အပိုဒ်ငယ် ၇၇
၁၈၃၂ ခု၊ မတ်လခန့်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဂျိုးဇက်စမစ်၏ သမိုင်းက ဖော်ပြသည်မှာ ”ကျမ်းစာဘာသာပြန်ခြင်းနှင့် ဆက်စပ်၍ ရှင်ယောဟန်၏ ဗျာဒိတ်တော်အကြောင်း အောက်ပါရှင်းပြချက်ကို ကျွန်ုပ်လက်ခံရရှိခဲ့၏။”
၁–၄၊ သားရဲတို့၌ ဝိညာဉ်များ ရှိကြပြီး ထာဝရကြည်နူးပျော်ရွှင်ခြင်း၌ နေထိုင်ကြလိမ့်မည်။ ၅–၇၊ ဤမြေကြီးသည် ဇာတိပကတိဖြစ်တည်ခြင်း နှစ်ပေါင်း ၇,၀၀၀ ရှိ၏။ ၈–၁၀၊ အမျိုးမျိုးသော ကောင်းကင်တမန်တို့သည် ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူပြီး မြေကြီးပေါ်မှာ အမှုတော်ဆောင်ကြ၏။ ၁၁၊ ၁၄၄,၀၀၀ သောသူတို့၏ တံဆိပ်ခတ်ခြင်း။ ၁၂–၁၄၊ ခရစ်တော်သည် နှစ်တစ်ထောင်သတ္တမကာလအစတွင် ကြွလာတော်မူလိမ့်မည်။ ၁၅၊ ပရောဖက်နှစ်ပါးကို ယုဒပြည်သားများအဖို့ ပေါ်ထွန်းစေလိမ့်မည်။
၁ မေး။ ယောဟန်ဆိုသည့် ဗျာဒိတ်ကျမ်း အခန်းကြီး ၄၊ အခန်းငယ် ၆ ရှိ ဖန်ပင်လယ်ကား အဘယ်သို့နည်း။ဖြေ။ ထိုအရာမှာ သန့်ရှင်းစင်ကြယ်စေထားသည့်၊ သေခြင်းမရှိရာ၊ ထာဝရနေရာ မြေကြီးဖြစ်၏။
၂ မေး။ ထိုအခန်းငယ်ရှိ ဆိုလေသည့် သားရဲလေးကောင်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ၎င်းတို့မှာ ကောင်းကင်ဘုံ၊ ဘုရားသခင်၏ အတိသုခဘုံကို ဖွဲ့ဆိုသရုပ်ဖော်ရာ၌ ဗျာဒိတ်ဟောသူ၊ ယောဟန်အသုံးပြုသည့် လူသား၏၊ ထို့အတူ သားရဲတို့၏၊ ထို့အတူ တွားသွားသောအရာတို့၏၊ ထို့အတူ မိုးကောင်းကင်ငှက်တို့၏ ပျော်ရွှင်ခြင်းကို၊ ပုံဆောင်ရှင်းပြချက်ဖြစ်၏။ ထိုအရာမှာ ဝိညာဉ်ပကတိအရာတို့၏ ဇာတိပကတိ ပုံသဏ္ဌာန်ဖြစ်၏။ ဇာတိပကတိအရာတို့၏ ဝိညာဉ်ပကတိ ပုံသဏ္ဌာန်လည်းဖြစ်၏။ လူသားဝိညာဉ်၏ ပုဂ္ဂိုလ်ပုံသဏ္ဌာန်၊ သားရဲဝိညာဉ်၏၊ ထို့အတူ ဘုရားသခင် ဖန်ဆင်းတော်မူလေသည့် အခြားသောသတ္တဝါတိုင်း၏ ကိုယ်ပုံသဏ္ဌာန်လည်း ဖြစ်၏။
၃ မေး။ သားရဲလေးကောင်တို့မှာ သားရဲတစ်မျိုးချင်းကိုသာ ကန့်သတ်၍၊ သို့မဟုတ် ၎င်းတို့သည် အတန်းအစားများ သို့မဟုတ် အဆင့်အတန်းများကို ပုံဆောင်သလော။ဖြေ။ ၎င်းတို့မှာ ယောဟန်ကို ပြတော်မူလေသည့် စီရင်ထားသည့် ဖန်ဆင်းရာနေရာ သို့မဟုတ် ဂြိုဟ်၌၊ သူတို့၏ ထာဝရကြည်နူးပျော်ရွှင်ခြင်းနှင့် ပျော်မွေ့ရာ၌ သတ္တဝါတို့၏ ဂုဏ်အသရေ အဆင့်အတန်းများကို ပုံဆောင်ရန်၊ သားရဲလေးမျိုးကိုသာ ကန့်သတ်ထား၏။
