အပိုဒ်ငယ် ၂၉
၁၈၃၀ ခု၊ စက်တင်ဘာလ၊ ဖရေးတီး၊ နယူးယောက်၌ အသင်းလူကြီးခြောက်ဦး၏မျက်မှောက်တွင် ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ၁၈၃၀ ခု၊ စက်တင်ဘာ ၂၆ တွင်စတင်သည့် ညီလာခံမတိုင်မီ ရက်အချို့တွင် ဤဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏။
၁–၈၊ ခရစ်တော်သည် မိမိရွေးကောက်ထားသောသူများကို စုဝေးတော်မူ၏။ ၉–၁၁၊ သူ၏ကြွလာတော်မူခြင်းက အနှစ်တစ်ထောင်ကာလကို ကြိုဆို၏။ ၁၂–၁၃၊ တစ်ဆယ့်နှစ်ပါးသည် ဣသရေလအမျိုးအပေါင်းကို တရားစီရင်လိမ့်မည်။ ၁၄–၂၁၊ နိမိတ်လက္ခဏာများ၊ ကပ်ရောဂါဘေးများနှင့် လူဆိတ်ညံခြင်းတို့သည် ဒုတိယအကြိမ်ကြွလာတော်မူခြင်း၏အလျင်ကျလိမ့်မည်။ ၂၂–၂၈၊ နောက်ဆုံးရှင်ပြန်ထမြောက်ခြင်းနှင့် အပြီးသတ်တရားစီရင်ခြင်းတို့သည် အနှစ်တစ်ထောင်ကာလနောက်မှ ဖြစ်၏။ ၂၉–၃၅၊ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်ရှင်အမြင်၌ ဝိညာဉ်ပကတိဖြစ်၏။ ၃၆–၃၉၊ လူသားကို သွေးဆောင်ဖြားယောင်းစေဖို့ နတ်ဆိုးနှင့် သူ၏ကောင်းကင်ဗိုလ်ခြေတို့သည် ကောင်းကင်ဘုံမှ နှင်ထုတ်ခံကြရ၏။ ၄၀–၄၅၊ ကျရှုံးခြင်းနှင့် အပြစ်ဖြေခြင်းမင်္ဂလာက ကယ်တင်ခြင်းကို ဆောင်ယူ၏။ ၄၆–၅၀၊ ကလေးသူငယ်တို့သည် အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ရွေးနုတ်ခံကြရ၏။
၁ ယေရှုခရစ်တော်၊ သင်တို့၏ရွေးနုတ်ရှင်၊ ငါဖြစ်သည်ဟူသည့် ကြီးစွာသောသူ၏ အသံကို နားထောင်ကြလော့။ သူ၏ကရုဏာလက်ရုံးတော်သည် သင်တို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူလေ၏။
၂ သူ၏လူမျိုးတို့ကို ကြက်မသည် မိမိသားငယ်တို့ကို မိမိအတောင်အောက်၌ စုရုံးသကဲ့သို့ပင်၊ အကယ်စင်စစ် ငါ၏အသံကို စေ့စေ့နားထောင်၍၊ ငါ့ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချလျက်၊ ငါ့ထံသို့ အားကြီးသောဆုတောင်းခြင်းဖြင့် ပတ္ထနာပြုမည့်သူမှန်သမျှကို စုရုံးတော်မူလိမ့်မည်။
၃ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤကာလတွင်၊ သင်၏အပြစ်များကို ခွင့်လွှတ်၏။ ထို့ကြောင့်၊ သင်တို့သည် ဤအရာများကို လက်ခံရရှိကြ၏။ သို့ရာတွင်၊ သင်တို့အပေါ် ပျက်စီးခြင်း မကျရောက်လာစေခြင်းငှာ၊ အပြစ်မပြုတော့ဖို့ အောက်မေ့ကြလော့။
