ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၈


အပိုဒ်ငယ် ၁၈

၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်၊ အော်လီဗာ​ကောင်ဒရီနှင့် ဒေးဗစ်​ဝှစ်တမာတို့ထံ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်၏ အဆိုအရ၊ “နောက်ပိုင်း​ကာလ၌ တမန်တော်​တစ်ဆယ့်နှစ်ပါး၏ အမှုတော်ဆောင်တာဝန်၊ ထို့အတူ၊ အသင်းတော်ကို​တည်ထောင်ခြင်းနှင့်​စပ်လျဉ်းသည့် သွန်သင်ချက်များကို” ဤဗျာဒိတ်တော်က ဖော်ပြ၏။

၁–၅၊ အသင်းတော်ကို မည်သို့​တည်ထောင်ရန် ကျမ်းစာများက ဖော်ပြ၏။ ၆–၈၊ လောကသည် ဒုစရိုက်၌ ရင့်မှည့်လျက်ရှိ၏။ ၉–၁၆၊ လူတို့၏​ထိုက်တန်မှုသည် ကြီးမြတ်၏။ ၁၇–၂၅၊ ကယ်တင်ခြင်းကို ရရှိဖို့၊ လူသားတို့သည် မိမိတို့​အပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူ​ကြရမည်။ ၂၆–၃၆၊ တစ်ဆယ့်နှစ်ပါး၏ အမှုတော်ဆောင်တာဝန်နှင့် သာသနာပြုခြင်းကို ဖော်ပြထား၏။ ၃၇–၃၉၊ အော်လီဗာ​ကောင်ဒရီနှင့် ဒေးဗစ်​ဝှစ်တမာတို့သည် တစ်ဆယ့်နှစ်ပါးကို ရှာဖွေ​ရကြမည်။ ၄၀–၄၇၊ ကယ်တင်ခြင်းကို ရရှိဖို့၊ လူသားတို့သည် နောင်တရ၍၊ ဗတ္တိဇံခံလျက်၊ ပညတ်တော်များကို စောင့်ထိန်း​ရမည်။

ယခုတွင်၊ ရှုလော့၊ သင်၊ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီ ငါ့ထံမှ​သိလိုသော​အရာကြောင့်၊ ငါသည် သင့်အား ဤနှုတ်ကပတ်တော်များကို ပေး၏။

ရှုလော့၊ သင်ရေးလေသည့်​အရာများ မှန်ကန်ကြောင်း၊ ငါသည် သင့်ကို ငါ၏​ဝိညာဉ်တော်​အားဖြင့် ကြိမ်ဖန်များစွာ ထင်ရှားစွာပြလေပြီ။ သို့ဖြစ်၍၊ ထိုအရာတို့​မှန်ကန်ကြောင်းကို သင်သိ၏။

သင်သည် ထိုအရာတို့​မှန်ကန်ကြောင်းသိလျှင်၊ ရှုလော့၊ ငါသည် ရေးထားသော​အရာများအပေါ် သင်မှီခိုရမည့်​အကြောင်း သင့်အား ပညတ်တော်ကို ပေး၏။

အကြောင်းမူကား၊ ထိုအရာတို့​အထဲတွင်၊ ငါ၏​အသင်းတော်၊ ငါ၏​ဧဝံဂေလိ​တရားတော်နှင့် ငါ့ကျောက်၏ အုတ်မြစ်​အကြောင်း ခပ်သိမ်းသော​အရာများကို ရေးထား၏။

သို့ဖြစ်၍၊ သင်သည် ငါ၏​ဧဝံဂေလိ​တရားတော်နှင့် ငါ့ကျောက်၏​အုတ်မြစ်ပေါ်မှာ ငါ၏ အသင်းတော်ကို တည်ဆောက်မည်​ဆိုလျှင်၊ ငရဲ၏​တံခါးတို့သည် သင့်ကို မနိုင်ရာ။

ရှုလော့၊ လောကသည် ဒုစရိုက်၌ ရင့်မှည့်လျက်​ရှိ၏။ တပါး​အမျိုးသားနှင့် ဣသရေလ​အမျိုးသားများလည်း​ဖြစ်သည့် လူသားတို့သည် နောင်တရခြင်းသို့ နှိုးဆော်​ခံရရန် လိုအပ်၏။

သို့ဖြစ်၍၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို ငါမိန့်တော်မူ​လေသည့်​အတိုင်း သူ့လက်​အားဖြင့် သင်ဗတ္တိဇံခံလေပြီး​ဖြစ်သဖြင့်၊ သူသည် ငါမိန့်တော်မူသည့် အရာကို ပြီးပြည့်စုံစေ​လေပြီ။

