အပိုဒ်ငယ် ၄၉
၁၈၃၁ ခု၊ မေလ ၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ဆစ်ဒနီရစ်ဂဒွန်၊ ပါလီပီပရတ်နှင့် လေမန်ကိုပလေးသို့ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ လေမန်ကိုပလေးသည် ဧဝံဂေလိတရားတော်ကို လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သော်လည်း၊ သူယခင်က အသင်းဝင်ဖြစ်ခဲ့ရာ ရှိတ်ကာ (ယူနိုက်တက် ဆိုရှိုင်းရတီအော့ ဘီလိဗာအင် ခရိုက်စ်စက်ကန်း အပီးရားရင်း) သွန်သင်ခြင်း၌ တည်လျက်ရှိသေး၏။ ရှိတ်ကာတို့၏ ယုံကြည်မှုများထဲမှ အချို့သည်ကား၊ ခရစ်တော်၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းသည် ဖြစ်ပွားခဲ့နှင့်လေပြီး၊ သူသည် မိန်းမတစ်ဦး၊ အန်းလီအသွင်ဖြင့်ပေါ်လာလေပြီးဖြစ်သည်ဟု ဆို၏။ သူတို့သည် ရေဖြင့်ဗတ္တိဇံခံခြင်းကို မရှိမဖြစ် မလိုအပ်ဟု မထင်မှတ်ကြ။ သူတို့သည် အိမ်ထောင်ပြုခြင်းကို ငြင်းပယ်ကြပြီး၊ လိင်ကိစ္စလုံးဝကင်းရှင်းသောဘဝကို ယုံကြည်ကြ၏။ အချို့သောရှိတ်ကာတို့သည် အသားစားခြင်းကိုလည်း တားမြစ်ကြ၏။ ဤဗျာဒိတ်တော်၏ ကျမ်းဦးစကားအဖြစ်၊ ဂျိုးဇက်စမစ်၏သမိုင်းက၊ “ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍၊ ပိုပြီးစုံလင်သောနားလည်ခြင်းကို ရရှိခြင်းငှာ၊ ကျွန်ုပ်သည် ကိုယ်တော်ရှင်ထံမေးလျှောက်၍၊ အောက်ပါတို့ကို လက်ခံရရှိခဲ့၏”ဟု ဖော်ပြ၏။ ဗျာဒိတ်တော်သည် ရှိတ်ကာအဖွဲ့၏ အခြေခံအယူအဆများထဲမှ အချို့ကို ချေပငြင်းဆို၏။ အထက်တွင်ဆိုခဲ့ပြီးဖြစ်သော ညီအစ်ကိုတို့သည် ဗျာဒိတ်တော်ရေးကူးသောစာတစ်စောင်ကို ရှိတ်ကာအသိုင်းအဝိုင်း (ကလိဗ်လန်းအနီး၊ အိုဟိုင်းရို)သို့ ယူသွားခဲ့ပြီး၊ တစ်စောင်လုံးကို ထိုသူတို့ထံ ဖတ်ပြခဲ့၏၊ သို့ရာတွင် ၎င်းသည်ငြင်းပယ်ခံရ၏။
၁–၇၊ ခရစ်တော်ကြွလာတော်မူရာနေ့နှင့်နာရီကို သူကြွလာတော်မူသည့်တိုင်အောင် မသိရဘဲရှိနေလိမ့်မည်။ ၈–၁၄၊ လူသားတို့သည် ကယ်တင်ခြင်းကို ရရှိရန်၊ နောင်တရ၍၊ ဧဝံဂေလိတရားတော်ကို ယုံကြည်ပြီး၊ ဘိသိက်မင်္ဂလာများကို နာခံရမည်။ ၁၅–၁၆၊ အိမ်ထောင်ပြုခြင်းသည် ဘုရားသခင်တည်ထောင်ထားသော အရာဖြစ်၏။ ၁၇–၂၁၊ အသားစားခြင်းကို အတည်ပြု၏။ ၂၂–၂၈၊ ဇိအုန်သည် ဖွံ့ဖြိုးတိုးတက်၍၊ လာမန်အမျိုးသားတို့သည် ဒုတိယအကြိမ်ကြွလာတော်မူခြင်းမတိုင်မီ၊ နှင်းဆီပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။