၄ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ဧဝံဂေလိတရားတော်ကို တံပိုးသံကဲ့သို့ ရွှင်လန်းဝမ်းမြောက်ခြင်းအသံဖြင့် ဟောကြားစေခြင်းငှာ၊ သင်တို့ကို ရွေးကောက်ထား၏။
၅ စိတ်နှလုံးရွှင်လန်းအားရလျက် ဝမ်းသာကြလော့၊ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်မှာရှိ၏။ ခမည်းတော်ထံ၌ သင်တို့၏လျှောက်လဲသူလည်းဖြစ်၏။ သင်တို့အား နိုင်ငံတော်ကို ပေးဖို့မှာ သူ၏ကောင်းမြတ်သောအလိုတော်ဖြစ်၏။
၆ ထို့အတူ၊ ရေးထားသည့်အတိုင်း—သင်တို့သည် ငါ၏ပညတ်တော်အတိုင်း ဆုတောင်းခြင်း၌ စည်းလုံးလျက် ယုံကြည်ခြင်းဖြင့်တောင်းဆိုသမျှကို လက်ခံရရှိကြလိမ့်မည်။
၇ သင်တို့သည် ငါ၏ရွေးကောက်ထားသောသူများ၏ စုဝေးခြင်းကို ဖြစ်ပေါ်စေဖို့ ခေါ်သွင်းခံကြရ၏။ အကြောင်းမူကား၊ ငါ၏ရွေးကောက်ထားသောသူများသည် ငါ၏အသံကို ကြားနာလျက်၊ သူတို့စိတ်နှလုံးကို မာကျောစေခြင်းမရှိကြ။
၈ သို့ဖြစ်၍၊ ခမည်းတော်ထံမှ စီရင်ချက်ထွက်သွားလေသည်မှာ၊ ဤပြည်၏မျက်နှာပြင်ပေါ်၌ တစ်ခုသောအရပ်သို့ သူတို့စုဝေးကြစေကြောင်းဖြစ်ပြီး၊ ဆိုးညစ်သူများအပေါ် အတိဒုက္ခနှင့် လူဆိတ်ညံခြင်းတို့ကို စေလွှတ်မည့်ကာလအတွက် အရာရာ၌ သူတို့၏စိတ်နှလုံးကို ပြင်ဆင်ခြင်းငှာနှင့် ပြင်ဆင်ပြီးသား ရှိကြစေခြင်းငှာပေတည်း။
၉ အကြောင်းမူကား၊ မြေကြီးရင့်မှည့်သည့် အချိန်နာရီသည် နီး၍၊ ကာလသည် မကြာမြင့်မီ ရောက်လုနီးပြီ။ မာနကြီးသောသူအပေါင်းနှင့် ဆိုးညစ်စွာပြုသောသူတို့ရိုးပြတ်ကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့ကို လောင်မြိုက်စေမည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူသဖြင့် ဆိုးညစ်ခြင်းသည် မြေကြီးပေါ်မှာရှိလိမ့်မည်မဟုတ်။
၁၀ အကြောင်းမူကား၊ အချိန်နာရီသည် နီး၍၊ ငါ၏တမန်တော်များအားဖြင့် ဟောပြောလေသည့်အရာကို ပြီးပြည့်စုံစေရမည်။ သူတို့ဟောပြောသည့်အတိုင်း ဖြစ်လာလိမ့်မည်။
၁၁ ငါသည် ကောင်းကင်ဘုံမှနေ၍၊ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်ဖြင့်၊ ကောင်းကင်ဗိုလ်ခြေတို့နှင့်အတူ ကိုယ်တိုင်ဖော်ပြတော်မူမည်။ မြေကြီးပေါ်တွင်လည်း လူသားတို့နှင့်အတူ ဖြောင့်မတ်ခြင်းဖြင့် နှစ်ပေါင်းတစ်ထောင် နေတော်မူမည်။ ဆိုးညစ်သောသူတို့ မတည်ရ။
