ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၅


အပိုဒ်ငယ် ၅၅

၁၈၃၁ ခု၊ ဇွန်လ ၁၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဝီလျံ​ဒဗလျူ​ဖဲလပ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပုံနှိပ်သူ၊ ဝီလျံ​ဒဗလျူ​ဖဲလပ်နှင့် သူ့မိသားစုသည် ကာ့တ်လန်းသို့ ရောက်ရှိ​လာခဲ့ပြီး၊ သူနှင့်​စပ်လျဉ်းသည့် သတင်း​အချက်​အလက်ကို ပရောဖက်က ကိုယ်တော်ရှင်ထံ တောင်းလျှောက်ခဲ့၏။

၁–၃၊ ဝီလျံ​ဒဗလျူ​ဖဲလပ်သည် ဗတ္တိဇံ​ခံရဖို့နှင့် အသင်း​လူကြီး​တစ်ဦး​အဖြစ် ခန့်ထား​ခံရဖို့၊ ထို့အတူ၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောရန် ခေါ်သွင်းပြီး၊ ရွေးကောက်​ခံရ၏။ ၊ သူသည် အသင်းတော်​စာသင်ကျောင်းများရှိ ကလေးများ​အတွက် စာအုပ်များကို ရေးရမည်။ ၅–၆၊ သူ၏​အလုပ်​လုပ်ရာ​ဒေသ​ဖြစ်မည့် မစ်ဆိုရီသို့ သူ​ခရီးသွား​ရမည်။

ရှုလော့၊ ငါ့ကျွန်​ဝီလျံ၊ သင့်ကို ကိုယ်တော်ရှင်၊ အမှန်​စင်စစ်၊ မြေကြီး​တစ်ခုလုံး၏ ကိုယ်တော်ရှင်​ကပင်၊ မိန့်တော်မူသည်ကား၊ သင်သည် ခေါ်သွင်းပြီး၊ ရွေးကောက်​ခံရ၏။ သင်သည် ငါ၏​ဘုန်းတော်​ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုဖြင့် ပြုခြင်းဖြစ်သည့်၊ ရေဖြင့် ဗတ္တိဇံခံလေပြီးနောက်၊ သင်၏​အပြစ်များမှ လွှတ်ခြင်းကို​လည်းကောင်း၊ လက်တင်ခြင်း​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိခြင်းကို​လည်းကောင်း ရရှိ​လိမ့်မည်။

ထို့နောက်တွင်၊ သင်သည် နောင်တရခြင်း၊ ထို့အတူ၊ ယေရှု​ခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင့်​သားတော်၏ နာမတော်​အားဖြင့် ဗတ္တိဇံခံခြင်း​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းတို့ကို ဟောပြောစေရန် ဤ​အသင်းတော်​အတွက် အသင်း​လူကြီး​တစ်ဦး​အဖြစ်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်၏ လက်​အားဖြင့် ခန့်ထား​ခံရ​လိမ့်မည်။

သင်၏​လက်ကို သင်​တင်မည့်သူ​မှန်သမျှသည် ငါ့ရှေ့၌ ကြေကွဲ​ကြလျှင်၊ သင်သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးဖို့ အခွင့်ကို ရလိမ့်မည်။

ထိုမှ​တစ်ဖန်၊ ကလေး​သူငယ်များလည်း ငါ့ရှေ့၌ ငါ​နှစ်သက်​စေသည့်​အရာ​တည်းဟူသော သွန်သင်ချက်ကို လက်ခံ​ရရှိ​နိုင်ကြ​စေခြင်းငှာ၊ ဤ​အသင်းတော်ရှိ​စာသင်ကျောင်းများ​အတွက် စာအုပ်များကို ပုံနှိပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် ရေးခြင်း​အမှုကို ဆောင်ရွက်ရန် ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီကို ကူညီဖို့ သင်သည် ခန့်ထား​ခံရ​လိမ့်မည်။

ထိုမှ​တစ်ဖန်၊ သင့်ကို ငါအမှန်​ဆိုသည်ကား၊ သင်သည် သင်၏​အမွေခံရာ​ပြည်၌ ဤအမှုတော်ကို ဆောင်ရွက်ဖို့ အခြေချ​နိုင်စေခြင်းငှာ​ဟူသည့် ဤ​အကြောင်းရင်းကြောင့်၊ ငါ့ကျွန်များ​ဖြစ်သည့်၊ ဂျိုးဇက်​စမစ်​အငယ်၊ ဆစ်ဒနီရစ်ဂဒွန်တို့နှင့်​အတူ ခရီးသွား​ရမည်။

ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​ဂျိုးဇက်ကိုးကိုလည်း သူတို့နှင့်​အတူ ခရီးသွား​စေလော့။ ကျန်ကြွင်းသော​အရာကို ငါ​အလိုရှိသည့် အတိုင်းပင် နောင်ကာလ၌ ဖော်ပြတော်မူမည်။ အာမင်။