ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၃


အပိုဒ်ငယ် ၆၃

၁၈၃၁ ခု၊ ဩဂုတ်လ ၃၀ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ပေး​တော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် အော်လီဗာ​ကောင်ဒရီတို့သည် မစ်ဆိုရီသို့ သူတို့​အကြည့်​အရှု​သွားရောက်​ရာမှ၊ ဩဂုတ်လ ၂၇ ရက်တွင် ကာ့တ်လန်းသို့ ရောက်လာ​ခဲ့၏။ ဂျိုးဇက်​စမစ်၏​သမိုင်းက၊ ဤဗျာဒိတ်တော်ကို ဖော်ပြသည်မှာ “အသင်းတော်၏ ဤ​နုနယ်စဉ်​ကာလတွင်၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း​အတွက် တစ်နည်းနည်းနှင့် သက်ဆိုင်ရာ အကြောင်း​အရာတိုင်းနှင့်​စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို ရရှိရန် ကြီးစွာသော​စိုးရိမ်ပူပန်မှု ရှိလေ၏။ ထို့အတူ၊ ဇိအုန်မြေမှာ၊ ယခု​အရေးကြီးဆုံး ယာယီ​ရည်ရွယ်ချက် ဖြစ်သည်နှင့်​အမျှ၊ သန့်ရှင်းသူတို့​စုဝေးခြင်း၊ ထို့အတူ၊ မြေဝယ်ရန်၊ ထို့အတူ၊ အခြားသော​အမှုများနှင့် စပ်လျဉ်းသည့် နောက်ထပ်​သတင်း​အချက်အလက်​အတွက် ကိုယ်တော်ရှင်ထံသို့ အကျွန်ုပ်​မေးလျှောက်ခဲ့၏။”

၁–၆၊ အမျက်​ထွက်ရာ​နေ့သည် ဆိုးညစ်သော​သူတို့​အပေါ် ကျရောက်​လာလိမ့်မည်။ ၇–၁၂၊ နိမိတ်​လက္ခဏာများသည် ယုံကြည်ခြင်း​အားဖြင့် ဖြစ်လာ၏။ ၁၃–၁၉၊ စိတ်နှလုံး​ထဲ၌ သူ့သားမယားအား ပြစ်မှားသော​သူတို့သည် ယုံကြည်ခြင်းကို ငြင်းဆိုပြီး၊ မီး​အိုင်​ထဲသို့ ပစ်ချ​ခံကြရ​လိမ့်မည်။ ၂၀၊ သစ္စာ​ရှိသော​သူတို့သည် ပုံသဏ္ဌာန်​ပြောင်းလဲ​ထားသော မြေကြီး​ပေါ်တွင် အမွေ​ခံရာကို​ရကြ​လိမ့်မည်။ ၂၁၊ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​တောင်ပေါ်မှ အဖြစ်​အပျက်များ​အကြောင်း ပြည့်စုံသော​မှတ်တမ်းကို မဖော်ပြရ​သေးပေ။ ၂၂–၂၃၊ နာခံသော​သူတို့သည် နိုင်ငံတော်​နက်နဲခြင်းကို လက်ခံ​ရရှိကြ၏။ ၂၄–၃၁၊ ဇိအုန်၌ နေထိုင်ရာကို ဝယ်ကြရမည်။ ၃၂–၃၅၊ ကိုယ်တော်ရှင်သည် စစ်တိုက်ခြင်းများကို စီရင်​တော်မူ၏၊ ဆိုးညစ်သော​သူတို့သည် ဆိုးညစ်သော​သူတို့ကို​ကွပ်မျက်ကြ၏။ ၃၆–၄၈၊ သန့်ရှင်းသူတို့သည် ဇိအုန်သို့ စုဝေးပြီး၊ တည်ဆောက်ရန် ငွေကို ထောက်ပံ့ကြ​ရမည်။ ၄၉–၅၄၊ သစ္စာ​ရှိသော​သူတို့အား ကောင်းချီး​မင်္ဂလာများကို ဒုတိယအကြိမ် ကြွလာတော်မူခြင်းတွင်၊ ရှင်ပြန်ထမြောက်ခြင်း၌၊ ထို့အတူ၊ အနှစ်​တစ်ထောင်​ကာလ​အတွင်း၌ အာမခံ​ထား၏။ ၅၅–၅၈၊ ဤနေ့သည် သတိ​ပေးရာ​နေ့ဖြစ်၏။ ၅၉–၆၆၊ အခွင့်​အာဏာ​မရှိဘဲ အသုံးပြုသော​သူတို့​အားဖြင့်၊ ကိုယ်တော်ရှင်၏​နာမတော်ကို အချည်းနှီး​မြွက်ဆို၏။