၁၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ခိုင်မာသောစီရင်ချက်ဖြင့်၊ ခမည်းတော်၏အလိုတော်ကြောင့်၊ ထွက်သွားလေသည်မှာ ယေရုရှလင်တွင် ငါ၏အမှုတော်ဆောင်ခြင်း၌ ငါနှင့်အတူရှိလေသည့် ငါ၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့သည် မီးတန်းဖြင့်ငါကြွလာတော်မူရာနေ့ရက်၌ ငါ၏လက်ယာဘက်မှာ ရပ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းဝတ်ရုံဖြင့်ဝတ်ဆင်ကြလျက်၊ ဦးခေါင်းပေါ်မှာ သရဖူကိုဆောင်းလျက်၊ ငါကဲ့သို့ပင် ဘုန်းတော်ရှိကြ၏။ ငါ့ကိုချစ်၍၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြသည့် ဣသရေလအမျိုးသားအပေါင်းကို တရားစီရင်ကြခြင်းငှာဖြစ်၏၊ အခြားသူများကို စီရင်ခြင်းငှာမဟုတ်။
၁၃ အကြောင်းမူကား၊ တံပိုးသည် သိနာတောင်ပေါ်မှာကဲ့သို့ပင် ကြာကြာနှင့် ကျယ်ကျယ်မြည်လိမ့်မည်။ မြေကြီးတစ်ခုလုံးသည်လည်းလှုပ်၍၊ သူတို့သည်—အမှန်စင်စစ်၊ ငါ၌ သေကြသည့် သေသူတို့သည်ပင် ထွက်လာကြမည်ကား၊ ဖြောင့်မတ်ခြင်းသရဖူကို လက်ခံရရှိဖို့၊ ငါကဲ့သို့ပင် ဝတ်ဆင်ဖို့၊ ငါနှင့်အတူရှိဖို့၊ ငါတို့တစ်လုံးတစ်ဝတည်းဖြစ်နိုင်စေကြောင်းပေတည်း။
၁၄ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤကြီးစွာသောနေ့ ကျရောက်မလာမီ၊ နေသည် မှောင်မိုက်လာလိမ့်မည်။ လသည်လည်း သွေးအဖြစ်သို့ ပြောင်းလိမ့်မည်။ ကြယ်တို့သည် ကောင်းကင်မှ ကျလိမ့်မည်။ အထက်ကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီး၌လည်းကောင်း ပို၍ကြီးစွာသောနိမိတ်လက္ခဏာများ ရှိလိမ့်မည်။
၁၅ လူအလုံးအရင်း၌ ငိုကြွေးခြင်းနှင့် မြည်တမ်းခြင်းတို့ရှိလိမ့်မည်။
၁၆ မြေကြီးပေါ်ရှိကောက်ပဲသီးနှံများကို ဖျက်ဆီးစေခြင်းငှာ စေလွှတ်သည့် ကြီးစွာသောမိုးသီးမုန်တိုင်း ရှိလိမ့်မည်။
၁၇ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ လောက၏ဆိုးညစ်ခြင်းကြောင့်၊ ငါသည် ဆိုးညစ်သောသူများကို လက်တုံ့ပြန်မည်။ အကြောင်းမူကား၊ သူတို့သည် နောင်တရလိမ့်မည်မဟုတ်။ ငါ၏ဒေါသဖလားသည် ပြည့်၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ငါ့ကို ကြားနာခြင်းမရှိကြလျှင်၊ ငါ၏အသွေးသည် သူတို့ကို သန့်စင်စေလိမ့်မည်မဟုတ်။
