ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၆


အပိုဒ်ငယ် ၉၆

၁၈၃၃ ခု၊ ဇွန်လ ၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ မြို့ သို့မဟုတ် ဇိအုန်ပန္နက်၏ အသင်းကို ဖော်ပြလျက်၊ ကာ့တ်လန်းရှိ သန့်ရှင်းသူတို့​အဖို့ ပုံသက်သေ​အဖြစ် ပေးတော်မူ ခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ ယဇ်ပုရောဟိတ်မင်း​တို့၏ ညီလာခံ ဖြစ်ပြီး၊ စဉ်းစား​ဆင်ခြင်ရာ အဓိက အကြောင်း​အရာမှာ ကာ့တ်လန်း​အနီး၊ အသင်းတော်​ပိုင်သည့် ဖရန့်ခ်ျခြံဟု ထင်ရှားသည့် မြေ​အချို့ကို ပေးဝေခြင်း​ဖြစ်၏။ ခြံကို မည်သူ​တာဝန်​ယူသင့်ကြောင်း ညီလာခံ၌ သဘော​မတူနိုင်​ခဲ့သဖြင့် ထိုအမှုနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်ထံ မေးလျှောက်ရန် အားလုံး သဘောတူခဲ့​ကြ၏။

၊ ကာ့တ်လန်း​ဇိအုန်​ပန္နက်ကို အားကြီးစေ​ရမည်။ ၂–၅၊ သင်းအုပ်သည် သန့်ရှင်းသူတို့​အတွက် အမွေခံရာများကို ပိုင်းခြား​ပေးရမည်။ ၆–၉၊ ဂျွန်ဂျွန်ဆင်သည် စည်းလုံးညီညာ​အသင်း၏ အသင်းသား​တစ်ဦး ဖြစ်ရမည်။

ရှုလော့၊ သင်တို့ကို ငါ အမှန်​ဆိုသည်ကား၊ ဤ​အရာသည် ဉာဏ်ပညာ​ဖြစ်၏၊ ထို​ဉာဏ်ပညာဖြင့် သင်တို့သည် ဤ​အမှုနှင့် စပ်လျဉ်း၍ အဘယ်သို့ ပြုရမည်ကို သိနိုင်ကြ​ပေ၏။ အကြောင်း​မူကား၊ ဇိအုန်၏ ခွန်အား အတွက် ငါ​တည်ထောင်သည့် ဤ​ပန္နက်ကို အားကြီး​စေရမည်မှာ ငါ့အဖို့ သင့်လျော်၏။

ထို့ကြောင့်၊ ငါ့ကျွန်​နီဝယ်လ်​ကေ​ဝှစ်တနီကို သင်တို့၌ ဖော်ပြ​ထားသည့် နေရာကို တာဝန်ယူ​စေလော့၊ ထို​နေရာ​ပေါ်တွင် ငါ၏ သန့်ရှင်းသော အိမ်တော်ကို တည်ဆောက်ရန် ငါ​စီစဉ်၏။

ထိုမှ​တစ်ဖန်၊ အမွေခံရာကို ရှာသူများ၏ အကျိုး​အတွက်၊ ဉာဏ်ပညာနှင့် အညီ သင်တို့၌ တိုင်ပင်၍ ဆုံးဖြတ်မည့်​အတိုင်း ထို​နေရာကို အကွက်များ​အဖြစ် ပိုင်းခြား​စေလော့။

ထို့ကြောင့်၊ သင်တို့သည် ဤ​အမှုကို၊ ထို့အတူ ငါ၏ နှုတ်ကပတ်တော်ကို လူသားတို့ထံ ဖော်ပြခြင်း အကြံ​အစည်​အတွက် ငါ၏​အသင်းကို အကျိုးရှိ​စေရန် လိုအပ်သည့် ထို​အပိုင်းကို ဂရု​ပြုကြ​ရမည့်​အကြောင်း သတိပြု​ကြလော့။

အကြောင်း​မူကား၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့​ကောင်းကျိုး​အတွက် လူသားတို့၏ စိတ်နှလုံးကို ပျော့ပျောင်း​စေခြင်း အကြံ​အစည်​အတွက် ငါ၏​နှုတ်ကပတ်တော်သည် လူသားတို့ထံ ထွက်သွား​ရမည့်​အကြောင်း ဤအရာသည် ငါ့၌ အသင့်လျော်ဆုံး​ဖြစ်၏။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား။ ငါ့ကျွန်​ဂျွန်ဂျွန်ဆင်သည် ယခုမှ​စ၍​ငါ၏ ပညတ်တော်များကို စောင့်ထိန်း​သမျှ၊ သူ၏ ပူဇော်​သက္ကာကို ငါ​လက်ခံ​လေပြီး၊ သူ၏ ဆုတောင်းခြင်းများကို ငါ​ကြားတော်မူ​လေပြီ၊ သူ့အား ထာဝရ​အသက်၏ ကတိကို ငါ​ပေးတော်မူ သည်မှာ ငါ့အထဲ၌ ရှိသည့် ဉာဏ်ပညာ​ဖြစ်ပြီး သင့်လျော်၏—

အကြောင်း​မူကား၊ သူသည် ယောသပ်၏​အမျိုး​အနွယ်​ဖြစ်ပြီး၊ သူ့ဘိုးဘေးတို့ထံ​ပြုခဲ့သည့် ကတိတော်​ကောင်းချီး​မင်္ဂလာများကို ခံယူသူ​ဖြစ်၏။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူသည် ငါ၏​နှုတ်ကပတ်တော်ကို လူသားတို့ထံ ဖော်ပြ​ရာ၌ ကူညီနိုင်​စေခြင်းငှာ၊ ထို​အသင်း၏ အသင်းသား​တစ်ဦး​ဖြစ်လာရ​မည်မှာ ငါ့အဖို့​သင့်လျော်၏။

ထို့ကြောင့်၊ သင်တို့သည် သူ့ကို ဤ​ကောင်းချီး​မင်္ဂလာသို့ ခန့်ထား​ရမည်၊ သူသည်လည်း သင်တို့၌ ဖော်ပြထားသည့် အိမ်၌ နေထိုင်​နိုင်ခြင်းငှာ၊ ထို​အိမ်​အတွက် ပေးစရာ​ရှိသည့် အရာတို့ကို ပယ်ရှားရန် လုံ့လ​ဝီရိယ​ထက်သန်စွာ ကြိုးစား​ရမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။