အပိုဒ်ငယ် ၂၄
၁၈၃၀ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်ဖွဲ့စည်းကတည်းက လေးလပင်မကုန်လွန်သေးသော်လည်း၊ ညှဉ်းဆဲခြင်းသည် ပြင်းထန်လာခဲ့လေပြီး၊ ခေါင်းဆောင်တို့သည် ဘေးလွတ်ရာသို့ သီးသန့်ပုံးကွယ်နေခဲ့ကြရ၏။ သူတို့ကို ခွန်အားဖြည့်ပေးရန်၊ အားပေးရန်နှင့် သွန်သင်ရန် အောက်ပါဗျာဒိတ်တော်သုံးခုကို ပေးတော်မူခဲ့၏။
၁–၉၊ ဂျိုးဇက်စမစ်သည် ကျမ်းစာများကို ဘာသာပြန်ဖို့၊ ဟောပြောဖို့နှင့် ရှင်းပြဖို့ ခေါ်သွင်းခံရ၏။ ၁၀–၁၂၊ အော်လီဗာကောင်ဒရီသည် ဧဝံဂေလိတရားတော်ကို ဟောပြောဖို့ ခေါ်သွင်းခံရ၏။ ၁၃–၁၉၊ အလွန်တရာအံ့ဩဖွယ်အမှုများ၊ ကျိန်ခြင်းအမင်္ဂလာများ၊ ခြေမှမြေမှုန့်ကိုခါခြင်း၊ ထို့အတူ၊ ငွေအိတ် သို့မဟုတ် လွယ်အိတ်မပါဘဲသွားခြင်းတို့နှင့်စပ်လျဉ်းသည့် ဥပဒေကိုဖော်ပြ၏။
၁ ရှုလော့၊ သင်သည် မော်မုန်ကျမ်းကို ရေးရန်နှင့် ငါ၏အမှုတော်ဆောင်ခြင်းသို့ ခေါ်သွင်းပြီး ရွေးကောက်ခံရ၏။ ငါသည် သင့်ကို ဆင်းရဲဒုက္ခများထဲမှ ကယ်မ၍၊ သွန်သင်တော်မူလေသဖြင့်၊ သင်သည် သင့်ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်ခံရလေပြီ။ စာတန်၏တန်ခိုးနှင့် မှောင်မိုက်မှလည်း ကယ်လွှတ်ခံရလေပြီ။
၂ သို့သော်လည်း၊ သင်၏လွန်ကျူးခြင်းများ၌ အပြစ်တင်ခြင်းမှ သင်မကင်းလွတ်နိုင်။ သို့သော်လည်း၊ သင့်လမ်းသင်သွားလော့၊ အပြစ်လည်းမပြုတော့နှင့်။
၃ သင်၏အမှုအရာကို တိုးမြှင့်ဆောင်ရွက်လော့။ သင်သည် လယ်ကို စိုက်၍၊ ကာကွယ်စောင့်ရှောက်လေပြီးနောက်၊ ကိုးလ်စဗီလ်၊ ဖရေးတီးနှင့် မန်ချက်စတာရှိ အသင်းတော်သို့ အလျင်အမြန်သွားလော့၊ ၎င်းတို့သည်လည်း သင့်ကို ထောက်မလိမ့်မည်။ ငါသည်လည်း သူတို့ကို ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှစ်ခုစလုံး၌ ကောင်းချီးပေးတော်မူမည်။
၄ သို့ရာတွင်၊ သူတို့သည် သင့်ကို လက်ခံခြင်းမရှိလျှင်၊ ငါသည် သူတို့အပေါ် ကောင်းချီးမင်္ဂလာအစား ကျိန်ခြင်းအမင်္ဂလာကို စေလွှတ်တော်မူမည်။
၅ သင်သည်လည်း ငါ၏နာမတော်အားဖြင့်၊ ဘုရားသခင်ကို ဆက်၍ပတ္ထနာပြုလျက်၊ ထို့အတူ နှစ်သိမ့်စေသောသူအားဖြင့် သင့်ကိုဖော်ပြမည့်အရာတို့ကို ရေးလျက်၊ အသင်းတော်သို့ ခပ်သိမ်းသောကျမ်းစာများကို ရှင်းပြလျက်နေရမည်။
၆ သင်ပြောရ၊ ရေးရမည့်အရာကို ထိုတစ်ခဏ၌ ဖော်ပြတော်မူလိမ့်မည်။ သူတို့သည်လည်း ကြားနာကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ငါသည် သူတို့အပေါ် ကောင်းချီးမင်္ဂလာအစား ကျိန်ခြင်းအမင်္ဂလာကို စေလွှတ်တော်မူမည်။
၇ အကြောင်းမူကား၊ သင်၏အလုံးစုံသောအစေခံခြင်းကို ဇိအုန်၌ ဆက်ကပ်ရမည်။ ဤအမှု၌ သင်သည် ခွန်အားကို ရလိမ့်မည်။
၈ ဆင်းရဲဒုက္ခများ၌ သည်းခံလော့၊ အကြောင်းမူကား၊ သင့်မှာ များစွာရှိလိမ့်မည်။ သို့ရာတွင်၊ ထိုအရာတို့ကို ကြံ့ကြံ့ခံလော့။ အကြောင်းမူကား၊ ကြည့်ပါ၊ ငါသည် သင့်အသက်တာ၏အဆုံးတိုင်အောင်ပင် သင်နှင့်အတူ ရှိတော်မူ၏။