၄ မေး။ သားရဲတို့၌ ရှိသည့် မျက်စိနှင့်အတောင်တို့ကို ကျွန်ုပ်တို့အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ၎င်းတို့၏မျက်စိများသည် အလင်းနှင့် အသိပညာကို ပုံဆောင်၏၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် အသိပညာနှင့် ပြည့်ကြ၏။ ၎င်းတို့၏ အတောင်များမှာ၊ လှုပ်ရှားဖို့၊ ပြုမူဖို့၊ အစရှိသောအရာတို့အတွက် တန်ခိုးကို ပုံဆောင်၏။
၅ မေး။ ယောဟန်ဆိုသည့် အသင်းလူကြီးနှစ်ဆယ့်လေးဦးကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ယောဟန်မြင်သည့် အသင်းလူကြီးတို့မှာ၊ အမှုတော်ဆောင်ခြင်း အလုပ်၌ သစ္စာရှိခဲ့ကြလေပြီး၊ သေသောသူများ၊ အသင်းတော်ခုနစ်ပါး၏အသင်းဝင်များဖြစ်ပြီး၊ ထိုအချိန်၌ ဘုရားသခင်၏ အတိသုခဘုံ၌ ရှိကြလေသူများဟု ကျွန်ုပ်တို့နားလည်ကြရမည်။
၆ မေး။ ယောဟန်မြင်သည့် စာအုပ်တည်းဟူသော၊ ကျောဘက်၌ တံဆိပ်ခုနစ်ချက်ခတ်သည့် စာအုပ်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ဘုရားသခင်၏ ဖော်ပြတော်မူသည့် အလိုတော်၊ နက်နဲခြင်းနှင့် အမှုတော်များပါဝင်သည်ဟု ကျွန်ုပ်တို့နားလည်ကြရမည်။ မြေကြီး၏ နှစ်ပေါင်းခုနစ်ထောင် ဆက်၍ တည်ရှိရာ၊ သို့မဟုတ် ၎င်း၏ ဇာတိပကတိဖြစ်တည်ခြင်း ကာလအတွင်း၊ ၎င်းနှင့်စပ်လျဉ်းသည့် သူ၏စီမံအုပ်ချုပ်ခြင်းအကြောင်း ဝှက်ထားသောအရာများ ဖြစ်၏။
၇ မေး။ ထိုစာအုပ်၌ တံဆိပ်ခတ်ထားသည့် တံဆိပ်ခုနစ်ခုကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ပထမတံဆိပ်၌ ပထမအနှစ်တစ်ထောင်၏အမှုများ၊ ဒုတိယတံဆိပ်၌ ဒုတိယအနှစ်တစ်ထောင် ပါဝင်ပြီး၊ စသည်ဖြင့် သတ္တမတံဆိပ်အထိ ဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည်ကြရမည်။
၈ မေး။ ဗျာဒိတ်ကျမ်းအခန်းကြီး ၇၊ အခန်းငယ် ၁ ၌ ဆိုလေသည့် ကောင်းကင်တမန်လေးပါးကို ကျွန်ုပ်တို့အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ သူတို့သည် ဘုရားသခင်ထံမှ စေလွှတ်သော ကောင်းကင်တမန်လေးပါး ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ကြရမည်။ အသက်ရှင်သောအရာတို့ကို ကယ်တင်ရန်နှင့် ဖျက်ဆီးရန် မြေကြီးလေးမျက်နှာ၌ ထိုသူတို့အား တန်ခိုးကို ပေးထား၏။ သူတို့သည်ကား၊ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူနှင့် လူမျိုးမှန်သမျှတို့ထံ အပ်နှံရန် ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ရှိသည့်သူများ ဖြစ်၏။ မိုးကောင်းကင်ကို ပိတ်ရန်၊ အသက်ရှင်ရာသို့ တံဆိပ်ခတ်ရန်၊ သို့မဟုတ် မှောင်မိုက်ခြင်းအရပ်များထဲသို့ ပစ်ချရန် အခွင့်ရှိသူများဖြစ်ကြ၏။
