ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂


အပိုဒ်ငယ် ၁၂

၁၈၂၉ ခု၊ မေလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဂျိုးဇက်​နိုက်​အကြီးသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဂျိုးဇက်​စမစ်၏ မော်မုန်ကျမ်း​ပုရပိုက်ပြားများ​ပိုင်ဆိုင်ခြင်းနှင့် ထိုအချိန်က ဘာသာပြန်ခြင်း​အမှု တိုးတက်ခြင်း​အကြောင်း ကြေညာချက်များကို ဂျိုးဇက်​နိုက်က ယုံကြည်လျက်၊ ဂျိုးဇက်​စမစ်နှင့် သူ၏​စာရေးသူကို ပစ္စည်း​အကူအညီ အကြိမ်များစွာ​ပေးခဲ့လေ၏။ ထိုသို့​ပေးခြင်းက၊ သူတို့အား ဘာသာပြန်ခြင်းကို ဆက်၍​ဆောင်ရွက်ဖို့ စွမ်းဆောင်​နိုင်စေခဲ့၏။ ဂျိုးဇက်​နိုက်၏ တောင်းဆိုခြင်း​အားဖြင့်၊ ပရောဖက်သည် ကိုယ်တော်ရှင်​ထံသို့ မေးလျှေက်၍၊ ဗျာဒိတ်တော်ကို ရရှိခဲ့၏။

၁–၆၊ စပျစ်ဥယျာဉ်၌ အလုပ်​လုပ်ကြသော​သူတို့သည် ကယ်တင်ခြင်းကို ရရှိကြ​လိမ့်မည်။ ၇–၉၊ အလိုရှိပြီး အရည်အချင်း​ပြည့်မီသောသူ​အပေါင်းသည် ကိုယ်တော်ရှင်၏​အမှုတော်၌ ကူညီနိုင်ကြ​ပေ၏။

ကြီးမြတ်ပြီး အံ့ဩဖွယ်​ကောင်းသော​အမှုသည် လူသားတို့ ၌ ရောက်လာလု​နီးပေပြီ။

ရှုလော့၊ ငါသည် ဘုရားသခင်​ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုးအဆစ်နှင့် ခြင်ဆီ​နှစ်ခုစလုံးကို အစိတ်စိတ်​ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍​ထက်သော ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။ ထို့ကြောင့် ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြုလော့။

ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်​လေပြီ။ ထိုကြောင့်၊ ရိတ်သိမ်းလိုသူ​မှန်သမျှအား၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်ရှိစဉ် ရိတ်စေလော့။ သူ၏​စိတ်ဝိညာဉ်​အတွက်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းကို ထိုသူ​အမြတ်တနိုး​သိမ်းဆည်းထားနိုင်​စေကြောင်း​ပင်တည်း။

ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူ​မှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။

ထို့ကြောင့်၊ သင်တို့သည် ငါ့ထံမှ တောင်းကြလျှင်၊ ရကြ​လိမ့်မည်။ သင်တို့ ခေါက်ကြလျှင် သင်တို့​အဖို့ ဖွင့်ပေး​လိမ့်မည်။

ယခုတွင်၊ သင်တို့​တောင်းလေသည့်​အတိုင်း၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းကြလော့။ ဇိအုန်၏​အကျိုးကို ထူထောင်ပြီး တည်ဆောက်ဖို့ ကြိုးစား​ကြလော့။

ရှုလော့၊ သင့်ထံသို့၊ ထို့အတူ ဤအမှုကို ထူထောင်ပြီး တည်ဆောက်ခြင်းငှာ အလိုဆန္ဒ​ရှိကြသော​သူအပေါင်းတို့ ထံသို့လည်း ငါမြွက်ဆို၏။

နှိမ့်ချခြင်း၊ ချစ်ခြင်းနှင့်​ပြည့်ဝ၍၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာရှိလျက်၊ မိမိ၏​ဂရုစိုက်ခြင်းသို့ ယုံကြည်​လွှဲအပ်မည့် အရာရာ၌ ဣန္ဒြေစောင့်သောသူမှတစ်ပါး အဘယ်သူမျှ ဤအမှု၌ မကူညီနိုင်။

ရှုလော့၊ ငါသည် လောက၏​အလင်းနှင့် အသက်ဖြစ်၏၊ ဤနှုတ်ကပတ်တော်များကို မြွက်ဆိုတော်မူသည့်သူ​ဖြစ်၏၊ ထို့ကြောင့်၊ သင်၏​အစွမ်းသတ္တိဖြင့် ပမာဏပြုလော့၊ ထို့နောက်တွင်၊ သင်သည် ခေါ်သွင်းခံရ၏။ အာမင်။