စေ့စေ့နားထောင်​ကြလော့၊ အို အသင်​လူမျိုးတို့၊ သင်တို့​စိတ်နှလုံးကို ဖွင့်ကြလော့၊ အဝေးမှာ​ရှိသော​သူတို့ နားညောင်း​ကြလော့။ ထို့အတူ၊ နားထောင်​ကြလော့၊ သင်တို့​ကိုယ်သင်တို့ ကိုယ်တော်ရှင်၏ လူမျိုးများဟု ခေါ်ဆို​ကြသူ​သင်တို့၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို၊ ထို့အတူ၊ သင်တို့နှင့် စပ်လျဉ်းသည့် သူ့အလိုတော်ကို ကြားနာ​ကြလော့။

ထိုမှတစ်ပါး၊ ငါအမှန်၊ ဆိုသည်မှာ၊ ဆိုးညစ်သော​သူများနှင့် ပုန်ကန်သော​သူများတစ်ဖက်၌ အမျက်​ထွက်သည့်​သူ၏ နှုတ်ကပတ်တော်ကို ကြားနာ​ကြလော့။

သူသည် နုတ်ယူ​လိုသူ​မှန်သမျှကိုပင် နုတ်ယူ​လိမ့်မည်၊ အသက်​ရှင်ရာ၌ ကာကွယ်​စောင့်မ​လိုသော သူတို့ကိုလည်း ကာကွယ်​စောင့်မ​တော်မူ​လိမ့်မည်။

သူ၏​စိတ်​အလို​ဆန္ဒ​အတိုင်း တည်ဆောက်​လိမ့်မည်။ သူ​နှစ်သက်သော​အချိန်မှာ ဖျက်ဆီး၍၊ စိတ်ဝိညာဉ်ကို ငရဲသို့​ပစ်ချဖို့လည်း တတ်နိုင်​တော်မူ၏။

ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်၏အသံဖြင့် မြွက်ဆိုတော်မူ၍၊ နာခံကြ​လိမ့်မည်။

သို့ဖြစ်၍၊ ငါ​အမှန်ဆိုသည်ကား၊ ဆိုးညစ်သော​သူတို့ သတိ​ပြုကြ​စေလော့၊ ပုန်ကန်သော​သူတို့ ကြောက်ရွံ့၍ တုန်ကြ​စေလော့။ မယုံကြည်သော​သူတို့ မိမိတို့​နှုတ်ခမ်းကို ပိတ်ကြ​စေလော့၊ အကြောင်းမူကား၊ အမျက်တော်​နေ့သည် သူတို့​အပေါ် လေပွေ​သဖွယ် ကျရောက်လာ​လိမ့်မည်၊ ငါသည် ဘုရားသခင်​ဖြစ်တော်မူကြောင်းကို ခပ်သိမ်းသော လူတို့ သိကြ​လိမ့်မည်။

နိမိတ်​လက္ခဏာတို့ကို ရှာသော​သူသည် နိမိတ်​လက္ခဏာတို့ကို မြင်ရ​လိမ့်မည်၊ သို့ရာတွင်၊ ကယ်တင်ခြင်းသို့​တိုင်အောင် မဟုတ်။

သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ နိမိတ်​လက္ခဏာတို့ကို ရှာသော​သူများ သင်တို့​အထဲ၌ ရှိကြ၏၊ ထိုကဲ့​သို့သော​သူများ ရှေးဦးစွာ​ကတည်း​ကပင် ရှိကြ၏။

သို့ရာတွင်၊ ရှုလော့၊ ယုံကြည်ခြင်းသည် နိမိတ်​လက္ခဏာတို့​အားဖြင့် ဖြစ်မလာ၊ နိမိတ်​လက္ခဏာတို့​သည်သာ ယုံကြည်သော​သူတို့၌ ဖြစ်ကြ၏။

၁၀ ထိုမှတစ်ပါး၊ နိမိတ်​လက္ခဏာတို့သည် ယုံကြည်ခြင်း​အားဖြင့် ဖြစ်လာ၏၊ လူသားတို့၏ အလို​အားဖြင့်​မဟုတ်၊ သူတို့​နှစ်သက်သည့်​အတိုင်းလည်း​မဟုတ်၊ ဘုရားသခင်၏ အလိုတော်​အားဖြင့်သာ ဖြစ်၏။