ယခုမူကား၊ ငါသိမှတ်တော်မူသည့် ငါကိုယ်တိုင်၏ ကြံရွယ်ချက်​အတွက် သူ့အား ငါခေါ်သွင်းတော်မူ​လေသည်ကို အံ့ဩခြင်း​မရှိနှင့်။ သို့ဖြစ်၍၊ သူသည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လ​ဝီရိယ​ရှိမည်​ဆိုလျှင်၊ ထာဝရ​အသက်အထိ ကောင်းချီးခံစားရ​လိမ့်မည်။ သူ၏​အမည်မှာ ဂျိုးဇက်​ဖြစ်၏။

ယခုမူကား၊ အော်လီဗာ​ကောင်ဒရီ၊ ထို့အတူ ဒေးဗစ်​ဝှစ်တမာ၊ ငါသည် သင်တို့ကို ပညတ်တော်​အတိုင်း မိန့်တော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် နေရာတိုင်း​ရှိ ခပ်သိမ်းသောလူတို့အား နောင်တရရန် မိန့်တော်မူ၏။ ငါ့တမန်တော်​ပေါလုကို ကဲ့သို့ပင် သင်တို့ကို မိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် သူခေါ်သွင်းခံရ​လေသည့် ထိုတူသော​အမှုတော်ဆောင်​တာဝန်ဖြင့်ပင် ခေါ်သွင်းခံရကြ၏။

၁၀ ဘုရားသခင်၏​အမြင်၌ လူတို့၏​ထိုက်တန်မှု​ကြီးမြတ်ကြောင်းကို သတိရကြလော့။

၁၁ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် သင်၏​ရွေးနုတ်ရှင်သည် ဇာတိ​ကိုယ်​ခန္ဓာအားဖြင့် သေခြင်းကို ခံစား၏။ သို့ဖြစ်၍၊ သူသည် ခပ်သိမ်းသော လူသားတို့နောင်တရ၍ သူ့ထံသို့ လာနိုင်ကြ​စေကြောင်း၊ ခပ်သိမ်းသော လူသား​တို့၏ နာကျင်မှုကို ခံစားတော်မူ၏။

၁၂ ခပ်သိမ်းသော လူသား​အပေါင်းတို့ကို နောင်တရခြင်း​အခွင့်များဖြင့် သူ့ထံသို့ ဆောင်ယူနိုင်​စေကြောင်း၊ သေခြင်းမှ တစ်ဖန်​ထမြောက်တော်မူ၏။

၁၃ နောင်တရသူ၌ သူ၏​ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်လှပေစွ​တကား။

၁၄ သို့ဖြစ်၍၊ သင်တို့သည် ဤလူတို့အား နောင်တရခြင်းကို ဟစ်ကြော်​စေခြင်းငှာ ခေါ်သွင်း​ခံရကြ၏။

၁၅ ထိုသို့ဆိုလျှင်၊ သင်တို့သည် ဤလူတို့အား နောင်တရခြင်းကို ဟစ်ကြော်ခြင်း၌ တစ်သက်လုံး အလုပ်​လုပ်ပြီး၊ လူတစ်ယောက်ကိုသာ ငါ့ထံသို့ ဆောင်ယူလျှင်၊ ငါ့ခမည်းတော်၏​နိုင်ငံတော်၌ ထိုသူနှင့်အတူ သင်တို့၏​ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်လတ္တံ့ပေစွ​တကား။

၁၆ ယခုမူကား၊ ငါ့ထံ ငါ့ခမည်းတော်၏​နိုင်ငံတော်ထဲသို့ သင်တို့​ဆောင်ယူ​လေသည့် သူတစ်ယောက်နှင့်​အတူ သင်တို့၏​ဝမ်းမြောက်ခြင်း ကြီးစွာ​ဖြစ်မည်​ဆိုလျှင်၊ သင်တို့သည် များစွာသော​လူတို့ကို ငါ့ထံ​ဆောင်ယူမည်​ဆိုပါက သင်တို့၏​ဝမ်းမြောက်ခြင်းမှာ အဘယ်မျှ​ကြီးစွာ​ဖြစ်လိမ့်မည်နည်း။

၁၇ ရှုလော့၊ သင်တို့ရှေ့မှာ ငါ၏​ဧဝံဂေလိ​တရားတော်၊ ထို့အတူ ငါ၏​ကျောက်၊ ထို့အတူ ငါ၏​ကယ်တင်ခြင်း​ရှိ၏။