၁ ငါ၏စကားကို စေ့စေ့နားထောင်ကြလော့၊ ငါ့ကျွန်များဖြစ်သည့် ဆစ်ဒနီ၊ ပါလီနှင့် လေမန်။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် သင်တို့လက်ခံရရှိပြီးလေသည့် ငါ၏ဧဝံဂေလိတရားတော်ကို သင်တို့လက်ခံရရှိပြီးလေသည့်အတိုင်းပင် ရှိတ်ကာတို့ကို သင်တို့သွား၍၊ ဟောပြောရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။
၂ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် သမ္မာတရားကို တစ်စိတ်တစ်ပိုင်းမျှသာ သိဖို့ အလိုရှိကြ၏၊ အလုံးစုံမဟုတ်၊ အကြောင်းမူကား၊ သူတို့သည် ငါ့ရှေ့၌ မဖြောင့်မှန်ကြ၍၊ နောင်တရကြရမည်။
၃ သို့ဖြစ်၍၊ ငါ့ကျွန်များဖြစ်သည့် သင်တို့၊ ဆစ်ဒနီနှင့် ပါလီကို သူတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောစေဖို့ ငါစေလွှတ်တော်မူ၏။
၄ ငါ့ကျွန်လေမန်သည် ဤအမှုတော်သို့ ခန့်ထားခံရလိမ့်မည်၊ သူတို့ထံမှ သူလက်ခံရရှိလေသည့်အရာအတိုင်း မဟုတ်ဘဲ၊ ငါ့ကျွန်များဖြစ်သည့် သင်တို့အားဖြင့် သူသွန်သင်ခံရမည့်အရာအတိုင်း သူတို့နှင့် သူဆွေးနွေးနိုင်စေကြောင်းပေတည်း။ ထိုသို့ပြုခြင်းအားဖြင့်၊ ငါသည် သူ့ကို ကောင်းချီးပေးတော်မူမည်၊ ထိုသို့မဟုတ်လျှင်၊ သူသည် မအောင်မြင်ရ။
၅ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ၊ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ဖြစ်၏၊ လောကကို ရွေးနုတ်ခြင်းအတွက်၊ ငါ၏တစ်ပါးတည်းသောသားတော်ကို လောကထဲသို့ စေလွှတ်တော်မူ၏၊ သူ့ကို လက်ခံသောသူအား ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း၊ သူ့ကို လက်ခံခြင်းမရှိသောသူအား အပြစ်စီရင်ခံရမည့်အကြောင်းကိုလည်း စီရင်တော်မူလေပြီ—
၆ သူတို့သည် လူသားတော်ကို ပြုချင်သလိုပြုကြလေပြီ။ သူသည်လည်း ဘုန်းတော်၏ လက်ယာတော်ဘက်၌ သူ၏တန်ခိုးကို ဆောင်ယူလေပြီ၊ ယခုမူကား၊ ကောင်းကင်ဘုံ၌ အုပ်စိုးတော်မူ၏၊ ခပ်သိမ်းသောရန်သူတို့ကို သူ၏ခြေအောက်၌ ချထားဖို့ မြေကြီးပေါ်သို့ သူဆင်းသက်တော်မူသည့်တိုင်အောင်လည်း အုပ်စိုးတော်မူလိမ့်မည်၊ ထိုအချိန်သည် နီးကပ်လာပေပြီ—
၇ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်၊ မိန့်တော်မူလေပြီ။ သို့ရာတွင်၊ အချိန်နာရီနှင့်နေ့ကို အဘယ်သူမျှမသိ၊ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ၊ သူကြွလာတော်မမူမီ သူတို့သိကြမည်မဟုတ်။