၉ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၇၊ အခန်းငယ် ၂ ရှိ၊ အရှေ့အရပ်မှ တက်သွားသော ကောင်းကင်တမန်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ အရှေ့အရပ်မှ တက်သွားသောကောင်းကင်တမန်မှာ ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်စုသို့ အသက်ရှင်တော်မူသောဘုရားသခင်၏ တံဆိပ်ကို ပေးထားခံရသူဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ကြရမည်။ သို့ဖြစ်၍၊ သူသည် ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ရှိသည့် ကောင်းကင်တမန်လေးပါးကို ဟစ်ကြွေး၍ ဆိုလေသည်ကား၊ ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေကြီး၊ ပင်လယ်၊ သစ်ပင်တို့ကို ညှဉ်းဆဲခြင်းမပြုရ။ သင်တို့သည် လက်ခံနိုင်လျှင်၊ ဤအရာသည်ကား ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်စုကို အတူတကွစုဝေးခြင်းငှာနှင့် ခပ်သိမ်းသောအရာတို့ကို ပြန်လည်ဆောင်ယူခြင်းငှာ လာမည့် ဧလိုင်ယဖြစ်၏။
၁၀ မေး။ ဤအခန်းကြီးရှိ ဆိုလေသည့်အရာများသည် အဘယ်အချိန်၌ ပြီးမြောက်လိမ့်မည်နည်း။ဖြေ။ ထိုအရာတို့သည် နှစ်တစ်ထောင်ဆဋ္ဌမကာလ၊ သို့မဟုတ် ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ပြီးမြောက်လိမ့်မည်။
၁၁ မေး။ ခပ်သိမ်းသောဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်စုထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့—မျိုးနွယ်စုတိုင်းမှ တစ်သောင်းနှစ်ထောင်တို့အား တံဆိပ်ခတ်ခြင်းကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ တံဆိပ်ခတ်ခံရသောသူများသည် ယဇ်ပုရောဟိတ်မင်းများ၊ ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ကို စီမံဆောင်ရွက်စေခြင်းငှာ ဘုရားသခင်၏ သန့်ရှင်းသောအသင်းသို့ ခန့်ထားခံရသောသူများ ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ကြရမည်။ အကြောင်းမူကား၊ သူတို့သည် သားဦး၏ အသင်းတော်သို့ လာမည့်သူမှန်သမျှကို မြေကြီးပေါ်ရှိ ပြည်သားတို့အပေါ် အစိုးရခြင်း ပေးထားခံရသည့် ကောင်းကင်တမန်တို့အားဖြင့် ဆောင်ယူစေခြင်းငှာ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူနှင့် လူမျိုးမှန်သမျှတို့အထဲမှ ခန့်ထားခံရသောသူများဖြစ်ကြ၏။