၁၁ ထိုမှတစ်ပါး၊ နိမိတ်​လက္ခဏာတို့သည် ယုံကြည်ခြင်း​အားဖြင့်၊ ကြီးစွာသော​အမှုများသို့​တိုင်အောင် ဖြစ်လာ၏၊ အကြောင်းမူကား၊ ယုံကြည်ခြင်း​မရှိဘဲနှင့် အဘယ်သူမျှ ဘုရားသခင်ကို နှစ်သက်စေခြင်း​မရှိ။ သို့ဖြစ်၍၊ ထိုကဲ့သို့သော​သူတို့အား သူသည် နိမိတ်​လက္ခဏာ​တို့ကို မပြ၊ အမျက်တော်​အားဖြင့်သာ ထိုသူတို့၏ ပြစ်ဒဏ်​ချမှတ်ခြင်းသို့​တိုင်အောင် ဖြစ်စေ၏။

၁၂ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့​အထဲ၌ ရှိသည့်​သူများတည်း ဟူသော ယုံကြည်ခြင်း​အတွက်၊ နိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကို လိုက်ရှာကြလေ သူများကို မနှစ်သက်၊ ငါ၏​ဘုန်းတော်​ထင်ရှားစေဖို့၊ လူသားတို့အကျိုး အတွက် မဟုတ်ကြ။

၁၃ သို့သော်လည်း၊ ငါသည် ပညတ်တော်များ​ပေး၏၊ များစွာသော​သူတို့သည် ငါ၏​ပညတ်တော်များကို ကျောခိုင်း​ကြလေပြီး၊ မစောင့်ထိန်း​လေကြ။

၁၄ သင်တို့​အထဲ၌ သူ့မယားကို​ပြစ်မှား​သူများနှင့် သူ့လင်သားကို​ပြစ်မှားသူများ ရှိလေ၏။ ထိုသူတို့​အထဲမှ အချို့သော​သူများသည် သင်တို့ကို ကျောခိုင်းကြ​လေပြီး၊ နောင်ကာလ၌​ဖော်ပြ​ခံကြ​ရမည့် အခြားသော​သူများသည် သင်တို့နှင့်​အတူ ဆက်၍​ရှိကြ​လိမ့်မည်။

၁၅ ထိုကဲ့သို့သော​သူတို့ သတိပြုကြ​စေပြီး၊ အလျင်​အမြန် နောင်တ​ရကြ​စေလော့၊ သူတို့​အပေါ်၌ တရား​စီရင်ခြင်း ထောင်ချောက်​သဖွယ် မကျရောက်​လာစေခြင်းငှာ​ပေတည်း၊ သူတို့၏​မိုက်မဲခြင်းကိုလည်း ထင်ရှားစွာ​ပြလိမ့်မည်၊ သူတို့​အကျင့်များသည်လည်း လူတို့၏​မျက်လုံးများ၌ သူတို့​နောက်က လိုက်ကြ​လိမ့်မည်။

၁၆ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ယခင်က ငါ​မိန့်တော်မူလေ​သကဲ့သို့ပင်၊ မိန်းမ​တစ်ဦးကို တပ်မက်သော​စိတ်နှင့် ကြည့်ရှုသောသူ၊ သို့မဟုတ်၊ မိမိတို့​စိတ်နှလုံး​ထဲ၌ သူ့သားမယားအား​ပြစ်မှားခြင်းကို ကျူးလွန်သော​သူတို့၌ ဝိညာဉ်တော်ကို ရရှိ​လိမ့်မည်​မဟုတ်၊ သို့ရာတွင်​ယုံကြည်ခြင်းကို ငြင်းဆိုကြ​လိမ့်မည်၊ ထို့အတူ၊ ကြောက်ရွံ့ကြ​လိမ့်မည်။

၁၇ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်ကား၊ ကြောက်ရွံ့သော​သူများ၊ ထို့အတူ၊ မယုံသော​သူများ၊ ထို့အတူ၊ မုသား​ပြောသူ​အပေါင်း၊ ထို့အတူ၊ မုသားကို ချစ်၍၊ ပြုသောသူ​မှန်သမျှ၊ ထို့အတူ၊ မတရားသော​မေထုန်၌ မှီဝဲသောသူ၊ ပြုစား​တတ်သော​သူတို့မူကား၊ ဒုတိယ​သေခြင်း​တည်းဟူသော ကန့်နှင့်​လောင်သော မီးအိုင်​ထဲ၌ မိမိတို့​အဖို့ကို ရကြ​လိမ့်မည်။

