ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၉


အပိုဒ်ငယ် ၃၉

၁၈၃၁ ခု၊ ဇန္နဝါရီလ ၅ ရက်၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ဂျိမ်းစ်​ကိုဗယ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ နှစ်ပေါင်း​လေးဆယ်ခန့် မက်သဒစ်​အမှုတော်ဆောင်​တစ်ဦး​ဖြစ်ခဲ့ဖူးသူ ဂျိမ်းစ်​ကိုဗယ်သည် ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် သူ့ထံသို့ ကိုယ်တော်ရှင်​ပေးတော်မူမည့် ပညတ်တော်​မှန်သမျှကို နာခံမည့်​အကြောင်း ကိုယ်တော်ရှင်နှင့် ပဋိညာဉ်ပြု​ခဲ့၏။

၁–၄၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏​သားများ​ဖြစ်လာစေဖို့ တန်ခိုး​ရှိကြ၏။ ၅–၆၊ ဧဝံဂေလိ​တရားတော်ကို လက်ခံခြင်းသည် ခရစ်တော်ကို လက်ခံခြင်း​ဖြစ်၏။ ၇–၁၄၊ ဂျိမ်းစ်​ကိုဗယ်သည် ဗတ္တိဇံခံရန်နှင့် ကိုယ်တော်ရှင်၏​စပျစ်ဥယျာဉ်၌ အလုပ်လုပ်ရန် မိန့်တော်မူခြင်း​ခံရ၏။ ၁၅–၂၁၊ ကိုယ်တော်ရှင်၏​ကျွန်တို့သည် ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်း​မတိုင်မီ ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်။ ၂၂–၂၄၊ ဧဝံဂေလိ​တရားတော်ကို လက်ခံသော​သူတို့ကို ယခု​ကာလနှင့်​ထာဝရ​ကာလ၌ စုဝေးစေ​လိမ့်မည်။

ထာဝရ​ကာလတစ်ခုလုံးမှ ထာဝရကာလတစ်ခုလုံးသို့​တိုင်အောင် ရှိတော်မူသည့် ငါဖြစ်သည် ဟူသည့် ကြီးစွာသော​သူ၏၊ အကယ်​စင်စစ်၊ ယေရှု​ခရစ်တော်၏ အသံကို စေ့စေ့နားထောင်၍ နာယူကြလော့—

လောက၏​အလင်းနှင့် အသက်​ဖြစ်၏။ မှောင်မိုက်၌ တောက်ပသော​အလင်းဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်း​မရှိ။

အထွတ်အထိပ်​ကာလ၌ ငါ၏​အရပ်ဒေသသို့ ကြွလာတော်မူသောသူပင် ဖြစ်သော်လည်း ငါ၏​လူမျိုးတို့သည် ငါ့ကို​လက်ခံခြင်း​မရှိကြ။

သို့ရာတွင်၊ ငါ့ကို လက်ခံသူ​မှန်သမျှအား ငါ၏​သားများ​ဖြစ်လာကြ​စေခြင်းငှာ၊ တန်ခိုးကို ငါပေးတော်မူ၏။ ထိုကဲ့သို့ပင်၊ ငါ့ကို လက်ခံမည့်သူ​မှန်သမျှအား ငါ၏​သားများ​ဖြစ်လာကြ​စေခြင်းငှာ၊ ငါတန်ခိုး​ပေးတော်မူမည်။

သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို လက်ခံသော​သူသည် ငါ့ကို လက်ခံ၏။ ငါ၏​ဧဝံဂေလိ​တရားတော်ကို လက်ခံခြင်း​မရှိသော​သူသည် ငါ့ကို လက်ခံခြင်း​မရှိ။

ငါ၏​ဤဧဝံဂေလိ​တရားတော်သည်ကား—နောင်တရခြင်းနှင့်​ရေဖြင့်​ဗတ္တိဇံ၊ ထို့နောက်တွင်၊ မီးဖြင့်​လည်းကောင်း၊ အရာခပ်သိမ်းတို့ကို​ပြပြီး၊ နိုင်ငံတော်၏​ငြိမ်းချမ်းသော​အရာများကို သွန်သင်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော နှစ်သိမ့်စေသောသူဖြင့်​လည်းကောင်း​ဗတ္တိဇံ ဖြစ်လာ၏။

