ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၆


အပိုဒ်ငယ် ၈၆

၁၈၃၂ ခု၊ ဒီဇင်ဘာ ၆ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် သမ္မာကျမ်း​ဘာသာပြန်​ပုံနှိပ်စာမူကို ပြန်လည်​ဆန်းစစ်​၍တည်းဖြတ်နေစဉ်တွင် ဤ​ဗျာဒိတ်တော်ကို လက်ခံ​ရရှိ​ခဲ့၏။

၁–၇၊ ကိုယ်တော်ရှင်သည် ဂျုံစပါးနှင့် ပေါင်းပင်တို့​အကြောင်း ပုံဆောင်​စကား၏ အဓိပ္ပာယ်ကို ဖော်ပြ၏။ ၈–၁၁၊ သူသည် ယဇ်ပုရောဟိတ်​အခွင့် ကောင်းချီးမင်္ဂလာများကို လူဇာတိ​အတိုင်း တရားသော အမွေခံသူများသို့ ရှင်းပြ၏။

ငါ၏​ကျွန် သင်တို့အား ဂျုံစပါးနှင့် ပေါင်းပင်တို့​အကြောင်း ပုံဆောင်စကားနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင် အမှန်​မိန့်တော်မူသည်ကား၊

ရှုလော့၊ ငါ​အမှန်​ဆိုသည်ကား၊ လယ်ကွင်းသည် လောက​ဖြစ်၏၊ တမန်တော်တို့သည်ကား မျိုးစေ့​ကြဲသော​သူများ​ဖြစ်ကြ၏။

သူတို့​အိပ်ပျော်ကြ​လေပြီးနောက်၊ အသင်းတော်ကို ကြီးစွာသော ညှဉ်းဆဲသူ​တည်းဟူသော၊ ဖောက်ပြန်​သင်းကွဲသူ၊ ပြည့်တန်ဆာ၊ အမှန်​စင်စစ်၊ ဗာဗုလုန်သည် မိမိ​ဖလားကို စိတ်နှလုံးတို့၌ ရန်သူ၊ စာတန်​အုပ်စိုးရန်​ထိုင်သည့် လူမျိုး​အပေါင်းတို့အား သောက်စေ၏—ရှုလော့၊ သူသည် ပေါင်းပင်တို့ကို ကြဲ၏။ သို့ဖြစ်၍၊ ပေါင်းပင်တို့သည် ဂျုံစပါးကို ပိတ်ပင်ပြီး၊ အသင်းတော်ကို တောရိုင်းထဲသို့ နှင်ထုတ်၏။

သို့ရာတွင် ရှုလော့၊ နောက်ဆုံးသော​ကာလ​တည်းဟူသော၊ ယခုမှာပင် ကိုယ်တော်ရှင်သည် နှုတ်ကပတ်တော်ကို ဖော်ပြရန်​အစပြုလျက်​ရှိစဉ်မှာ၊ အရွက်​ပေါက်၍၊ နုနယ်​နေကြ​သေး၏—

ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အဆင်သင့်​ဖြစ်၍၊ လယ်ကွင်းကို​ရိတ်ရန် စေလွှတ်​ခံရဖို့ စောင့်နေ​ကြသည့် ကောင်းကင်​တမန်​တို့သည် ကိုယ်တော်ရှင်​ထံသို့ နေ့ရော​ညပါ တောင်းလျှောက်​နေကြ၏။

သို့ရာတွင်၊ ကိုယ်တော်ရှင်က သူတို့ကို မိန့်တော်မူ​သည်ကား၊ အရွက်​နုနယ်​နေသေး​စဉ်မှာ ပေါင်းပင်တို့ကို နုတ်ခြင်း​မပြုနှင့် (အကြောင်းမူကား၊ သင်တို့၏​ယုံကြည်ခြင်းသည် အမှန်​အားနည်း၏)၊ ဂျုံစပါးကို သင်တို့​မဖျက်ဆီး​မိကြ​စေခြင်းငှာ​ပေတည်း။

ထို့ကြောင့်၊ ရိတ်သိမ်းချိန် လုံးလုံး​ရောက်သည်​တိုင်အောင် ဂျုံစပါးနှင့် ပေါင်းပင်တို့ကို အတူ​တကွ​ကြီးထွား​စေလော့။ ထို့နောက်မှ၊ သင်တို့သည် ဂျုံစပါးကို ပေါင်းပင်များ​ကြားထဲမှ ရှေးဦးစွာ ရွေး၍ ကောက်ရကြမည်၊ ဂျုံစပါးကို စုသိမ်းပြီး​နောက်တွင်၊ ရှုလော့၊ ကြည့်ဦးလော့၊ ပေါင်းပင်တို့ကို အထုံးလိုက် စည်းနှောင်​ထား၏၊ လယ်ကွင်းသည်လည်း လောင်မြိုက်​ခံရဖို့ ရှိနေ​လိမ့်မည်။

ထို့ကြောင့်၊ သင်တို့​ဘိုးဘေးတို့၏ မျိုးရိုးမှ​တစ်ဆင့် ယဇ်ပုရောဟိတ်​အခွင့် အတူ​ဆက်၍ တည်ရှိရာ သင်တို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်မှာ—

အကြောင်း​မူကား၊ သင်တို့သည် လူဇာတိ​အတိုင်း တရားသော​အမွေခံ​သူများ​ဖြစ်ကြ၏၊ သင်တို့ကို ခရစ်တော်နှင့်​အတူ ဘုရားသခင်၌ လောက​ထံမှ ဝှက်ထား​လေပြီ—

၁၀ ထို့ကြောင့်၊ သင်တို့၏ အသက်နှင့် ယဇ်ပုရောဟိတ်​အခွင့် ဆက်၍​တည်ရှိ၏၊ ကမ္ဘာဦး​ကတည်းက သန့်ရှင်းသော​ပရောဖက်​အပေါင်းတို့၏ နှုတ်အားဖြင့် ဟောပြောထား​လေသည့် အရာ​ခပ်သိမ်းတို့ကို ပြန်လည်​ဆောင်ယူခြင်းသို့​တိုင်အောင် သင်တို့နှင့် သင်တို့၏​မျိုးရိုးမှ​တစ်ဆင့် ဆက်၍ တည်ရှိရ​ပေမည်။

၁၁ ထို့ကြောင့်၊ သင်တို့သည် ဤ​ယဇ်ပုရောဟိတ်​အခွင့်​အားဖြင့်၊ တပါး​အမျိုးသားတို့​အဖို့ အလင်း​အဖြစ်၊ ငါ၏​လူမျိုး​ဣသရေလ​အမျိုး​အဖို့ ကယ်တင်ရှင်​အဖြစ်၊ ငါ၏​ကောင်းမြတ်ခြင်း၌ ဆက်၍​ရှိကြလျှင် မင်္ဂလာ​ရှိကြ၏။ ထိုသို့​ကိုယ်တော်ရှင်​မိန့်တော်မူလေ၏။ အာမင်။