အပိုဒ်ငယ် ၆၄
၁၈၃၁ ခု၊ စက်တင်ဘာလ ၁၁ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ အသင်းတော်၏အသင်းလူကြီးများသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် မစ်ဆိုရီသို့ ရောက်နေစဉ်က ခဏရပ်ထားခဲ့သည့် သမ္မာကျမ်းဘာသာပြန်ခြင်း၌ သူ့အလုပ်ကို ပြန်လုပ်ရန် ဟိုင်ရမ်၊ အိုဟိုင်းရိုသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်လျက်ရှိ၏။ ဇိအုန် (မစ်ဆိုရီ)သို့ ခရီးသွားဖို့မိန့်မှာခံရလေသည့် ညီအစ်ကိုတစ်စုသည် အောက်တိုဘာလ၌ ထွက်ခွာရန် ပြင်ဆင်ခြင်းများပြုလုပ်ရာ၌ အလေးအနက်ပါဝင်ကြ၏။ ဤအလုပ်များသောအချိန်တွင်၊ ဗျာဒိတ်တော်ကို လက်ခံရရှိ၏။
၁–၁၁၊ သန့်ရှင်းသူတို့သည် သာ၍ကြီးသောအပြစ် သူတို့၌ ဆက်၍ မရှိကြစေခြင်းငှာ၊ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ဖို့ မိန့်တော်မူခြင်း ခံကြရ၏။ ၁၂–၂၂၊ နောင်တမရသောသူတို့သည် အသင်းတော်ရှေ့သို့ ခေါ်ဆောင်ခံကြရမည်။ ၂၃–၂၅၊ ဆယ်ဖို့တစ်ဖို့ကို ပေးသောသူသည် ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ လောင်မြိုက်မခံရ။ ၂၆–၃၂၊ သန့်ရှင်းသူတို့သည် အကြွေးမတင်စေဖို့ သတိပေးခံကြရ၏။ ၃၃–၃၆၊ ပုန်ကန်သောသူတို့သည် ဇိအုန်မှ ပယ်ရှင်းခံကြရလိမ့်မည်။ ၃၇–၄၀၊ အသင်းတော်သည် လူမျိုးတို့ကို တရားစီရင်လိမ့်မည်။ ၄၁–၄၃၊ ဇိအုန်သည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်။
၁ ရှုလော့၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင် သင်တို့ကို မိန့်တော်မူသည်ကား၊ အို ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ စေ့စေ့နားထောင်၍ ကြားနာကြလော့၊ သင်တို့နှင့်စပ်လျဉ်းသည့် ငါ၏အလိုတော်ကိုလည်း လက်ခံကြလော့။
၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ လောကကို သင်တို့အောင်နိုင်ကြစေကြောင်း ငါအလိုရှိတော်မူ၏။ သို့ဖြစ်၍၊ ငါသည် သင်တို့ကို သနားတော်မူမည်။
၃ အပြစ်ပြုလေသောသူများ သင်တို့အထဲ၌ ရှိကြ၏။ သို့ရာတွင်၊ ငါအမှန်ဆိုသည်ကား၊ ဤတစ်ကြိမ်တည်းသာလျှင်၊ ငါ့ဘုန်းတော်အတွက်၊ စိတ်ဝိညာဉ်တို့၏ကယ်တင်ခြင်းအတွက်၊ ငါသည် သင်တို့အပြစ်များကို ခွင့်လွှတ်လေပြီ။
၄ ငါသည် သင်တို့ကို ကရုဏာကြီးတော်မူမည်၊ အကြောင်းမူကား၊ ငါသည် သင်တို့အား နိုင်ငံတော်ကို ပေးတော်မူလေပြီ။