ယခု​မူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်​ဂျိမ်းစ်၊ ငါသည် သင်၏​အမှုများကို ကြည့်ရှုတော်မူ၍ ငါသည် သင့်ကို သိ၏။

သင့်ကို ငါအမှန်​ဆိုသည်ကား၊ သင်၏​စိတ်နှလုံးသည် ဤအချိန်တွင် ငါ့ရှေ့၌ ယခု​ဖြောင့်မတ်၏။ ထို့အတူ၊ ရှုလော့၊ ငါသည် ကြီးစွာသော​ကောင်းချီးမင်္ဂလာများကို သင့်ဦးခေါင်းပေါ် ပေးတော်မူ​လေပြီ။

သို့သော်လည်း၊ သင်သည် ကြီးစွာသော​ဝမ်းနည်းခြင်းကို ခံစားရ​လေပြီ။ အကြောင်းမူကား၊ သင်သည် မာနနှင့် လောကီ​စိုးရိမ်မှုများကြောင့် ငါ့ကို အကြိမ်များစွာ ငြင်းပယ်​လေပြီ။

၁၀ သို့ရာတွင်၊ ရှုလော့၊ သင့်ကို မိန့်တော်မူ​လေသည့် ထ၍ ဗတ္တိဇံခံလော့၊ ထို့အတူ သင်၏​အပြစ်များကို ဆေးကြောလော့၊ ငါ၏​နာမတော်ကို ပတ္ထနာပြုလျက်နေလော့၊ ငါ၏​ဝိညာဉ်တော်ကို၊ ထို့အတူ၊ သင်အဘယ်သော​အခါကမျှ​မသိလေသည့် အလွန်​ကြီးစွာသော ကောင်းချီး​မင်္ဂလာကို လက်ခံ​ရရှိ​လိမ့်မည် ဟု​ဆိုသည့် ငါ၏​အသံကို စေ့စေ့နားထောင်လျှင်၊ သင်၏ လွတ်မြောက်ရာ​ကာလ ကျရောက်​လာ၏။

၁၁ သင်သည် ဤအမှုကို လုပ်ဆောင်လျှင်၊ ငါသည် သင့်ကို သာ၍​ကြီးစွာသော​အမှု​အတွက် ပြင်ဆင်တော်မူ​လေပြီ။ ဤနောက်ဆုံးသော​ကာလ၌ ငါစေလွှတ်​လေသည့် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်အစုံ၊ ဣသရေလ​အမျိုးသားများ​ဖြစ်သော ငါ၏​လူမျိုးတို့ကို ကယ်ယူဖို့ ငါစေလွှတ်သည့် ပဋိညာဉ်ကို သင်ဟောပြော​ရမည်။

၁၂ ဤသို့အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ တန်ခိုးသည် သင့်ပေါ်မှာ ကျိန်းဝပ်​လိမ့်မည်။ သင့်မှာ ကြီးစွာသော ယုံကြည်ခြင်း​ရှိလိမ့်မည်။ ငါသည်လည်း သင်နှင့်​အတူ​ရှိတော်မူပြီး၊ သင့်ရှေ့မှ ကြွတော်မူမည်။

၁၃ သင်သည် ငါ၏​စပျစ်ဥယျာဉ်ထဲမှာ အလုပ်​လုပ်စေဖို့၊ ထို့အတူ ငါ၏​အသင်းတော်ကို တည်ဆောက်​စေဖို့၊ ထို့အတူ ဇိအုန်ကို တောင်ကုန်း​ပေါ်မှာ ရွှင်လန်း​ဝမ်းမြောက်ပြီး ဖွံ့ဖြိုးတိုးတက်​စေကြောင်း တည်ဆောက်စေဖို့ ခေါ်သွင်းတော်မူခြင်း ခံရ၏။

၁၄ ရှုလော့၊ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်သည် အရှေ့ပိုင်း​တိုင်းပြည်များ​ထဲသို့ သွားစေဖို့ ခေါ်သွင်းမခံရ၊ သို့ရာတွင်၊ အိုဟိုင်းရိုသို့ သွားစေဖို့ ခေါ်သွင်းခံရ၏။