၁၈ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်ဘုရားသခင်သည် ယင်ကောင်များကို မြေကြီးမျက်နှာပြင်ပေါ် စေလွှတ်တော်မူမည်။ ထိုယင်ကောင်တို့သည် ထိုမြေကြီးပေါ်မှာ နေထိုင်သောသူများကို ဆွဲ၍ အသားကို စားလိမ့်မည်။ သူတို့အပေါ်၌ လောက်ကောင်များကိုလည်း ရောက်လာစေမည်။
၁၉ သူတို့၏လျှာသည် လေး၍၊ ငါ့ကို ဆန့်ကျင်ပြီးမပြောရကြ။ သူတို့၏အသားသည် သူတို့၏အရိုးမှ ကွာကျလိမ့်မည်။ သူတို့မျက်စိသည်လည်း သူတို့၏အရိုးခွက်မှ ထွက်ကျလိမ့်မည်။
၂၀ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်တို့သည် သူတို့ကိုအကုန် ကိုက်စားကြလိမ့်မည်။
၂၁ ဖြစ်မလာသေးသော်လည်း ငါအသက်ရှင်တော်မူသည့်အတိုင်း၊ ဧကန်အမှန်ဖြစ်လာရမည့် ဤအရာတို့ကို ဟောပြောခဲ့သူ ပရောဖက်ယေဇကျေလ၏နှုတ်အားဖြင့် ဟောပြောခဲ့သည့်အတိုင်း မြေကြီးတစ်ခုလုံး၏ပြည့်တန်ဆာဖြစ်သော စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးသည် လောင်တတ်သောမီးအားဖြင့် ဖျက်ဆီးခံရလိမ့်မည်။ အကြောင်းမူကား၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ အုပ်စိုးရလိမ့်မည်မဟုတ်။
၂၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသောအခါ၊ လူသားတို့သည် မိမိတို့ဘုရားသခင်ကို ငြင်းဆိုဖို့ တစ်ဖန်အစပြုကြ၍၊ ထိုအချိန်တွင် ငါသည် မြေကြီးကို ကာလအနည်းငယ်မျှသာ ချမ်းသာပေးတော်မူမည်။
၂၃ ပြီးဆုံးခြင်းသည် ရောက်လာလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးသည်လည်း ဝါးမျိုခံရ၍ ကွယ်ပျောက်သွားလိမ့်မည်။ ကောင်းကင်အသစ်နှင့် မြေကြီးအသစ်လည်းရှိလိမ့်မည်။
၂၄ အကြောင်းမူကား၊ ဟောင်းသောအရာခပ်သိမ်းတို့ ကွယ်ပျောက်သွားလိမ့်မည်။ ခပ်သိမ်းသောအရာတို့သည်၊ အကယ်စင်စစ်၊ ကောင်းကင်နှင့်မြေကြီး၊ ၎င်းတို့၌ရှိသည့် ခပ်သိမ်းသောအရာအပြည့်အစုံ၊ လူသားနှင့် သားရဲများ၊ မိုးကောင်းကင်ငှက်များ၊ ပင်လယ်ငါးများတို့သည် အသစ်ဖြစ်လာကြလိမ့်မည်။
၂၅ ဆံချည်တစ်ပင်မျှ၊ မြူမှုန့်တစ်မှုန့်မျှ မပျောက်ဆုံးရ။ အကြောင်းမူကား၊ ငါ၏လက်နှင့် ဖန်ဆင်းထားတော်မူသောအရာဖြစ်၏။
၂၆ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ မြေကြီးမကွယ်ပျောက်မီ၊ ငါ၏ကောင်းကင်တမန်မင်းမိက္ခေလသည် သူ၏တံပိုးကို မှုတ်လိမ့်မည်။ ထို့နောက်တွင်၊ သေသူအပေါင်းတို့သည် နိုးကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့၏သင်္ချိုင်းတွင်းများ ပွင့်လိမ့်မည်။ သူတို့သည်လည်း—အကယ်စင်စစ်၊ ခပ်သိမ်းသောသူတို့သည်လည်း ထွက်လာလိမ့်မည်။
