ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂၃


အပိုဒ်ငယ် ၂၃

၁၈၃၀ ခု၊ ဧပြီလ၊ မန်ချက်စတာ၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ အော်လီဗာ​ကောင်ဒရီ၊ ဟီရမ်​စမစ်၊ ဆင်မြူရယ်လ်​အိပ်ခ်ျ​စမစ်၊ ဂျိုးဇက်​စမစ်​အကြီးနှင့် ဂျိုးဇက်​နိုက်​အကြီးသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်​ငါးတွဲ။ ဖော်ပြပါ​လူငါးဦး၏​အလွန်​စိတ်ထက်သန်သော အလို​ဆန္ဒ၏​ရလဒ်​အဖြစ်၊ သူတို့၏​သက်ဆိုင်ရာ​တာဝန်များကို​သိခြင်းငှာ၊ ပရောဖက်သည် ကိုယ်တော်ရှင်ထံ​မေးလျှောက်၍ လူတစ်ယောက်ချင်းစီ​အတွက် ဗျာဒိတ်တော်ကို လက်ခံ​ရရှိ၏။

၁–၇၊ ဤရှေ့ပိုင်း​တပည့်တော်တို့သည် အသင်းတော်ကို ဟောပြောဖို့၊ တိုက်တွန်းဖို့နှင့် ခွန်အားဖြည့်ပေးဖို့ ခေါ်သွင်းခံကြ​ရ၏။

ရှုလော့၊ အော်လီဗာ​ကောင်ဒရီ၊ ငါသည် သင့်ကို စကား​အနည်းငယ်​ဆို၏။ ရှုလော့၊ သင်သည် ကောင်းချီးမင်္ဂလာကို ခံရ၏။ ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌လည်း​မရှိ။ သို့ရာတွင်၊ သင်သည် သွေးဆောင်​ဖြားယောင်းခြင်းထဲသို့ မဝင်ရစေခြင်းငှာ မာနကို သတိပြုလော့။

သင်၏​အမှုတော်ဆောင်​တာဝန်ကို အသင်းတော်သို့၊ ထို့အတူ လောက​ရှေ့မှာလည်း ဖော်ပြလော့။ သမ္မာတရားကို ယခုမှစ၍၊ ကာလ​အစဉ်​အဆက်​ဟောပြောဖို့ သင်၏​စိတ်နှလုံးသည်လည်း ပွင့်လိမ့်မည်။ အာမင်။

ရှုလော့၊ ဟီရမ်၊ ငါသည် သင့်ကို စကား​အနည်းငယ်​ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌​မရှိ။ သင်၏​စိတ်နှလုံးသည်လည်း ပွင့်၍၊ သင်၏​လျှာသည်လည်း လွတ်၏။ သင်၏​အမှုတော်ဆောင်​တာဝန်မှာ၊ အသင်းတော်ကို အစဉ်​မပြတ်​တိုက်တွန်းဖို့၊ ထို့အတူ ခွန်အား​ဖြည့်ပေးဖို့ ဖြစ်၏။ သို့ဖြစ်၍၊ သင်၏​တာဝန်မှာ အသင်းတော်​အတွက် ကာလ​အစဉ်​အဆက်​ဖြစ်လျက်၊ ဤအရာမှာ သင်၏​မိသားစုကြောင့်​ဖြစ်၏။ အာမင်။

ရှုလော့၊ ဆင်မြူရယ်လ်၊ ငါသည် သင့်ကို စကား​အနည်းငယ်​ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌​မရှိ။ သင်၏​အမှုတော်ဆောင်​တာဝန်မှာ အသင်းတော်ကို တိုက်တွန်းဖို့နှင့် ခွန်အား​ဖြည့်ပေးဖို့​ဖြစ်၏။ သင်သည် လောက​ရှေ့မှာ ဟောပြောစေဖို့ ခေါ်သွင်း​မခံရသေး။ အာမင်။

ရှုလော့၊ ဂျိုးဇက်၊ ငါသည် သင့်ကို စကား​အနည်းငယ်​ဆို၏။ အကြောင်းမူကား၊ သင်သည်လည်း ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌​မရှိ။ သင်၏​အမှုတော်ဆောင်​တာဝန်မှာလည်း အသင်းတော်ကို တိုက်တွန်းဖို့နှင့် ခွန်အား​ဖြည့်ပေးဖို့​ဖြစ်၏။ ဤအရာမှာ ယခုမှ​စ၍၊ ကာလ​အစဉ်​အဆက် သင်၏​တာဝန်​ဖြစ်၏။ အာမင်။

ရှုလော့၊ ဂျိုးဇက်​နိုက်၊ ငါသည် ဤစကားများ​ဖြင့်၊ သင့်ကို ထင်ရှားစွာ​ပြသည်ကား၊ သင်သည် သင်၏​လက်ဝါးကပ်တိုင်ကို ထမ်းရမည်။ ထိုအမှုတွင်၊ သင်သည် မထင်ရှားသော​အရပ်မှာ ကဲ့သို့၊ လောက​ရှေ့၌၊ ထို့အတူ သင်၏​မိသားစု၌၊ ထို့အတူ သင်၏​အဆွေခင်ပွန်းတို့၌၊ ထို့အတူ ခပ်သိမ်းသော​အရပ်တို့၌ အသံထွက်၍ ဆုတောင်း​ရမည်။

ထို့အတူ၊ ရှုလော့၊ မှန်သော​အသင်းတော်နှင့် ပေါင်းစည်းဖို့မှာ သင်၏​တာဝန်​ဖြစ်၏။ တိုက်တွန်းခြင်းဖြင့် အစဉ်​မပြတ်​ဟောပြောလော့၊ အလုပ်​လုပ်သောသူ၏ အကျိုးကျေးဇူးကို သင်လက်ခံ​ရရှိနိုင်စေကြောင်း​ပေတည်း။ အာမင်။