၁၈ သင်တို့သည် ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းကြလော့။ သင့်လျော်သော​အရာ​မှန်သမျှကို လူသားတို့ထံ ထင်ရှားစွာ​ပြသည့် သန့်ရှင်းသော​ဝိညာဉ်တော်ကို သင်တို့​ရရှိကြ​လိမ့်မည်။

၁၉ သင်တို့မှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ မရှိကြလျှင်၊ သင်တို့သည် အဘယ်​အရာကိုမျှ မပြုနိုင်ကြ။

၂၀ နတ်ဆိုး၏​အသင်းတော်ကို​မှတစ်ပါး၊ အဘယ်​အသင်းတော်ကိုမျှ မဆန့်ကျင်​မတိုက်ခိုက်နှင့်။

၂၁ သင်တို့​အပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူကြလော့။ သမ္မတရားကို တည်ကြည်​လေးနက်စွာ ဟောပြောလော့။

၂၂ နောင်တရ၍၊ ယေရှု​ခရစ်တော်​တည်းဟူသော ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံပြီး၊ အဆုံး​တိုင်အောင်​တည်ကြည်သူ​မှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

၂၃ ရှုလော့၊ ယေရှု​ခရစ်တော်​ဟူသည်ကား၊ ခမည်းတော်​အားဖြင့် ပေးထားတော်မူသည့် နာမတော်​ဖြစ်၏။ လူသား​ကယ်တင်ခြင်းသို့ ရောက်နိုင်သည့် ပေးထားသော​အခြားနာမ၊ မရှိ။

၂၄ သို့ဖြစ်၍၊ လူသား​အပေါင်းတို့သည် ခမည်းတော်​အားဖြင့် ပေးထားတော်မူသည့်​နာမတော်ကို မိမိတို့​အပေါ်မှာ ခံယူ​ကြရမည်။ အကြောင်းမူကား၊ နောက်ဆုံးသောနေ့၌ ထိုနာမတော်​အားဖြင့် သူတို့ အခေါ်ခံကြရ​လိမ့်မည်။

၂၅ သို့ဖြစ်၍၊ သူတို့သည် အခေါ်ခံရသည့် နာမတော်ကို သိခြင်း​မရှိလျှင်၊ ငါ့ခမည်းတော်၏​နိုင်ငံတော်၌ နေရာ​မရနိုင်ကြ။

၂၆ ယခုမူကား၊ ရှုလော့၊ တပါး​အမျိုးသားနှင့် ယုဒ​လူမျိုး နှစ်မျိုးစလုံးသို့ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောကြားဖို့ ခေါ်သွင်းခံကြရသည့် အခြားသော​သူများ​ရှိ၏။

၂၇ အထူးသဖြင့်၊ တစ်ဆယ့်နှစ်ပါးသည် ခေါ်သွင်းခံရ​လိမ့်မည်။ ထိုတစ်ဆယ့်နှစ်ပါးသည် ငါ၏​တပည့်တော်များ​ဖြစ်ပြီး၊ သူတို့​အပေါ်၌ ငါ၏​နာမတော်ကို ခံယူကြ​လိမ့်မည်။ ထို​တစ်ဆယ့်​နှစ်ပါးသည်ကား၊ သူတို့​အပေါ်၌ ငါ၏​နာမတော်ကို စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် ခံယူလိုကြမည့်​သူများ​ပေတည်း။

၂၈ သူတို့​အပေါ်၌ ငါ၏​နာမတော်ကို စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် ခံယူလိုကြလျှင်၊ လူသတ္တဝါ​တိုင်းထံ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​စေခြင်းငှာ၊ လောက​တစ်ခုလုံးသို့ သွားစေဖို့ ခေါ်သွင်းခံရကြ၏။

၂၉ သူတို့သည်ကား၊ ရေးထားလေသည့်​အတိုင်း၊ ငါ၏​နာမတော်၌ ဗတ္တိဇံပေးစေခြင်းငှာ ငါအားဖြင့် ခန့်ထားခံရသော​သူများ​ဖြစ်၏။

၃၀ ရေးထားသော​အရာ သင်တို့​ရှေ့မှာ​ရှိ၏။ သို့ဖြစ်၍၊ သင်တို့သည် ရေးထားသော​စကားများ​အတိုင်း ထိုအမှုကို ဆောင်ရွက်​ရမည်။

၃၁ ယခုမူကား၊ သင်တို့၊ တစ်ဆယ့်​နှစ်ပါးကို ငါမိန့်တော်မူ​သည်ကား—​ရှုလော့၊ သင်တို့​အဖို့ ငါ၏​ကျေးဇူးတော်သည် လုံလောက်၏။ သင်တို့သည် ငါ့ရှေ့မှာ ဖြောင့်မတ်စွာ​ကျင့်ရမည်၊ အပြစ်​မပြုရ။