၂၇ ဖြောင့်မတ်သောသူတို့သည် ထာဝရအသက်သို့တိုင်အောင် ငါ၏လက်ယာဘက်၌ စုဝေးကြလိမ့်မည်။ ဆိုးညစ်သောသူများကို ငါ၏လက်ဝဲဘက်၌ ပိုင်ဆိုင်ရသဖြင့် ငါသည် ခမည်းတော်ရှေ့၌ အရှက်ရလိမ့်မည်။
၂၈ သို့ဖြစ်၍၊ သူတို့ကို ငါဆိုမည်မှာ—ငါ့ထံမှ ထွက်ခွာသွားလော့၊ အကျိန်ခံရသောသင်တို့၊ နတ်ဆိုးနှင့် သူ၏တမန်တို့အတွက် ပြင်ဆင်ထားသည့် ထာဝရတည်မြဲသောမီးထဲသို့ သွားကြလော့။
၂၉ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ သူတို့ပြန်လာလိမ့်မည်ဟု အဘယ်အချိန်ကမျှ၊ ငါ၏နှုတ်မှ ငါမဟောကြားစဖူး။ အကြောင်းမူကား၊ သူတို့သည် တန်ခိုးမရှိသောကြောင့်၊ ငါရှိရာအရပ်သို့ မလာနိုင်ကြ။
၃၀ သို့ရာတွင်၊ ငါ၏ခပ်သိမ်းသောတရားစီရင်တော်မူခြင်းများကို လူသားများသို့ ဖော်ပြမထားကြောင်းကို အောက်မေ့ကြလော့။ ငါ့ဝိညာဉ်တော်၏တန်ခိုးတည်းဟူသော တန်ခိုးနှင့်ပြည့်စုံသည့်နှုတ်ကပတ်တော်အားဖြင့် ငါဖန်ဆင်းလေသည့် ခပ်သိမ်းသောအရာမှန်သမျှတို့၌ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်၊ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်ဟူသည့် နှုတ်ကပတ်တော်များကို ငါ၏နှုတ်မှထွက်သွားသည့်အတိုင်းပင် ပြီးပြည့်စုံစေလိမ့်မည်။
၃၁ အကြောင်းမူကား၊ ငါ့ဝိညာဉ်တော်၏တန်ခိုးအားဖြင့်၊ ငါသည် ထိုအရာတို့ကို၊ အထူးသဖြင့် ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးနှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၏—
၃၂ ငါ့အမှုတော်၏ အစဖြစ်သည့် ပထမ ဝိညာဉ်ပကတိ၊ ဒုတိယအားဖြင့် ဇာတိပကတိကို ဖန်ဆင်းတော်မူ၏။ ထိုမှတစ်ဖန်၊ ငါ့အမှုတော်၏ အဆုံးဖြစ်သည့် ပထမ ဇာတိပကတိ၊ ဒုတိယအားဖြင့် ဝိညာဉ်ပကတိကို ဖန်ဆင်းတော်မူ၏—
၃၃ သင်တို့ကို ငါဆိုနေသည်ကား၊ သင်တို့ ပကတိအတိုင်း နားလည်ကြစေခြင်းငှာပေတည်း။ သို့ရာတွင်၊ ငါကိုယ်တိုင်အဖို့မူကား၊ ငါ၏အမှုတော်တို့သည် အဆုံးမရှိ၊ အစလည်းမရှိ။ သို့ရာတွင်၊ သင်တို့သည် ညီညွတ်လျက် ငါ့ထံ တောင်းလျှောက်ကြသောကြောင့် နားလည်နိုင်ကြစေခြင်းငှာ သင်တို့ကို ဖော်ပြထားတော်မူ၏။
