တရားတော်ကို နာခံကြ​လေပြီ။ အကြောင်းမူကား၊ သူတို့သည် မြေကြီး၏ ကောင်းမြတ်သော​အရာများကို သူတို့၏​အကျိုး​ကျေးဇူး​အဖြစ် လက်ခံ​ရရှိကြ​လိမ့်မည်၊ မြေကြီးသည်လည်း ထိုအရာတို့ကို အားကြီးစွာဖြင့် ဖြစ်စေ​လိမ့်မည်။

သူတို့သည် အထက်မှ ကောင်းချီး​မင်္ဂလာများဖြင့်၊ ထိုမှတစ်ပါး၊ အနည်းငယ်​မဟုတ်သည့် ပညတ်တော်များဖြင့်၊ ထို့အတူ သူ့အချိန်နှင့်သူ ဗျာဒိတ်တော်များဖြင့် ချီးမြှင့် ခံကြရ​လိမ့်မည်—ထိုသူတို့သည်ကား၊ သစ္စာရှိပြီး၊ ငါ့ရှေ့၌​လုံ့လဝီရိယ​ထက်သန်ကြသော​သူများ​ဖြစ်၏။

သို့ဖြစ်၍၊ ငါသည် သူတို့အား ပညတ်တော်ကို ပေး၍ ဆိုလေသည်ကား၊ သင်သည် သင်၏​ဘုရားသခင် ကိုယ်တော်ရှင်ကို သင်၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့်၊ သင်၏​အစွမ်းသတ္တိ၊ စိတ်နှင့်​ခွန်အား ရှိသမျှဖြင့် ချစ်​ရမည်။ ထို့အတူ၊ ယေရှု​ခရစ်တော်၏​နာမတော်အားဖြင့် သင်သည် သူ့ကို အစေခံ​ရမည်။

သင်သည် ကိုယ်နှင့်​စပ်ဆိုင်သော​သူကို ကိုယ်နှင့်​အမျှ ချစ်လော့။ သင်သည် မခိုးရ။ သူ့သားမယားအားပြစ်မှားခြင်း​ကို မကျူးလွန်ရ၊ အသက် မသတ်ရ၊ ထိုကဲ့သို့သောအမှု တစ်စုံတစ်ခု​ကိုမျှ မပြုရ။

သင်သည် အရာရာ၌ သင်၏​ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်​ချီးမွမ်းလော့။

သင်သည် သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို ဖြောင့်မတ်ခြင်းဖြင့်၊ ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်ဖြင့်ပင် ယဇ်ကို ပူဇော်လော့။

သင်သည် သင့်ကိုယ်ကို လောကီ​အစွန်း​အထင်းနှင့် ပို၍​ပြည့်စုံစွာ​ကင်းစင်နိုင်​စေခြင်းငှာ၊ ဆုတောင်းခြင်းအိမ်သို့​သွား၍၊ ငါ၏​သန့်ရှင်းသောနေ့၌ ပွဲတော်ကို ပူဇော်လော့။

၁၀ အကြောင်းမူကား၊ ဤအရာသည် သင့်အဖို့ သင်၏​အလုပ်များမှ အနားယူရန်၊ ထို့အတူ၊ အမြင့်ဆုံးသော​ဘုရားကို ကိုးကွယ်ရန် စီရင်ထားသော​နေ့ဖြစ်၏။

၁၁ သို့သော်လည်း၊ ခပ်သိမ်းသော​နေ့များ၌၊ ထို့အတူ ခပ်သိမ်းသော​အချိန်တို့၌ သင်၏​သစ္စာဝတ်ကို ဖြောင့်မတ်ခြင်းဖြင့် ဖြေလော့။

၁၂ သို့ရာတွင်၊ ကိုယ်တော်ရှင်၏ ဤနေ့၌ သင်၏​အပြစ်များကို သင်၏​ညီအစ်ကိုတို့ထံ၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ ဝန်ခံလျက် သင်၏​ပူဇော်သက္ကာများနှင့် သင်၏​ပွဲတော်တို့ကို အမြင့်ဆုံးသော​ဘုရားအား သင်​ပူဇော်​ရမည်ကို အောက်မေ့လော့။

၁၃ ဤနေ့တွင် အခြား​မည်သည့်​အရာကိုမျှ သင်​မပြုရ၊ သင်၏ အစာရှောင်ခြင်းကို စုံလင်နိုင်​စေမည့်​အကြောင်း၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ သင်၏ ဝမ်းမြောက်ခြင်း ပြည့်စုံနိုင်​စေမည့်​အကြောင်း သင်၏ စားစရာကို တစ်ခု​တည်းသော စိတ်နှလုံး​ဖြင့်သာ ပြင်ဆင်​စေလော့။

၁၄ ဤအရာသည်ကား၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့် ဝမ်းမြောက်​ရွှင်လန်းခြင်းနှင့် ဆုတောင်းခြင်း အမှန်​ဖြစ်၏။