၁၅ ငါ၏​လူမျိုးတို့သည် အိုဟိုင်းရို၌ သူတို့ကိုယ်​သူတို့ စည်းဝေးကြသမျှ၊ လူသားတို့၌ မသိဖူး​သေးသော ကောင်းချီးမင်္ဂလာကို ငါသိမ်းထား​လေပြီး၊ သူတို့​ဦးခေါင်းပေါ်မှာ သွန်းလောင်းတော်မူမည်။ ထိုအရပ်မှနေ၍၊ လူတို့သည် ခပ်သိမ်းသော​ပြည်များ​ထဲသို့ ထွက်သွား​ကြရ​လိမ့်မည်။

၁၆ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ပြည်သားတို့​အပေါ် တရား​စီရင်တော်မူ​ရာတွင် ငါ၏​လက်တော်ကို ငါရုပ်သိမ်း​လိမ့်မည်ဟု အိုဟိုင်းရို၌​ရှိသော​လူတို့​စဉ်းစားလျက် များစွာသော​ယုံကြည်ခြင်းနှင့် ငါ့ကို ပတ္ထနာပြုကြ​သော်လည်း ငါ၏​နှုတ်ကပတ်တော်ကို ငါမငြင်းဆိုနိုင်။

၁၇ သို့ဖြစ်၍ သင်၏​အစွမ်းသတ္တိ​ရှိသမျှနှင့် ကြိုးစားလော့၊ သစ္စာရှိသော​အလုပ်​လုပ်သူများကို ငါ၏​စပျစ်ဥယျာဉ်​ထဲသို့ ခေါ်သွင်းလော့။ နောက်ဆုံး​အကြိမ်​အဖြစ် သုတ်သင်​နိုင်ခြင်းငှာ​ပေတည်း။

၁၈ သူတို့သည် နောင်တရကြပြီး ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို လက်ခံ​ရရှိကြလျက်၊ သန့်ရှင်း​စင်ကြယ်​လာစေကြ​သမျှ၊ တရား​စီရင်တော်မူရာတွင် ငါ၏​လက်တော်ကို ငါရုပ်သိမ်း​လိမ့်မည်။

၁၉ သို့ဖြစ်၍၊ ထွက်သွားလော့၊ ကျယ်သော​အသံနှင့်​ဆို၍၊ ကောင်းကင်​နိုင်ငံတော်​တည်လု​နီးပြီဟု ဟစ်ကြွေးလော့။ ဟောရှဏ္ဏ​ဖြစ်စေ​သတည်း။ အမြင့်ဆုံးသော​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်းဟု ဟစ်ကြွေးလော့။

၂၀ ထွက်သွားပြီး ရေနှင့်​ဗတ္တိဇံပေးလော့၊ ငါကြွလာတော်မူသည့်​အချိန်​အတွက် ငါ့ရှေ့မှာ လမ်းကို ပြင်ဆင်လော့။

၂၁ အကြောင်းမူကား၊ အချိန်သည် နီးကပ်​လာပေပြီ။ နေ့ကို​ဖြစ်စေ၊ အချိန်​နာရီကို​ဖြစ်စေ အဘယ်​သူမျှ​မသိ။ သို့ရာတွင်၊ ဧကန်​အမှန်​ကျရောက်လာ​လိမ့်မည်။

၂၂ ဤအရာတို့ကို လက်ခံသော​သူသည် ငါ့ကို လက်ခံ၏။ ထိုသူတို့ကိုလည်း ယခု​ကာလနှင့် ထာဝရ​ကာလ၌ ငါ့ထံသို့ စုဝေးစေ​လိမ့်မည်။

၂၃ ထိုမှတစ်ဖန်၊ အချိန်တန်​လာလတ္တံ့​သောအခါ၊ ရေဖြင့် သင်တို့​ဗတ္တိဇံ​ပေးမည့်သူ​မှန်သမျှ​အပေါ်၊ သင်တို့၏​လက်ကို တင်ရမည်။ သူတို့သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးကို လက်ခံ​ရရှိလျက်၊ ငါကြွလာတော်မူခြင်း၏​နိမိတ်​လက္ခဏာတို့ကို မျှော်လင့်​နေကြ​လိမ့်မည်။ ငါ့ကို သိကြ​လိမ့်မည်။

၂၄ ရှုလော့၊ ငါသည် အလျင်​အမြန်​လာမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။