၃၄ သို့ဖြစ်၍၊ သင်တို့ကို ငါဆိုသည်မှာ၊ ငါ့အဖို့မူကား ခပ်သိမ်းသောအရာတို့သည် ဝိညာဉ်ပကတိဖြစ်၏။ အဘယ်သောအခါကမျှ၊ ငါသည် သင်တို့အား ဇာတိပကတိဖြစ်လေသည့် တရားကို ပေးတော်မမူ။ အဘယ်သူ့ကိုမျှမပေး၊ လူသားတို့ကိုလည်းမပေး။ ငါဖန်ဆင်းတော်မူခဲ့သည့်သူတည်းဟူသော သင်တို့အဘ အာဒံကိုလည်းမပေး။
၃၅ ရှုလော့၊ သူ့သဘောနှင့်သူ ပြုစေဖို့ သူ့ကို ငါအခွင့်ပေး၏။ ငါသည် သူ့အား ပညတ်တော်ကို ပေး၏၊ သို့ရာတွင်၊ ဇာတိပကတိပညတ်တော်ကို သူ့အား ငါမပေး။ အကြောင်းမူကား၊ ငါ၏ပညတ်တော်များသည် ဝိညာဉ်ပကတိဖြစ်၏။ ထိုအရာတို့သည် ပကတိသဘောမဟုတ်၊ ဇာတိပကတိလည်းမဟုတ်။ လောကီဆိုင်ရာမဟုတ်၊ ရာဂစိတ်ဖြင့်စွဲလန်းခြင်းလည်းမဟုတ်။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာဒံသည် နတ်ဆိုးအားဖြင့် သွေးဆောင်ဖြားယောင်းခံရလျက်—အကြောင်းမူကား၊ ရှုလော့၊ နတ်ဆိုးသည် အာဒံမတိုင်မီဖြစ်လေ၏၊ သူသည် ငါ့ကိုဆန့်ကျင်၍ ပုန်ကန်ပြီး၊ ကိုယ်တော်၏ဂုဏ်အသရေကို အကျွန်ုပ်အားပေးပါလော့ဟု ဆို၏။ ထိုအရာမှာ ငါ့တန်ခိုးဖြစ်၏။ ကောင်းကင်ဗိုလ်ခြေသုံးစုတစ်စုကိုလည်း သူတို့၏ရွေးချယ်ပြုမူနိုင်ခွင့်ကြောင့် ငါ့ထံမှ လမ်းလွှဲခေါ်ဆောင်သွားလေပြီ။
၃၇ သူတို့သည် ပစ်ချခံရလေ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် နတ်ဆိုးနှင့် သူ၏တမန်များ ဖြစ်လာခဲ့ကြ၏။
၃၈ ထို့အတူ၊ ရှုလော့၊ သူတို့အတွက် ရှေးဦးစွာကတည်းကပြင်ဆင်ထားသောနေရာတစ်ခုရှိ၏။ ထိုနေရာသည် ငရဲဖြစ်၏။
၃၉ နတ်ဆိုးက လူသားတို့ကို သွေးဆောင်ဖြားယောင်းရမည်မှာ လိုအပ်၏။ သို့မဟုတ်လျှင်၊ သူတို့သည် သူတို့သဘောနှင့်သူတို့ ပြုနိုင်သောသူများမဖြစ်နိုင်ကြ။ အကြောင်းမူကား၊ သူတို့သည် အခါးကို မတွေ့ကြုံရလျှင်၊ အချိုကိုမသိနိုင်—
၄၀ သို့ဖြစ်၍၊ အချိန်တန်လာသောအခါ၊ နတ်ဆိုးသည် အာဒံကို သွေးဆောင်ဖြားယောင်း၏။ သူသည်လည်း တားမြစ်ထားသောအသီးကို သုံးဆောင်လျက်၊ ပညတ်တော်ကို လွန်ကျူး၏။ ထိုကဲ့သို့အားဖြင့်၊ သူသည် သွေးဆောင်ဖြားယောင်းခြင်းကို အရှုံးပေးသောကြောင့်၊ နတ်ဆိုးအလို၏ဩဇာခံဖြစ်လာခဲ့၏။
၄၁ သို့ဖြစ်၍၊ သူ၏လွန်ကျူးခြင်းကြောင့်၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ့ကို ဧဒင်ဥယျာဉ်မှ၊ ငါ၏မျက်မှောက်မှ နှင်ထုတ်စေ၏။ ထိုလွန်ကျူးခြင်းအားဖြင့်၊ သူသည် ဝိညာဉ်ပကတိ၌ အသေဖြစ်လာခဲ့၏။ ထိုအရာမှာ ပထမသေခြင်းဖြစ်ပြီး၊ အကယ်စင်စစ်၊ နောက်ဆုံးသေခြင်းဖြစ်သည့်၊ ဝိညာဉ်ပကတိဖြစ်သည့်၊ အကျိန်ခံရသောသင်တို့၊ ထွက်ခွာသွားလော့ဟု ငါဆိုသည့်အခါ ဆိုးညစ်သောသူများအပေါ်သက်ရောက်စေမည့် ထိုတူသောသေခြင်းဖြစ်၏။