၈ သို့ဖြစ်၍၊ လူသားအပေါင်းတို့ နောင်တရစေဖို့ ငါအလိုရှိ၏၊ အကြောင်းမူကား၊ သင်တို့သိခြင်းမရှိသည့် သန့်ရှင်းသူများဖြစ်သည့် ငါ့အဖို့ ငါသိမ်းထားသောသူတို့မှတစ်ပါး၊ ခပ်သိမ်းသောသူတို့သည် အပြစ်အောက်၌ ရှိကြ၏၊
၉ သို့ဖြစ်၍၊ သင်တို့ကို ငါဆိုသည်ကား၊ ရှေးဦးစွာကတည်းကပင် ရှိလေသောအရာဖြစ်သည့် ငါ၏ထာဝရတည်မြဲသော ပဋိညာဉ်ကို သင်တို့ထံ ငါစေလွှတ်လေပြီ။
၁၀ ငါကတိထားတော်မူလေသည့်အရာကို ငါပြီးပြည့်စုံစေလေပြီ၊ မြေကြီးပေါ်ရှိပြည်သားတို့သည် ထိုအရာကို ဦးညွှတ်ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် ကိုယ်တိုင်အားဖြင့် မဟုတ်လျှင်၊ နှိမ့်ချကြလိမ့်မည်၊ အကြောင်းမူကား၊ ယခုအချိန်၌ မိမိဘာသာချီးမြှောက်ခံရသောသူသည် တန်ခိုးအရာ၌ နှိမ့်ချခံရလိမ့်မည်။
၁၁ သို့ဖြစ်၍၊ ငါသည် သင်တို့ဤလူမျိုးတို့၌ သွား၍၊ ရှေးကငါ၏တမန်တော်ကဲ့သို့ သူတို့ကို ဆိုရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏၊ ထိုတမန်တော်၏ အမည်ကား ပေတရုဖြစ်၏။
၁၂ မြေကြီးပေါ်မှာ ရှိတော်မူခဲ့လေပြီး၊ ကြွလာတော်မူမည့်၊ အစနှင့် အဆုံးဖြစ်သည့် ကိုယ်တော်ရှင်ယေရှု၏ နာမတော်ကို ယုံကြည်ကြလော့။
၁၃ အပြစ်များမှ လွှတ်ခြင်းအတွက်၊ နောင်တရပြီး၊ သန့်ရှင်းသောပညတ်တော်အတိုင်း၊ ယေရှုခရစ်တော်၏ နာမတော်၌ ဗတ္တိဇံခံကြလော့။
၁၄ ဤသို့ပြုသူမှန်သမျှသည် အသင်းတော်၏အသင်းလူကြီးများလက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိလိမ့်မည်။
၁၅ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ အိမ်ထောင်ပြုခြင်းကို တားမြစ်သူမှန်သမျှသည် ဘုရားသခင်ခန့်ထားသောသူမဟုတ်၊ အကြောင်းမူကား၊ အိမ်ထောင်ပြုခြင်းသည် လူသားအဖို့ ဘုရားသခင်တည်ထောင်ထားသောအရာဖြစ်၏။
၁၆ သို့ဖြစ်၍၊ အကြင်သူသည် ဇနီးတစ်ယောက်ရှိရမည်မှာ တရား၏၊ ထိုသူနှစ်ဦးသည်လည်း တစ်ဦးတည်းဖြစ်လိမ့်မည်၊ ခပ်သိမ်းသော ဤအရာတို့သည်ကား၊ မြေကြီးသည် မိမိဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံနိုင်စေကြောင်းပေတည်း။
၁၇ ကမ္ဘာကို မဖန်ဆင်းမီက လူသား၏ဖန်ဆင်းခြင်းအတိုင်း ၎င်းကို လူသားအရေအတွက်ဖြင့် ပြည့်နိုင်စေကြောင်းလည်းဖြစ်၏။
၁၈ လူသည် မိမိအသားကဲ့သို့သော အရာကို မစားသင့်ကြောင်း၊ အသားစားခြင်းကို ရှောင်ဖို့ တားမြစ်သူမှန်သမျှသည် ဘုရားသခင်ခန့်ထားသောသူမဟုတ်။