၅ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ် အသက်ရှင်စဉ်မှာ၊ ငါ၏ဘိသိက်မင်္ဂလာများကို နာခံသမျှ နိုင်ငံတော်နက်နဲခြင်းသော့များကို ငါပေးထားလေသည့်နည်းအားဖြင့်၊ သူ့ထံမှ နုတ်ယူလိမ့်မည်မဟုတ်။
၆ အကြောင်းမရှိဘဲ သူ့ကို အမှုရှာသောသူများ ရှိကြ၏။
၇ သို့သော်လည်း၊ သူသည် အပြစ်ပြုလေပြီ။ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ရှေ့၌ မိမိတို့အပြစ်ကို ဝန်ခံပြီး၊ အပြစ်လွှတ်ခြင်းကို တောင်းခံသောသူများ၊ သေခြင်းနှင့်ယှဉ်သောအပြစ်ကို မပြုသောသူများကို ငါ၊ ကိုယ်တော်ရှင် အပြစ်လွှတ်တော်မူ၏။
၈ ရှေးနေ့ရက်များက၊ ငါ၏တပည့်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်၍ အမှုရှာကြပြီး၊ သူတို့စိတ်နှလုံးထဲ၌ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ခြင်းမရှိကြ။ ဤမကောင်းမှုကြောင့်လည်း၊ သူတို့သည် ဒုက္ခရောက်ကြပြီး၊ ပြင်းစွာဆုံးမခံကြရ၏။
၉ သို့ဖြစ်၍၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြရမည်။ အကြောင်းမူကား၊ မိမိညီအစ်ကို၏ လွန်ကျူးခြင်းကို ခွင့်လွှတ်ခြင်းမရှိသောသူသည် ကိုယ်တော်ရှင်ရှေ့၌ ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိ၏။ သာ၍ကြီးသောအပြစ် သူ့၌ ဆက်၍ရှိ၏။
၁၀ ငါ၊ ကိုယ်တော်ရှင်သည် အပြစ်လွှတ်လိုသောသူကို အပြစ်လွှတ်၏၊ သို့ရာတွင် သင်တို့သည် လူသားအပေါင်းတို့ကို ခွင့်လွှတ်ဖို့ လိုအပ်၏။
၁၁ သင်တို့စိတ်နှလုံးထဲ၌ ဆိုရမည်ကား—ဘုရားသခင်သည် ငါနှင့် သင့်ကြား၌ တရားစီရင်တော်မူပါစေသော၊ သင်၏အကျင့်များအတိုင်း သင့်ကို ဆပ်ပေးတော်မူပါစေသော။
၁၂ မိမိအပြစ်များမှ နောင်တရခြင်းမရှိသောသူ၊ ဝန်ခံခြင်းမရှိသောသူကို၊ အသင်းတော်ရှေ့သို့ သင်တို့ခေါ်ရမည်၊ ပညတ်တော်အားဖြင့်ဖြစ်စေ၊ ဗျာဒိတ်တော်အားဖြင့် ဖြစ်စေ၊ ကျမ်းစာလာသည့်အတိုင်း ထိုသူကို ပြုရမည်။
၁၃ ဤသို့ သင်တို့ပြုရမည်မှာ ဘုရားသခင်ကို ချီးမွမ်းကြစေခြင်းငှာဖြစ်၏—သင်တို့ခွင့်လွှတ်ခြင်းမရှိ၊ သနားခြင်းမရှိသောကြောင့်မဟုတ်၊ ပညတ်တရား၏မျက်လုံးတို့၌ သင်တို့အပြစ်ကင်းစေနိုင်ကြစေခြင်းငှာ၊ သင်တို့၏ ပညတ်တရားရှင်ကို သင်တို့မပြစ်မှားနိုင်ကြစေခြင်းငှာသာပေတည်း—
၁၄ ငါအမှန်ဆိုသည်ကား၊ ဤအကြောင်းရင်းကြောင့်၊ ဤအရာတို့ကို သင်တို့ပြုကြရမည်။
၁၅ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ့ကျွန်ဖြစ်သည့် အယ်ဇရာဘုကို၊ ထို့အတူ ငါ့ကျွန်အိုင်ဇက်မော်လီကိုလည်း အမျက်ထွက်၏၊ အကြောင်းမူကား၊ သူတို့သည် ပညတ်တရားကိုလည်းကောင်း၊ ပညတ်တော်ကိုလည်းကောင်း စောင့်ထိန်းခြင်းမရှိကြ။