၁၈ ငါ​အမှန်​ဆိုသည်ကား၊ ထိုသူတို့သည် ပထမ​ရှင်ပြန်​ထမြောက်ခြင်း၌ မဝင်စားရ။

၁၉ ယခုမူကား၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်၊ သင်တို့ကို ဆိုသည်ကား၊ ဤအမှုတို့သည် သင်တို့​အထဲ၌ ရှိကြ​သောကြောင့်၊ သင်တို့သည် အပြစ်ကင်း​စေခြင်း​မရှိရ။

၂၀ သို့သော်လည်း၊ ယုံကြည်ခြင်း၌ တည်ကြည်လျက်၊ ငါ၏​အလိုတော်ကို ဆောင်သော​သူသည် အောင်နိုင်​လိမ့်မည်၊ ပုံပန်း​သဏ္ဌာန်​ပြောင်းလဲသောနေ့ ကျရောက်​လာသော​အခါ မြေကြီး​ပေါ်၌ အမွေ​ခံရာကိုလည်း လက်ခံ​ရရှိ​လိမ့်မည်။

၂၁ မြေကြီးကို ပုံပန်း​သဏ္ဌာန်​ပြောင်းလဲသည့်အခါ၊ တောင်ပေါ်၌ ငါ၏​တမန်တော်တို့ကို ဖော်ပြခဲ့​လေသည့် ပုံစံ​အတိုင်းပင် ဖြစ်လိမ့်မည်။ ထိုအရာ​အကြောင်း မှတ်တမ်း​အပြည့်အစုံကို သင်တို့​မရရှိသေးပေ။

၂၂ ယခုမူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါ၏​အလိုတော်ကို သင်တို့အား ငါ​ဖော်ပြ​တော်မူ​လိုကြောင်း ငါ​မိန့်တော်မူ၏၊ ရှုလော့၊ ငါသည် ထိုအရာကို သင်တို့အား ဖော်ပြ​တော်မူမည်၊ ပညတ်တော်​အတိုင်း​မဟုတ်၊ အကြောင်း​မူကား၊ ငါ၏​ပညတ်တော်များကို မစောင့်ထိန်းဖို့ အားထုတ်သောသူ​များစွာ ရှိကြ​ပေ၏။

၂၃ သို့ရာတွင်၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းသော​သူအား ငါ့နိုင်ငံတော်၏​နက်နဲခြင်းကို ပေးတော်မူမည်၊ ထိုသူ၌ ထာဝရ​တည်မြဲသော အသက်သို့​တိုင်အောင် ထွက်နေသည့် အသက်​စမ်းရေတွင်း ရှိလိမ့်မည်။

၂၄ ယခုမူကား၊ ရှုလော့၊ ဤအရာမှာ မိမိ​သန့်ရှင်းသူတို့နှင့် စပ်လျဉ်း၍၊ ကာလနာဘေးကို ဖြစ်စေသည့် ရှုပ်ထွေးခြင်း မရှိရ​စေခြင်းငှာ၊ အလျင်​အမြန်​မဟုတ်ဘဲ၊ ဇိအုန်မြေသို့ သူတို့ကိုယ်သူတို့ အတူ​တကွ​စည်းဝေးကြ​စေကြောင်း သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်၏ အလိုတော်​ဖြစ်၏။

၂၅ ရှုလော့၊ ဇိအုန်မြေ—​ငါ၊ ကိုယ်တော်ရှင်သည်၊ ထိုမြေကို ငါ့လက်ဖြင့် ကိုင်တော်မူ၏။

၂၆ သို့သော်လည်း၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ကဲသာ၏​ဥစ္စာကို ကဲသာအား​ဆက်ပေး၏။

၂၇ သို့ဖြစ်၍၊ လောက​အပေါ် သင်တို့​အခွင့်​သာခြင်းကို ရနိုင်ကြ​စေကြောင်း၊ လောကကို သင်တို့​တောင်းဆိုခွင့် ရနိုင်ကြ​စေကြောင်း၊ သူတို့​အမျက်​ထွက်ဖို့ နှိုးဆော်​မခံ​ကြရ​စေကြောင်း မြေများကို သင်တို့​ဝယ်စေဖို့ ငါ​ကိုယ်တော်ရှင်​အလိုရှိ​တော်မူ၏။

၂၈ အကြောင်း​မူကား၊ သင်တို့ကို ဆန့်ကျင်ပြီး​အမျက်​ထွက်ကြ​စေဖို့နှင့် အသွေး​သွန်းလောင်း​ကြစေဖို့ သူတို့​စိတ်နှလုံး​ထဲသို့ စာတန်က သွင်းထား၏။

