အပိုဒ်ငယ် ၁၀၀
၁၈၃၃ ခု၊ အောက်တိုဘာ ၁၂၊ ပယ်ရီစဘာ့ဂ်၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ညီအစ်ကိုနှစ်ဦးသည် သူတို့မိသားစုများထံမှ ရက်ပေါင်းများစွာ ဝေးကွာနေသောကြောင့်၊ သူတို့အကြောင်းစိုးရိမ်ခြင်းအချို့ကို ခံစားကြရ၏။
၁–၄၊ ဂျိုးဇက်နှင့် ဆစ်ဒနီသည် စိတ်ဝိညာဉ်တို့၏ ကယ်တင်ခြင်းအတွက် ဧဝံဂေလိတရားတော်ကို ဟောပြောရမည်။ ၅–၈၊ သူတို့ပြောရမည့်အရာကို အချိန်ကျသောအခါ ပေးတော်မူလိမ့်မည်။ ၉–၁၂၊ ဆစ်ဒနီသည် စကားပြောသူဖြစ်ရမည်၊ ဂျိုးဇက်သည် ဗျာဒိတ်ဟောသူဖြစ်ပြီး သက်သေခံချက်၌ အားကြီးရမည်။ ၁၃–၁၇၊ ကိုယ်တော်ရှင်သည် စင်ကြယ်သောလူမျိုးကို ပေါ်ထွန်းစေတော်မူလိမ့်မည်၊ နာခံသောသူတို့သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၁ သင်တို့ကို ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ငါ၏အဆွေခင်ပွန်း ဆစ်ဒနီနှင့် ဂျိုးဇက်၊ သင်တို့မိသားစုများသည် ကောင်းစွာရှိကြ၏။ သူတို့သည် ငါ၏လက်တော်ထဲ၌ ရှိကြ၏၊ ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း သူတို့ကို ပြုတော်မူမည်။ အကြောင်းမူကား၊ ငါ့၌ ခပ်သိမ်းသောတန်ခိုးရှိ၏။
၂ ထို့ကြောင့်၊ ငါ့နောက်သို့ လိုက်လော့၊ သင်တို့ကို ငါပေးမည့် သွန်သင်တော်မူခြင်းတို့ကိုလည်း နားထောင်ကြလော့။
၃ ရှုလော့၊ ကြည့်ဦးလော့၊ ငါ့၌ ဤနေရာ၊ ပတ်ဝန်းကျင်ဒေသများတွင် များစွာသောလူတို့ ရှိကြ၏။ ဤအရှေ့ပိုင်းပြည်၌ ပတ်ဝန်းကျင်ဒေသများတွင် ထိရောက်သောတံခါးသည် ပွင့်လိမ့်မည်။
၄ ထို့ကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့အား ဤနေရာသို့ လာကြရန် အခွင့်ပေးတော်မူလေပြီ။ အကြောင်းမူကား၊ ထိုအရာမှာ စိတ်ဝိညာဉ်တို့၏ ကယ်တင်ခြင်းအတွက် ငါ့အဖို့ မရှိမဖြစ်လိုအပ်ပေ၏။
၅ ထို့ကြောင့်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးတို့ကို ကြွေးကြော်ကြလော့။ သင်တို့၏စိတ်နှလုံးထဲသို့ ငါထည့်သွင်းမည့်အတွေးများကို ဟောပြောကြလော့၊ သင်တို့သည် လူတို့ရှေ့၌အရှက်မရကြလတ္တံ့။
၆ အကြောင်းမူကား၊ သင်တို့ပြောရမည့်အရာကို၊ ထိုအချိန်၌၊ အမှန်စင်စစ်၊ ထိုခဏ၌ သင်တို့အား ပေးတော်မူမည်။
၇ သို့ရာတွင်၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌၊ ငါ၏နာမတော်အားဖြင့် ဟောကြားသည့် အရာမှန်သမျှကို၊ စိတ်နှလုံးတည်ကြည်လေးနက်ခြင်းဖြင့်၊ သိမ်မွေ့အောက်ကျို့ခြင်းဝိညာဉ်ဖြင့် ဟောကြားရမည့်အကြောင်း ပညတ်တော်ကို သင်တို့အား ငါပေး၏။