၁၆ သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ မကောင်းမှုကို ရှာကြ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ငါ၏ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မူ၏။ သူတို့သည် မကောင်းမှုမရှိသည့်အရာကို မကောင်းမှုအဖြစ် ပြစ်တင်ရှုတ်ချကြ၏။ သို့သော်လည်း၊ ငါသည် ငါ့ကျွန်အိုင်ဇက်မော်လီကို အပြစ်လွှတ်တော်မူလေပြီ။
၁၇ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျလည်းပါ၏၊ ရှုလော့၊ သူအပြစ်ပြုလေပြီ၊ စာတန်သည်လည်း သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြိုးစားအားထုတ်၏။ သို့ရာတွင်၊ ဤအရာတို့ကို သူတို့အားဖော်ပြ၍၊ သူတို့သည် မကောင်းမှုမှနောင်တရကြလျှင်၊ အပြစ်လွှတ်ခြင်းကို ခံကြရလိမ့်မည်။
၁၈ ယခုမူကား၊ ငါအမှန်ဆိုသည်မှာ၊ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့သည်၊ သီတင်းပတ်အနည်းငယ်ကြာပြီးနောက်၊ သူ၏အမှုအရေးသို့ ပြန်လာပြီး၊ ဇိအုန်မြေ၌ ကိုယ်စားလှယ်အဖြစ် ရှိရမည်မှာ ငါ့အဖို့ လိုအပ်၏။
၁၉ သူမြင်ရ၊ ကြားရလေသောအရာကို ငါ၏တပည့်တော်တို့အား ဖော်ပြနိုင်စေဖို့လည်းဖြစ်၏၊ သူတို့ပျက်စီးခြင်းမရှိကြစေခြင်းငှာပေတည်း။ ဤအကြောင်းရင်းကြောင့်ပင်၊ ငါသည် ဤအရာတို့ကို ဟောပြောလေပြီ။
၂၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်အိုင်ဇက်မော်လီသည် သူခံနိုင်သည်ထက်ပို၍ သွေးဆောင်မခံရနိုင်စေကြောင်း၊ ထို့အတူ၊ သင်တို့ကို နာကျင်စေမည့် မှားယွင်းစွာအကြံပေးခြင်း မရှိနိုင်စေကြောင်း၊ သူ၏လယ်ကွင်းကို ရောင်းဖို့ ငါမိန့်မှာ၏။
၂၁ ငါ့ကျွန်ဖရက်ဒရစ်ခ်ဂျီဝီလျံအား မိမိလယ်ကွင်းကို ရောင်းစေဖို့ ငါအလိုမရှိ၊ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ကာ့တ်လန်းမြေ၌ ခိုင်မာသောစခန်းတစ်ခုကို ငါးနှစ်ကြာအောင် ထိန်းသိမ်းထားဖို့ အလိုရှိတော်မူ၏၊ ထိုအချိန်အတွင်း၌ ငါသည် ဆိုးညစ်သောသူများကို ဖျက်ဆီးမည်မဟုတ်၊ ထိုကဲ့သို့အားဖြင့် အချို့သောသူများကို ငါကယ်တင်နိုင်စေကြောင်းပေတည်း။
၂၂ ထိုကာလနောက်တွင်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ပွင့်လင်းသော စိတ်နှလုံးဖြင့် ဇိအုန်မြေသို့တက်သွားကြမည့်သူ အဘယ်သူ့ကိုမဆို အပြစ်ရောက်သည်ဟု မှတ်တော်မူမည်မဟုတ်။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် လူသားတို့၏စိတ်နှလုံးကို လိုအပ်၏။