၁၅ သင်သည် ဤအရာတို့ကို ကျေးဇူးတော်​ချီးမွမ်းခြင်းဖြင့်၊ ရွှင်ပျသော စိတ်နှလုံးနှင့် မျက်နှာထားတို့ဖြင့်​ပြုသမျှ၊ များစွာသော​ရယ်ခြင်းဖြင့် မပြုရ၊ အကြောင်းမူကား ဤအရာသည် အပြစ်​ဖြစ်၏၊ သို့ရာတွင် ဝမ်းသာသော​စိတ်နှလုံးနှင့် ရွှင်ပျသော​မျက်နှာထားဖြင့်​ပြုလော့—

၁၆ ငါ​အမှန်​ဆိုသည်ကား၊ သင်သည် ဤသို့​ပြုသမျှ၊ မြေကြီး၏ ပြည့်စုံခြင်း​တည်းဟူသော၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်၊ သစ်ပင်ပေါ်​တက်သည့်​အရာနှင့် မြေကြီးပေါ်မှာ လျှောက်သည့်​အရာတို့သည် သင်၏​အရာဖြစ်၏။

၁၇ ထိုမှတစ်ပါး၊ ဆေးဖက်ဝင်​အပင်၊ အစာ​အနေဖြင့်​ဖြစ်စေ၊ သို့မဟုတ်၊ အဝတ်​အနေဖြင့်​ဖြစ်စေ၊ သို့မဟုတ်၊ နေစရာ​အနေဖြင့်​ဖြစ်စေ၊ သို့မဟုတ်၊ ကျီ​အနေဖြင့်​ဖြစ်စေ၊ သို့မဟုတ်၊ သစ်သီးခြံ​အနေဖြင့် ဖြစ်စေ၊ သို့မဟုတ် ဥယျာဉ်​အနေဖြင့်​ဖြစ်စေ၊ သို့မဟုတ် စပျစ်​ဥယျာဉ်​အနေဖြင့်​ဖြစ်စေ မြေကြီးမှ​ထွက်သည့် ကောင်းမြတ်သော​အရာများ၊

၁၈ ထိုမှတစ်ပါး၊ အချိန်တန်သည့်​အခါ၌၊ မြေကြီးမှ​ထွက်သည့် ခပ်သိမ်းသော​အရာများကို၊ ပြုထားသည်မှာ မျက်စိကို နှစ်သက်စေဖို့နှင့် စိတ်နှလုံးကို ဝမ်းသာစေဖို့ လူသား​အကျိုး​အတွက်နှင့် အသုံး​ပြုစရာ​အတွက်၊

၁၉ ထိုမှတစ်ပါး၊ ကိုယ်ခန္ဓာကို ခွန်အား​ဖြည့်ပေး​ရန်နှင့် စိတ်​ဝိညာဉ်ကို တက်ကြွ​လှုပ်ရှား​စေရန် အစာ​အတွက်နှင့် အဝတ်​အတွက်၊ အရသာ​အတွက်နှင့် အနံ့​အတွက် ဖြစ်ပေ၏။

၂၀ ဘုရားသခင်သည် ခပ်သိမ်းသော​ဤအရာတို့ကို လူသားအား ပေးတော်မူ​လေသည်ကို နှစ်သက်​တော်မူ၏။ အကြောင်းမူကား၊ ဤရည်ရွယ်ချက်ကြောင့် ထိုအရာတို့ကို ဝေဖန်​ပိုင်းခြား​နိုင်စွမ်းဖြင့်၊ အသုံးပြု​စေဖို့​ပြုထား​ပေ၏၊ လွန်ကဲစွာ​မပြုဖို့၊ အတင်း​အကျပ်လည်း​မပြုဖို့ ဖြစ်၏။

၂၁ ခပ်သိမ်းသော​အရာတို့၌ ဘုရားသခင်၏​လက်ကို ဝန်ခံခြင်း​မရှိသောသူ၊ သူ၏​ပညတ်တော်များကို နာခံခြင်း​မရှိသောသူများ​မှတစ်ပါး၊ လူသားသည် အဘယ်​အရာနှင့်မျှ သူ့ကို မပြစ်မှား၊ သို့မဟုတ်၊ အဘယ်သူ၏​တစ်ဖက်တွင်မျှ သူ၏​အမျက်တော်​မထွက်။

၂၂ ရှုလော့၊ ဤအရာသည် ဥပဒေနှင့် ပရောဖက်တို့၏​စကားများ​အတိုင်းဖြစ်၏။ သို့ဖြစ်၍၊ ဤအမှုနှင့်​စပ်လျဉ်းပြီး ငါ့ကို မနှောင့်ယှက်တော့နှင့်။

၂၃ သို့ရာတွင်၊ ဖြောင့်မတ်ခြင်း​အကျင့်ကို ကျင့်သောသူသည် မိမိ​အကျိုးကျေးဇူး​အဖြစ်၊ ယခုလောက၌ ငြိမ်းချမ်းခြင်း၊ ထို့အတူ၊ ကျရောက်လာမည့်​လောက၌ ထာဝရအသက်ကိုပင် ရရှိလိမ့်မည့်​အကြောင်း သင်ယူလော့။

၂၄ ငါ၊ ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ဝိညာဉ်တော်ကလည်း သက်သေခံ၏။ အာမင်။