၈ သင်တို့သည် ဤသို့ပြုကြသမျှ၊ သင်တို့ပြောမည့် ခပ်သိမ်းသောအရာတို့ကို သက်သေခံရာ၌ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းလိမ့်မည်ဖြစ်ကြောင်း ဤကတိတော်ကို သင်တို့အား ငါပေး၏။
၉ သင်၊ ငါ့ကျွန်ဆစ်ဒနီသည် ဤလူမျိုးတို့အဖို့ စကားပြောသူတစ်ဦးဖြစ်ရမည်မှာ ငါ့အဖို့ သင့်လျော်၏။ ထိုမှတစ်ပါး၊ ငါသည် သင့်ကို ဤခေါ်သွင်းခြင်းသို့ ငါ့ကျွန်ဂျိုးဇက်အဖို့ စကားပြောသူအဖြစ်ဖြင့်ပင် ခန့်ထားတော်မူမည်။
၁၀ သက်သေခံချက်၌ အားကြီးစေခြင်းငှာလည်း သူ့အား တန်ခိုးကို ငါပေးတော်မူမည်။
၁၁ ခပ်သိမ်းသောကျမ်းစာများကို ရှင်းပြခြင်း၌ အားကြီးစေခြင်းငှာ၊ သင်သည် သူ့အဖို့ စကားပြောသူတစ်ဦး ဖြစ်နိုင်စေခြင်းငှာ၊ သင့်အား တန်ခိုးကို ငါပေးတော်မူမည်၊ ထို့အတူ သင်သည် မြေကြီးပေါ်၌ ငါ၏နိုင်ငံတော်နှင့် စပ်ဆိုင်သည့် အရာများဖြစ်သည့် ခပ်သိမ်းသောအရာတို့၏ ဧကန်ဖြစ်ခြင်းကို သိနိုင်စေခြင်းငှာ သူသည် သင့်အဖို့ ဗျာဒိတ်ဟောသူတစ်ဦး ဖြစ်လိမ့်မည်။
၁၂ ထို့ကြောင့်၊ သင်တို့၏ခရီးကို ဆက်၍သွားပြီး သင်တို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေကြလော့။ အကြောင်းမူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ ငါသည် အဆုံးတိုင်အောင်ပင် သင်တို့နှင့်အတူ ရှိတော်မူ၏။
၁၃ ယခုမူကား၊ ငါသည် သင်တို့အား ဇိအုန်နှင့်စပ်လျဉ်းသည့် နှုတ်ကပတ်တော်ကို ပေး၏။ ဇိအုန်သည် ကာလအနည်းငယ်မျှသာ ဆုံးမခံရသော်လည်း ရွေးနုတ်ခံရလိမ့်မည်။
၁၄ သင်တို့၏ညီအစ်ကိုများ၊ ငါ့ကျွန် အော်ဆန်ဟိုက်နှင့် ဂျွန်ဂေါ့တို့သည် ငါ၏လက်ထဲ၌ ရှိကြ၏။ သူတို့သည်လည်း ငါ၏ပညတ်တော်များကို စောင့်ထိန်းသမျှ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၁၅ ထို့ကြောင့်၊ သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်စေကြလော့။ အကြောင်းမူကား၊ ဖြောင့်မတ်စွာကျင့်သောသူတို့အဖို့၊ ထို့အတူ အသင်းတော်ကို သန့်ရှင်းစေခြင်းသို့တိုင်အောင် ခပ်သိမ်းသောအရာတို့သည် ကောင်းကျိုးအတွက် အတူတကွဖြစ်လိမ့်မည်။
၁၆ အကြောင်းမူကား၊ ဖြောင့်မတ်ခြင်းဖြင့် ငါ့ကို အစေခံမည့် စင်ကြယ်သောလူမျိုးကို ငါကိုယ်တိုင်အဖို့ ငါပေါ်ထွန်းစေတော်မူမည်။
၁၇ ကိုယ်တော်ရှင်၏နာမတော်ကို ပတ္ထနာပြု၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းသည့် သူအပေါင်းတို့သည်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။