၂၃ ရှုလော့၊ ယခုအချိန်ကို လူသားတော်ကြွလာတော်မူသည်အထိ ယနေ့ဟု ခေါ်၏၊ ထိုနေ့သည် ယဇ်ပူဇော်ရာနေ့၊ ငါ၏လူမျိုးတို့ ဆယ်ဖို့တစ်ဖို့ပေးရာနေ့ အမှန်ဖြစ်၏။ အကြောင်းမူကား၊ ဆယ်ဖို့တစ်ဖို့ပေးသည့်သူသည် သူကြွလာတော်မူချိန်၌ လောင်မြိုက်မခံရ။
၂၄ အကြောင်းမူကား၊ ယနေ့နောက်တွင်၊ လောင်မြိုက်ခြင်း ကျရောက်လာ၏—ဤအရာမှာ ကိုယ်တော်ရှင်၏ နည်းအတိုင်း ဟောပြောခြင်းဖြစ်၏—အကြောင်းမူကား၊ ငါအမှန်ဆိုသည်မှာ၊ နက်ဖြန်နေ့တွင်၊ မာနကြီးသူအပေါင်းနှင့် ဆိုးညစ်စွာပြုသောသူတို့သည် ရိုးပြတ်ကဲ့သို့ ဖြစ်လိမ့်မည်။ ငါသည် သူတို့ကို မီးရှို့မည်၊ အကြောင်းမူကား၊ ငါသည် ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ဖြစ်၏။ ငါသည် ဗာဗုလုန်၌ ဆက်၍နေမည့်သူ အဘယ်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
၂၅ သို့ဖြစ်၍၊ သင်တို့သည် ငါ့ကို ယုံလျှင်၊ ယနေ့ဟူ၍ခေါ်သောအချိန်၌ အလုပ်လုပ်ကြလိမ့်မည်။
၂၆ ငါ၏ကျွန်များဖြစ်သည့် နီဝယ်လ်ကေဝှစ်တနီနှင့် ဆစ်ဒနီဂီလ်ဗာ့အား ဤနေရာမှာရှိသည့် သူတို့၏ဈေးဆိုင်နှင့် သူတို့၏ပိုင်ဆိုင်ရာတို့ကို ရောင်းရမည်မှာ မသင့်လျော်။ အကြောင်းမူကား၊ ဤနေရာ၌ ဆက်၍နေမည့်သူများတည်းဟူသော အသင်းတော်၏ကျန်ကြွင်းသူများ ဇိအုန်မြေသို့တက်မသွားမီ ဤသို့ပြုခြင်းမှာ ဉာဏ်ပညာမရှိခြင်းဖြစ်၏။
၂၇ ရှုလော့၊ ငါ၏ဥပဒေများ၌ ဆိုထားသည်မှာ၊ သို့မဟုတ်၊ တားမြစ်ထားသည်မှာ၊ သင်၏ရန်သူတို့ထံ အကြွေးတင်ခြင်းပေတည်း။
၂၈ သို့ရာတွင်၊ ရှုလော့၊ အဘယ်အချိန်မှာမဆို ကိုယ်တော်ရှင်သည် သူအလိုရှိသည့်အခါ မယူ၊ သူကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း မပေးဟု ဆိုမထားပေ။
၂၉ သို့ဖြစ်၍၊ သင်တို့သည် ကိုယ်တော်ရှင်၏အမှုတော်၌၊ ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့်၊ ကိုယ်တော်ရှင်၏အလိုတော်အတိုင်း သင်တို့ပြုသည့်အရာအဘယ်အရာမဆို ကိုယ်တော်ရှင်၏အမှုအရေး ဖြစ်ပေ၏။
၃၀ သူသည် ဤနောက်ပိုင်းကာလ၌ မိမိသန့်ရှင်းသူတို့အတွက် ထောက်ပံ့စေဖို့ သင်တို့ကို ခန့်အပ်ထားသည်မှာ၊ ဇိအုန်မြေ၌ နေထိုင်ရာကို သူတို့ရရှိနိုင်စေကြောင်းပေတည်း။
၃၁ ရှုဦးလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ကို ဟောကြား၏၊ ငါ၏နှုတ်ကပတ်တော်တို့သည် သေချာ၏၊ မကျရှုံးရ၊ ထိုနေရာကို သူတို့ရရှိကြလိမ့်မည်။