၁၂ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၈ ၌ ဖော်ပြထားသည့် တံပိုးမှုတ်ခြင်းကို ကျွန်ုပ်တို့အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ကျွန်ုပ်တို့ နားလည်ကြရမည်မှာ၊ ဘုရားသခင်သည် ကမ္ဘာကို ခြောက်ရက်တွင်ဖန်ဆင်း၏၊ သတ္တမနေ့တွင် သူ၏အမှုတော်ပြီးဆုံး၏၊ ထိုနေ့ကို သန့်ရှင်းစေတော်မူ၏၊ လူသားကို မြေမှုန့်မှ ဖန်ဆင်းတော်မူ၏၊ ထိုကဲ့သို့ပင်၊ နှစ်တစ်ထောင်သတ္တမကာလအစတွင် ကိုယ်တော်ရှင်ဘုရားသခင်သည် မြေကြီးကို သန့်ရှင်းစင်ကြယ်စေတော်မူလိမ့်မည်၊ ထို့အတူ၊ လူသား၏ ကယ်တင်ခြင်းကို ပြီးမြောက်စေလိမ့်မည်၊ ထို့အတူ ခပ်သိမ်းသောအရာတို့ကို တရားစီရင်တော်မူလိမ့်မည်၊ ထို့အတူ ခပ်သိမ်းသောအရာတို့ကို အဆုံးတိုင်အောင် သူတံဆိပ်ခတ်မည့်အချိန်တွင်၊ သူ၏ တန်ခိုးတော်အောက်၌ သူမထားသည့် အရာများမှတစ်ပါး၊ ခပ်သိမ်းသောအရာတို့ကို ရွေးနုတ်တော်မူလိမ့်မည်။ ကောင်းကင်တမန် ခုနစ်ပါးတို့၏ တံပိုးမှုတ်ခြင်းမှာ နှစ်တစ်ထောင်သတ္တမကာလအစတွင် သူ၏အမှုတော်ကို ပြင်ဆင်ခြင်းနှင့် ပြီးဆုံးခြင်းဖြစ်၏—သူကြွလာတော်မူသည့်အချိန်မတိုင်မီ လမ်းကိုပြင်ဆင်ခြင်းဖြစ်၏။
၁၃ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၉ ၌ ရေးထားသည့်အရာများသည် အဘယ်အချိန်၌ ပြီးမြောက်မည်နည်း။ဖြေ။ ထိုအရာတို့သည် ခရစ်တော်ကြွလာတော်မူခြင်းမတိုင်မီ၊ သတ္တမတံဆိပ်ကို ဖွင့်သည့်အချိန်တွင် ပြီးမြောက်လိမ့်မည်။
၁၄ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀ ၌ ဖော်ပြထားသည့်အတိုင်း ယောဟန်စားသည့် စာအုပ်ငယ်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ထိုအရာမှာ ဣသရေလမျိုးနွယ်စုတို့ကို သူစုဝေးရန် သာသနာပြုခြင်းနှင့် ဘိသိက်မင်္ဂလာဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ကြရမည်။ ရှုလော့၊ ဤအရာမှာ၊ ရေးထားလေသည့် အတိုင်း ခပ်သိမ်းသောအရာတို့ကို လာ၍ ပြန်လည်ဆောင်ယူမည့် ဧလိုင်ယဖြစ်၏။
၁၅ မေး။ ဗျာဒိတ်ကျမ်း ဧကာဒသမအခန်းကြီးရှိ၊ သက်သေနှစ်ယောက်ကို အဘယ်သို့ နားလည်ရမည်နည်း။ဖြေ။ ထိုသူတို့မှာ နောက်ဆုံးသောကာလ၊ ပြန်လည်ဆောင်ယူသည့်အချိန်၌၊ ယုဒပြည်သားများအဖို့၊ ထို့အတူ ယုဒလူတို့ စုဝေးပြီး၊ သူတို့ဘိုးဘေးတို့၏မြေ၌ ယေရုရှလင်မြို့ကို တည်ဆောက်လေပြီးနောက် သူတို့ကို ပရောဖက်ပြု၍ဟောစေခြင်းငှာ ပေါ်ထွန်းစေမည့် ပရောဖက်နှစ်ပါးဖြစ်၏။