၂၉ သို့ဖြစ်၍၊ ဝယ်၍ သို့မဟုတ် အသွေး​အားဖြင့်​မှတစ်ပါး ဇိအုန်​မြေကို ရရှိ​လိမ့်မည်​မဟုတ်၊ ထိုသို့​မဟုတ်လျှင်၊ သင်တို့​အတွက် နေထိုင်ရာ​မရှိ။

၃၀ ဝယ်၍​ရရှိလျှင်၊ ရှုလော့၊ သင်တို့သည် ကောင်းချီး​ခံစားကြ​ရ၏။

၃၁ အသွေး​အားဖြင့် ရရှိလျှင်၊ သင်တို့သည် အသွေး​သွန်းလောင်းခြင်းကို တားမြစ်​ခံထားရ​သဖြင့်၊ ကြည့်လော့၊ သင်တို့​ရန်သူများသည် သင်တို့ကို တိုက်ခိုက်ကြ​လိမ့်မည်၊ သင်တို့သည် တစ်မြို့မှ​တစ်မြို့သို့၊ တရား​စရပ်​တစ်ခုမှ တရား​စရပ်​တစ်ခုသို့ ရိုက်ပုတ်​ခံကြရ​လိမ့်မည်၊ အနည်းငယ်သော​သူတို့သာ နေထိုင်ရာကို ရရှိဖို့ ကျန်ရစ်​လိမ့်မည်။

၃၂ ငါ၊ ကိုယ်တော်ရှင်သည် ဆိုးညစ်သော​သူတို့ကို အမျက်ထွက်​တော်မူ၏။ ငါသည် ငါ၏​ဝိညာဉ်တော်ကို မြေကြီး​ပေါ်မှာ နေထိုင်​သူတို့​ထံမှ ရုပ်သိမ်း​တော်မူလျက်​ရှိ၏။

၃၃ ငါသည် အမျက်တော်ဖြင့် ကျိန်ဆိုပြီး၊ မြေကြီး​မျက်နှာပြင်​ပေါ်တွင် စစ်တိုက်ခြင်းတို့ကို စီရင်၏၊ ဆိုးညစ်သော​သူတို့သည် ဆိုးညစ်သော​သူတို့ကို ကွပ်မျက်ကြ​လိမ့်မည်၊ ကြောက်ရွံ့ခြင်းသည် လူတိုင်း​အပေါ် ကျရောက်လာ​လိမ့်မည်။

၃၄ သန့်ရှင်းသူတို့သည် ခက်ခဲစွာ လွတ်မြောက်ကြ​လိမ့်မည်။ သို့သော်လည်း၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သူတို့နှင့်အတူ ရှိတော်မူ၏၊ ငါ့ခမည်းတော်၏​မျက်မှောက် ကောင်းကင်ဘုံမှ ဆင်းလာတော်မူပြီး၊ ဆိုးညစ်သော​သူတို့ကို မငြိမ်းနိုင်သော​မီးလျှံဖြင့် လောင်မြိုက်​စေမည်။

၃၅ ရှုလော့၊ ဤအမှု​မဖြစ်သေး၊ သို့ရာတွင်၊ မကြာမီ​ဖြစ်လိမ့်မည်။

၃၆ သို့ဖြစ်၍၊ ကြည့်နေလျက် ငါ၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော ဤအမှုတို့ကို မြေကြီး​မျက်နှာပြင်​ပေါ်မှာ စီရင်​တော်မူ​လေပြီ၊ ငါ​အလိုရှိ​တော်မူ​သည်ကား၊ ငါ၏​သန့်ရှင်းသူတို့ကို ဇိအုန်​မြေပေါ်မှာ စည်းဝေးကြ​စေဖို့၊

၃၇ လူတိုင်း ကိုယ့်လက်၌ ဖြောင့်မတ်ခြင်းကို​လည်းကောင်း၊ ကိုယ့်ခါး၌ သစ္စာ​ရှိခြင်းကို​လည်းကောင်း ဆောင်၍၊ မြေကြီး​ပေါ်မှာ​နေထိုင်​သူတို့ထံ သတိ​ပေးခြင်း​အသံဖြင့် ဟစ်ကြွေးလျက်၊ ဆိုးညစ်သော​သူတို့​အပေါ် လူဆိတ်ညံခြင်း ကျရောက်လာ​စေကြောင်း၊ စကားဖြင့်​လည်းကောင်း၊ ထွက်ပြေးခြင်းဖြင့်​လည်းကောင်း ဟောကြား​စေဖို့​ပင်တည်း။