၃၂ သို့ရာတွင်၊ ခပ်သိမ်းသောအရာတို့သည် သူတို့အချိန်နှင့်သူတို့ ဖြစ်လာကြရမည်။
၃၃ သို့ဖြစ်၍၊ ကောင်းသောအကျင့်ကို ကျင့်ခြင်း၌ မငြီးငွေ့ကြနှင့်၊ အကြောင်းမူကား၊ သင်တို့သည် ကြီးမြတ်သောအမှု၏ အုတ်မြစ်ကို ချနေကြ၏။ သေးငယ်သောအရာတို့ထံမှ ကြီးမြတ်သောအရာ ထွက်လာ၏။
၃၄ ရှုလော့၊ ကိုယ်တော်ရှင်သည် စိတ်နှလုံးနှင့် လိုလိုလားလားရှိသောစိတ်ကို အလိုရှိတော်မူ၏။ လိုလိုလားလားရှိပြီး၊ နာခံသောသူတို့သည် ဇိအုန်မြေ၏ကောင်းမြတ်သောအရာကို ဤနောက်ပိုင်းကာလ၌ စားကြရလိမ့်မည်။
၃၅ ပုန်ကန်သောသူတို့သည် ဇိအုန်မြေမှ ပယ်ရှင်းခံကြရလိမ့်မည်၊ နှင်ထုတ်ခံကြရလိမ့်မည်၊ ထိုမြေကို အမွေမခံရ။
၃၆ အကြောင်းမူကား၊ ငါအမှန်ဆိုသည်မှာ၊ ပုန်ကန်သောသူတို့သည် ဧဖရိမ်သွေးမဟုတ်၊ သို့ဖြစ်၍၊ သူတို့သည် နုတ်ယူခံရလိမ့်မည်။
၃၇ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ၏အသင်းတော်ကို ဤနောက်ပိုင်းကာလ၌၊ လူမျိုးတို့ကို တရားစီရင်ဖို့ တောင်ကုန်း သို့မဟုတ်၊ မြင့်သောနေရာပေါ်မှာထိုင်နေသာ တရားသူကြီးသဖွယ် ဖြစ်စေမည်။
၃၈ အကြောင်းမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ဇိအုန်၌ နေထိုင်ကြသူတို့သည်၊ ဇိအုန်နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသောအရာတို့ကို တရားစီရင်ကြလိမ့်မည်။
၃၉ မုသားပြောသူများနှင့် သူတော်ကောင်းယောင်ဆောင်သောသူများသည် ထိုသူတို့အားဖြင့် စုံစမ်းခံရလိမ့်မည်၊ တမန်တော်များနှင့် ပရောဖက်များ မဟုတ်သောသူတို့ကိုလည်း သိရလိမ့်မည်။
၄၀ တရားသူကြီးဖြစ်သည့် သင်းအုပ်နှင့် သူ၏တိုင်ပင်ဖက်တို့သည်ပင် မိမိတို့၏တာဝန်ခံအရာတို့၌ သစ္စာမရှိကြလျှင်၊ ပြစ်ဒဏ်ချမှတ်ခံရလိမ့်မည်၊ အခြားသောသူတို့ကို သူတို့နေရာ၌ ထားလိမ့်မည်။
၄၁ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ဇိအုန်သည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်၊ ကိုယ်တော်ရှင်၏ဘုန်းတော်သည်လည်း သူ့အပေါ်မှာရှိလိမ့်မည်။
၄၂ သူသည်လည်း လူတို့အဖို့ အလံဖြစ်လိမ့်မည်၊ ကောင်းကင်အောက်ရှိလူမျိုးတိုင်း သူ့ထံသို့ လာကြလိမ့်မည်။
၄၃ သူ့ကြောင့် မြေကြီးပေါ်ရှိပြည်သားတို့ တုန်ကြမည့်၊ ကြောက်မက်ဖွယ်သောသူတို့ကြောင့် ကြောက်ရွံ့ကြမည့်နေ့ ကျရောက်လာလိမ့်မည်။ ထိုအမှုကို ကိုယ်တော်ရှင်မိန့်တော်မူလေပြီ။ အာမင်။