၄၂ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏အမျိုးအနွယ်တို့အား အခွင့်ပေးသည်မှာ၊ ငါ၏တစ်ပါးတည်းသောသားတော်၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့် သူတို့အား နောင်တရခြင်းနှင့် ရွေးနုတ်ခြင်းကို ဟောကြားစေခြင်းငှာ ကောင်းကင်တမန်များကို ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်မစေလွှတ်မီ ဇာတိပကတိသေခြင်းအတိုင်း သူတို့မသေရစေခြင်းငှာပေတည်း။
၄၃ ထိုကဲ့သို့အားဖြင့်၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားအတွက် သူ၏အစမ်းသပ်ခံကာလကိုစီရင်တော်မူ၍—အကယ်စင်စစ်၊ ယုံကြည်မည့်သူမှန်သမျှ မိမိပကတိသေခြင်းအားဖြင့် ထာဝရအသက်သို့ သေခြင်းမရှိရာ၌ ထမြောက်နိုင်ပေ၏။
၄၄ ယုံကြည်ခြင်းမရှိသောသူတို့သည် ထာဝရအပြစ်ဒဏ်ရောက်ခြင်းသို့ ထမြောက်နိုင်ပေ၏။ အကြောင်းမူကား၊ သူတို့သည် နောင်တရခြင်းမရှိသောကြောင့်၊ သူတို့၏ဝိညာဉ်ပကတိကျရှုံးခြင်းမှ ရွေးနုတ်ခြင်းကို မခံရနိုင်ကြ။
၄၅ အကြောင်းမူကား၊ သူတို့သည် အလင်းထက် မှောင်မိုက်ကို ချစ်ကြ၏။ သူတို့၏အကျင့်များသည် မကောင်းကြ။ သူတို့နာခံလိုသည့်သူထံမှ သူတို့၏အဖိုးအခကို လက်ခံရရှိကြ၏။
၄၆ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ကလေးသူငယ်တို့သည် ငါ၏တစ်ပါးတည်းသောသားတော်အားဖြင့် ကမ္ဘာတည်ကတည်းက ရွေးနုတ်ခံကြရ၏။
၄၇ သို့ဖြစ်၍၊ သူတို့သည် အပြစ်မပြုနိုင်ကြ။ အကြောင်းမူကား၊ ကလေးသူငယ်များ ငါ့ရှေ့၌ တာဝန်ရှိစပြုမလာမီ သူတို့ကို သွေးဆောင်ဖြားယောင်းစေဖို့ စာတန်အား တန်ခိုးကိုပေးမထား။
၄၈ အကြောင်းမူကား၊ ကြီးစွာသောအရာများကို သူတို့အဘများ၏ လက်၌ တောင်းဆိုနိုင်ခြင်းငှာ၊ ငါအလိုရှိသည့်အတိုင်းပင်၊ ငါ့ဆန္ဒအတိုင်း၊ သူတို့ကို ပေးထား၏။
၄၉ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ အသိပညာရှိသူမှန်သမျှ နောင်တရဖို့ ငါမိန့်တော်မူခြင်းမရှိလေသလော။
၅၀ နားလည်ခြင်းမရှိသောသူသည် ရေးထားသည့်အတိုင်းပြုဖို့ ငါ့၌ဆက်၍တည်၏။ ယခုမူကား၊ ငါသည် ဤအချိန်၌ သင်တို့ကို မဟောကြားတော့။ အာမင်။