၃၈ သို့ဖြစ်၍၊ ဤလယ်ကွင်း၌ နေထိုင်ကြ​သူများ​တည်းဟူသော ကာ့တ်လန်းရှိ ငါ၏​တပည့်တော်တို့အား မိမိတို့​ဇာတိ​ပကတိ​အမှု​ကိစ္စတို့ကို စီစဉ်ကြ​စေလော့။

၃၉ ထိုအရပ်၌ ဂရုစိုက်ခြင်း​ရှိသူ ငါ့ကျွန်​တိတု​ဘီးလင်းအား၊ ထိုမြေကို စွန့်လွှတ်​စေလော့၊ ငါ​မိန့်တော်​မမူမချင်း မသွားမည့်​သူများ​တည်းဟူသော ငါ့အဖို့ ငါ​သိမ်းထားမည့်​သူများမှ​တစ်ပါး၊ ထိုအရပ်​မျက်နှာပြင်​ပေါ်မှာ နေထိုင်​သူတို့နှင့်​အတူ၊ လာမည့်​နွေဦး၌ ဇိအုန်​မြေသို့ တိုင်အောင် သူ​ခရီးသွားဖို့ ပြင်ဆင်နိုင်​စေကြောင်း​ပင်တည်း။

၄၀ ငွေကို နည်းသည်​ဖြစ်စေ၊ များသည်​ဖြစ်စေ ငါ့အဖို့​အရေး​မကြီး၊ အပို​ထားနိုင်​သမျှကို ငါ​ခန့်အပ်​ထားလေသော​သူများ လက်ခံ​ရရှိ​စေဖို့ ဇိအုန်​မြေသို့ ပို့စေလော့။

၄၁ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်အား၊ ဇိအုန်​မြေသို့​တက်သွားမည့်​သူတို့ကို၊ ထို့အတူ၊ ဆက်၍​နေမည့်​သူတို့ကို ဝိညာဉ်တော်​အားဖြင့်၊ ပိုင်းခြား၍​သိမြင်​နိုင်စွမ်း​ရှိစေကြောင်း တန်ခိုးကို ပေးတော်မူမည်။

၄၂ ငါ့ကျွန်​နီဝယ်လ်​ကေ​ဝှစ်တနီအား သူ့ဈေးဆိုင်ကို သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ ဈေးဆိုင်ကို ခဏ​ကြာအောင်ပင် ထိန်းသိမ်း​ထားစေလော့။

၄၃ သို့သော်လည်း၊ သူမျှ၍​ပေးနိုင်​သမျှသော​ငွေကို ဇိအုန်​မြေသို့ ပို့စေဖို့ သူမျှ၍​ပေးစေလော့။

၄၄ ရှုလော့၊ ဤအမှုတို့သည် သူ့လက်၌​ရှိ၏၊ ဉာဏ်ပညာ​အတိုင်း သူပြု​စေလော့။

၄၅ ငါ​အမှန်​ဆိုသည်ကား၊ ဆက်၍​နေထိုင်ကြမည့် တပည့်တော်တို့​အဖို့ ကိုယ်စားလှယ်​အဖြစ် သူ့ကို ခန့်ထား​ခံစေလော့၊ ဤအခွင့်သို့လည်း သူ့ကို ခန့်ထား​ခံစေလော့။

၄၆ ယခုမူကား၊ အသင်းတော်များသို့ အလျင်​အမြန်​အကြည့်​အရှု​သွားလော့၊ ဤအရာတို့ကိုလည်း သူတို့အား ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီနှင့်​အတူ ရှင်းပြလော့။ ရှုလော့၊ ဤအရာသည် ငါ၏​အလိုတော်​ဖြစ်၏၊ ငါ​လမ်းညွှန်​လေသည့်​အတိုင်းပင် ငွေကို​ရရှိ​စေလော့။

၄၇ သစ္စာ​ရှိပြီး​တည်ကြည်သော​သူသည် လောကကို အောင်နိုင်​လိမ့်မည်။

၄၈ ဘဏ္ဍာတို့ကို ဇိအုန်​မြေသို့ ပို့သော​သူသည် ဤလောက၌ အမွေခံရာကို ရရှိ​လိမ့်မည်၊ သူ၏​အကျင့်များသည် သူ့နောက်မှ​လိုက်လိမ့်မည်၊ ကျရောက်​လာမည့်​လောက၌ အကျိုး​ကျေးဇူး​ကိုလည်း ရရှိ​လိမ့်မည်။