၁၉ အကြောင်းမူကား၊ ရှုလော့၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်၊ ထို့အတူ၊ မြေကြီးမှ ထွက်သောအရာတို့ကို လူသားအသုံးပြုစရာအတွက် အစာအဖြစ်လည်းကောင်း၊ အဝတ်အဖြစ်လည်းကောင်း မြောက်မြားစွာရှိနိုင်စေကြောင်း ခန့်ထားပေ၏။
၂၀ သို့ရာတွင်၊ လူတစ်ယောက်ကို တခြားသူတစ်ယောက်ထက် သာ၍ ပိုင်ဆိုင်စေရန် အခွင့်ပေးမထားပေ၊ သို့ဖြစ်၍၊ လောကသည် အပြစ်သို့ရောက်၏။
၂၁ အသွေးကို သွန်းလောင်းသော သို့မဟုတ် မလိုအပ်ဘဲ အသားကို ဖြုန်းတီးသောသူသည် အမင်္ဂလာရှိ၏။
၂၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ လူသားတော်သည် မိန်းမတစ်ဦးအသွင်ဖြင့် မကြွလာ၊ မြေကြီးပေါ်မှာ ခရီးသွားနေသောသူတစ်ဦးအသွင်ဖြင့်လည်း မကြွလာ။
၂၃ သို့ဖြစ်၍၊ လှည့်စားမခံရကြစေနှင့်၊ သို့ရာတွင် မြဲမြံခြင်း၌ ဆက်၍ ရှိကြလော့၊ ကောင်းကင်လှုပ်၍၊ မြေကြီးတုန်လျက် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိသည်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းများ မြင့်တက်သည်ကိုလည်းကောင်း၊ တောင်များ နိမ့်စေသည်ကိုလည်းကောင်း၊ ကြမ်းတမ်းသောနေရာများ ညီညာလာစေသည်ကိုလည်းကောင်း စောင့်မျှော်နေကြလော့—ကောင်းကင်တမန်က မိမိတံပိုးကိုမှုတ်သောအခါ၊ ခပ်သိမ်းသော ဤအရာတို့ဖြစ်လာလိမ့်မည်။
၂၄ သို့ရာတွင်၊ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့ ကျရောက်မလာမီ၊ ယာကုပ်အမျိုးသည် တောရိုင်းထဲ၌ ဖွံ့ဖြိုးတိုးတက်လိမ့်မည်၊ လာမန်အမျိုးသားတို့သည်လည်း နှင်းဆီပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။
၂၅ ဇိအုန်သည် တောင်ကုန်းများပေါ်မှာ ဖွံ့ဖြိုးတိုးတက်၍၊ တောင်များပေါ်မှာ ရွှင်လန်းဝမ်းမြောက်လိမ့်မည်၊ ငါခန့်အပ်ထားလေသည့်နေရာသို့ အတူတကွစည်းဝေးလိမ့်မည်။
၂၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့ကို ငါမိန့်တော်မူလေသည့်အတိုင်း ထွက်သွားကြလော့။ သင်တို့၏ ခပ်သိမ်းသောအပြစ်များမှ နောင်တရကြလော့။ တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေးလိမ့်မည်။
၂၇ ရှုလော့၊ ငါသည် သင်တို့ရှေ့မှ ကြွတော်မူ၍၊ နောက်မှာလည်း သင်တို့၏ အကာအကွယ် ဖြစ်တော်မူမည်။ ငါသည် သင်တို့အလယ်၌လည်းရှိတော်မူမည်၊ သင်တို့သည် မရှုံးနိမ့်ရ။
၂၈ ရှုလော့၊ ငါသည် ယေရှုခရစ်တော်ဖြစ်၏၊ ငါသည် အလျင်အမြန်လာမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။