၉ ဇာတိပကတိအလုပ်များ၌ သင်သည် ခွန်အားရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ဤအရာသည် သင်၏အမှုတော်ဆောင်တာဝန်မဟုတ်။ သင်၏အမှုအရာကို တိုးမြှင့်ဆောင်ရွက်ခြင်းငှာ၊ ထို့အတူ ခပ်သိမ်းသောကျမ်းစာများကို ရှင်းပြခြင်းငှာ သင်၏အမှုတော်ဆောင်တာဝန်ကို ဆောင်ရွက်လော့၊ ထို့အတူ၊ လက်တင်ခြင်းနှင့် အသင်းတော်များကို အတည်ပြုခြင်း၌ ဆက်၍ရှိနေလော့။
၁၀ သင်၏ညီအစ်ကို အော်လီဗာသည်လည်း လောကရှေ့၊ ထို့အတူ အသင်းတော်ရှေ့မှာ ငါ၏နာမတော်ကိုခံယူခြင်း၌ ဆက်၍ရှိနေရမည်။ သူသည် ငါ၏အမှုတော်၌ လုံလောက်ပါပြီဟု မထင်မှတ်ရ။ ကြည့်ဦးလော့၊ ငါသည် အဆုံးတိုင်အောင် သူနှင့်အတူရှိတော်မူမည်။
၁၁ အားနည်းခြင်းအရာ၌ဖြစ်စေ၊ ခွန်အားအရာ၌ဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ ငါအားဖြင့် သူသည် ချီးမွမ်းခံရလိမ့်မည်၊ သူကိုယ်တိုင်အားဖြင့်မဟုတ်။
၁၂ ခပ်သိမ်းသောကာလများ၌လည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း၊ သူသည် မိမိ နှုတ်ကိုဖွင့်၍၊ ငါ၏ဧဝံဂေလိတရားတော်ကို တံပိုးသံကဲ့သို့ နေ့ရောညပါ ဟောကြားလိမ့်မည်။ ငါသည်လည်း သူ့အား လူသားတို့၌ မသိရသော ခွန်အားကို ပေးတော်မူမည်။
၁၃ သင်တို့ကို ငါမိန့်တော်မူသည်မှတစ်ပါး၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဖျားနာသောသူများကို အနာကင်းစေခြင်း၊ ထို့အတူ၊ အဆိပ်ရှိသောမြွေတို့တစ်ဖက်၊ ထို့အတူ သေစေတတ်သောအဆိပ်များတစ်ဖက်၌ မှတစ်ပါး အလွန်တရာအံ့ဩဖွယ်အမှုများကို မတောင်းဆိုကြနှင့်။
၁၄ သင်တို့ထံမှ အလိုရှိ၍ တောင်းဆိုသူများမရှိလျှင်၊ ဤအရာများကို သင်တို့မပြုရ။ ကျမ်းစာများ ပြီးပြည့်စုံနိုင်စေခြင်းငှာပေတည်း။ အကြောင်းမူကား၊ သင်တို့သည် ရေးထားသည့်အတိုင်း ပြုရမည်။
၁၅ သင်တို့ဝင်သည့် အဘယ်အရပ်၌ဖြစ်စေ၊ သင်တို့ကို ငါ၏နာမတော်အားဖြင့် လက်ခံခြင်းမရှိလျှင်၊ သင်တို့သည် သူတို့တစ်ဖက်၌ သက်သေခံချက်အဖြစ် သင်တို့ခြေမှ မြေမှုန့်ကို ခါခြင်း၊ ထို့အတူ သင်တို့ခြေကို လမ်းဘေး၌ ဆေးခြင်း အားဖြင့် ကောင်းချီးမင်္ဂလာအစား ကျိန်ခြင်းအမင်္ဂလာကို ပေးရမည်။
၁၆ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သင်တို့ကို အနိုင်အထက်ဖမ်းဆီးသူမှန်သမျှ ဒဏ်ခတ်ခံရစေဖို့ သင်တို့သည် ငါ၏နာမတော်အားဖြင့် အမိန့်ပေးရမည်။ ထို့အတူ၊ ရှုလော့၊ ငါ၏ကာလအချိန်တန်သောအခါ၊ သင်တို့၏စကားများအတိုင်း၊ ငါသည် သူတို့ကို ဒဏ်ခတ်တော်မူမည်။
၁၇ သင့်ကို တရားတွေ့သောသူမှန်သမျှသည် ဥပဒေအားဖြင့် အကျိန်ခံရလိမ့်မည်။
၁၈ သင်သည် ငွေအိတ်၊ လွယ်အိတ်၊ တောင်ဝှေး၊ အင်္ကျီနှစ်ထည်ကို မယူရ။ အကြောင်းမူကား၊ စားစရာအဖို့နှင့် အဝတ်အဖို့၊ ထို့အတူ ခြေနင်းအဖို့နှင့် ငွေအဖို့၊ ထို့အတူ လွယ်အိတ်အဖို့ သင်တို့လိုအပ်သည့်တခဏ၌ သင်တို့ကို အသင်းတော်က ပေးလိမ့်မည်။
၁၉ အကြောင်းမူကား၊ သင်သည် ငါ၏စပျစ်ဥယျာဉ်ကို ကြီးစွာသောသုတ်သင်ခြင်းဖြင့် သုတ်သင်စေဖို့၊ ထိုမှတစ်ပါး၊ နောက်ဆုံးအကြိမ်အဖြစ်ဖြင့်ပင် ခေါ်သွင်းခံရ၏။ ထိုမှတစ်ပါး၊ သင်ခန့်ထားလေသည့်သူအပေါင်းတို့သည်လည်း ဤပုံစံအတိုင်းပင် ပြုကြရမည်။ အာမင်။