၄၉ ထိုမှ​တစ်ပါး၊ ယခုမှ​စ၍၊ ကိုယ်တော်ရှင်၌ သေသည့် သေသူတို့သည် မင်္ဂလာ​ရှိကြ၏၊ ကိုယ်တော်ရှင်​ကြွလာ​တော်မူ​သောအခါ၊ ဟောင်းသော​အရာတို့​ကွယ်ပျောက်သွား​လိမ့်မည်၊ ခပ်သိမ်းသော​အရာတို့ အသစ်​ဖြစ်လာ​ကြ၏၊ သူတို့သည် သေခြင်းမှ ထမြောက်​လိမ့်မည်၊ ထို့နောက်တွင် မသေရ၊ ကိုယ်တော်ရှင်ရှေ့ သန့်ရှင်းသော​မြို့၌ အမွေခံရာကို ရလိမ့်မည်။

၅၀ ကိုယ်တော်ရှင်​ကြွလာ​တော်မူသော​အခါ၊ အသက်​ရှင်ပြီး၊ ယုံကြည်ခြင်းကို စောင့်ရှောက်​လေသော​သူသည် မင်္ဂလာ​ရှိ၏။ သို့သော်လည်း၊ ထိုသူကို လူ့သက်တမ်း၌ သေစေဖို့ စီရင်​ထားနှင့်​လေပြီ။

၅၁ သို့ဖြစ်၍၊ ကလေးများသည် အသက်​ကြီးလာသည်​အထိ ကြီးပြင်းကြ​လိမ့်မည်။ အသက်​ကြီးသော​သူတို့ သေကြ​လိမ့်မည်။ သို့ရာတွင်၊ သူတို့သည် မြေမှုန့်၌ မအိပ်ရဘဲ၊ မျက်စိ​တစ်မှိတ်၌ ပြောင်းလဲကြ​လိမ့်မည်။

၅၂ သို့ဖြစ်၍၊ ဤအကြောင်းကြောင့်၊ တမန်တော်တို့သည် သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းကို လောကသို့ ဟောပြောကြ၏။

၅၃ ဤအရာတို့သည်ကား သင်တို့ ရှာဖွေကြ​ရမည့်​အရာများ​ဖြစ်၏။ ထို့အတူ၊ ကိုယ်တော်ရှင်၏​နည်းအတိုင်း ဟောပြောကြ၏၊ ထိုအရာတို့သည် ယခုတွင် နီးကပ်လာ​ပေပြီ၊ နောင်လာမည့်​ကာလ၌၊ လူသားတော်​ကြွလာတော်မူသည့်​နေ့၌ပင် ဖြစ်လိမ့်မည်။

၅၄ ထိုနာရီ​တိုင်အောင်၊ ပညာ​ရှိသော​သူတို့​ကြား၌ မိုက်မဲသော အပျို​ကညာတို့ ရှိလိမ့်မည်။ ထိုနာရီ၌ ဖြောင့်မတ်သော​သူများနှင့် ဆိုးညစ်သော​သူများအား ခွဲခြားခြင်း​တစ်ခုလုံး ဖြစ်လိမ့်မည်။ ထိုနေ့၌၊ ဆိုးညစ်သော​သူတို့ကို နုတ်ယူပြီး၊ မငြိမ်းနိုင်သော​မီးလျှံထဲသို့ ပစ်ချဖို့ ငါ၏​ကောင်းကင်တမန်တို့ကို ငါ​စေလွှတ်​တော်မူမည်။

၅၅ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်ကို မနှစ်သက်။ သူသည် သူ့စိတ်နှလုံး​ထဲ၌ သူ့ကိုယ်သူ​ချီးမြှောက်၏၊ အကြံကို လက်မခံဘဲ ဝိညာဉ်တော်ကို စိတ်နာ​စေ၏။

၅၆ သို့ဖြစ်၍၊ သူ၏​စာမှာ ကိုယ်တော်ရှင်​အဖို့ နှစ်သက်ဖွယ်​မဟုတ်၊ သူသည် တခြားသော​စာကို ရေးရမည်။ ထိုအရာကို ကိုယ်တော်ရှင်​လက်ခံခြင်း​မရှိလျှင်၊ ရှုလော့၊ သူသည် ငါ​ခန့်အပ်​ထားလေသည့် အမှုအရာ၌ မတည်​မရှိရတော့။

၅၇ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အပြစ်​ရှိသူတို့ကို နောင်တ​ရခြင်းသို့ သတိပေးရန်၊ မိမိတို့​စိတ်နှလုံး၌ သိမ်မွေ့အောက်ကျို့ခြင်းဖြင့် အလိုရှိသော​သူတို့အား ဤအခွင့်ဖြင့် ခန့်ထား​ခံကြ​စေလော့။

၅၈ အကြောင်းမူကား၊ ဤနေ့သည် သတိ​ပေးရာနေ့​ဖြစ်၏၊ ငါ့နှုတ်ကပတ်တော်တို့၏​နေ့မဟုတ်။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည်၊ နောက်ဆုံးသော​ကာလ၌ ပြက်ရယ်ပြုခံရဖို့​မဟုတ်။

၅၉ ရှုလော့၊ ငါသည် အထက်သား​ဖြစ်၏၊ ငါ၏​တန်ခိုးသည်လည်း အောက်၌​ရှိ၏။ ငါသည် ခပ်သိမ်းသော​အရာတို့​အပေါ်မှာ ရှိတော်မူ၏၊ ခပ်သိမ်းသော​အရာတို့ အထဲ၌လည်း ရှိတော်မူ၏၊ ခပ်သိမ်းသော​အရာတို့​တစ်လျှောက်၌လည်း ရှိတော်မူ၏၊ ခပ်သိမ်းသော​အရာတို့ကိုလည်း စစ်တော်မူ၏၊ ခပ်သိမ်းသော​အရာတို့ ငါ၏​ဩဇာခံ​ဖြစ်လာမည့်နေ့ ကျရောက်လာ၏။

၆၀ ရှုလော့၊ ငါသည် အာလဖနှင့် ဩမေဃ၊ ယေရှုခရစ်တော်ပင်​ဖြစ်၏။

၆၁ သို့ဖြစ်၍၊ ခပ်သိမ်းသော​လူတို့အား ငါ၏​နာမတော်ကို သူတို့​နှုတ်၌ အဘယ်သို့ ခံယူကြသည်ကို သတိပြုကြ​စေလော့—

၆၂ အကြောင်းမူကား၊ ရှုလော့၊ ငါ​အမှန်​ဆိုသည်ကား၊ ဤ​ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ ရှိကြသောသူ၊ ကိုယ်တော်ရှင်၏ နာမတော်ကို သုံး၍၊ အခွင့်​အာဏာ​မရှိဘဲ အချည်းနှီး​သုံးသောသူ များစွာရှိ၏။

၆၃ သို့ဖြစ်၍၊ အသင်းတော်ကို မိမိတို့​အပြစ်များမှ နောင်တ​ရကြ​စေလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သူတို့ကို ပိုင်တော်မူမည်။ ထိုသို့​မဟုတ်လျှင်၊ သူတို့သည် ပယ်ရှင်း​ခံကြရ​လိမ့်မည်။

၆၄ အထက်မှ ကျရောက်​လာသော​အရာ သန့်ရှင်း​မွန်မြတ်ကြောင်းကို အောက်မေ့ကြလော့၊ ဝိညာဉ်တော်​အုပ်စိုးခြင်း​အားဖြင့်၊ ဂရုစိုက်၍​ပြောကြလော့။ ဤအမှု၌ ပြစ်ဒဏ်​ချမှတ်ခြင်း​မရှိ၊ သင်တို့သည် ဆုတောင်းခြင်း​အားဖြင့် ဝိညာဉ်တော်ကို လက်ခံ​ရရှိကြ​လိမ့်မည်။ သို့ဖြစ်၍၊ ဤအမှု​မရှိလျှင်၊ ပြစ်ဒဏ်​ချမှတ်ခြင်း ဆက်၍​တည်ရှိ၏။

၆၅ ငါ့ကျွန်များ​ဖြစ်သည့်၊ ဂျိုးဇက်​စမစ်​အငယ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်တို့အား၊ သူတို့​ဆုတောင်းခြင်း အားဖြင့် ဝိညာဉ်တော်၏ သွန်သင်ခြင်းကို ခံရသည့်အတိုင်း အိမ်ကို ရှာကြ​စေလော့။

၆၆ သည်းခံခြင်း​အားဖြင့် အောင်နိုင်ဖို့ ဤအရာများ ဆက်၍​တည်ရှိ၏၊ ထိုကဲ့သို့သော​သူတို့သည် သာ၍​ကြီးစွာသော ထာဝရ​ဘုန်းအသရေ​များစွာကို လက်ခံ​ရရှိနိုင်ကြ၏၊ သို့မဟုတ်လျှင်၊ သာ၍​ကြီးစွာသော ပြစ်ဒဏ်​ချမှတ်ခြင်း​ရှိ၏။ အာမင်။