၃၂ ထို့အတူ၊ ရှုလော့၊ သင်တို့​သည်ကား၊ သင်တို့​အထဲ၌​ရှိသည့် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အတိုင်း၊ ထို့အတူ လူသားများသို့ ဘုရားသခင်​၏ အမှုတော်ဆောင်တာဝန်များနှင့် ဆုကျေးဇူးများ​အတိုင်း ယဇ်ပုရောဟိတ်များနှင့်​ဆရာများကို ခန့်ထား​စေခြင်းငှာ၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောကြားစေခြင်းငှာ၊ ငါအားဖြင့် ခန့်ထားခံရသောသူများ​ဖြစ်၏။

၃၃ ငါ၊ ယေရှု​ခရစ်တော်၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင်သည် ထိုအရာကို မိန့်တော်မူ​လေပြီ။

၃၄ ဤနှုတ်ကပတ်တော်များသည် လူသားတို့​ထံမှ​မဟုတ်၊ လူသားထံမှလည်း​မဟုတ်၊ သို့ရာတွင်၊ ငါ့ထံမှ ဖြစ်၏။ သို့ဖြစ်၍၊ ထိုအရာတို့သည် ငါ့ထံမှ​ဖြစ်ကြောင်းနှင့် လူသားထံမှ​မဟုတ်ကြောင်း သင်တို့​သက်သေခံကြရမည်။

၃၅ အကြောင်းမူကား၊ ထိုအရာတို့ကို သင်တို့ထံ မိန့်တော်မူ​သည်မှာ ငါ၏​အသံ​ဖြစ်၏။ ထိုအရာတို့ကို ငါ၏​ဝိညာဉ်တော်​အားဖြင့် သင်တို့ထံ​ပေးထားတော်မူ၏။ ငါ၏​တန်ခိုးတော်​အားဖြင့်လည်း သင်တို့သည် ထိုအရာတို့ကို တစ်ယောက်ကို​တစ်ယောက် ရွတ်ဖတ်နိုင်ကြ၏။ ငါ၏​တန်ခိုးတော်​အားဖြင့်​မှတစ်ပါး၊ ထိုအရာတို့ကို သင်တို့​မရရှိနိုင်ကြ။

၃၆ သို့ဖြစ်၍၊ သင်တို့သည် ငါ၏​အသံကို ကြားနာ​ကြလေပြီး၊ ငါ၏​နှုတ်ကပတ်တော်များကို သိကြကြောင်း သက်သေခံနိုင်ကြ၏။

၃၇ ယခု​မူကား၊ ရှုလော့၊ သင် အော်လီဗာ​ကောင်ဒရီ၊ ထို့အတူ၊ ဒေးဗစ်​ဝှစ်တမာကိုလည်း ငါတာဝန်ပေး​သည်မှာ၊ ငါမိန့်တော်မူ​လေသည့်​အရာများ​အကြောင်း အလိုဆန္ဒ​ရှိကြမည့်သူ​တည်းဟူသော တစ်ဆယ့်​နှစ်ပါးကို သင်တို့​ရှာဖွေကြ​ရမည်။

၃၈ သူတို့၏ အလိုဆန္ဒများနှင့် သူတို့၏​အကျင့်များ​အားဖြင့် သူတို့ကို သင်တို့​သိကြ​လိမ့်မည်။

၃၉ သင်တို့သည် သူတို့ကို တွေ့ရ​လေသော​အခါ၊ ဤအရာများကို သူတို့အား ပြရမည်။

၄၀ သင်တို့သည် လဲကျလျက် ငါ၏​နာမတော်​အားဖြင့် ခမည်းတော်ကို ကိုးကွယ်​ရမည်။

၄၁ သင်တို့သည်လည်း လောကသို့ ဟောပြော​ရမည်၊ ဆိုရမည်ကား၊ သင်တို့​နောင်တရပြီး ယေရှု​ခရစ်တော်၏​နာမတော်၌ ဗတ္တိဇံခံကြလော့။

၄၂ အကြောင်းမူကား၊ ခပ်သိမ်းသော ယောက်ျားများ နောင်တရပြီး၊ ဗတ္တိဇံခံရကြမည်။ ယောက်ျားများ​သာလျှင်​မဟုတ်ဘဲ၊ မိန်းမများ၊ ထို့အတူ တာဝန်ရှိသည့်​အသက်အရွယ်​ရောက်သူ ကလေးများလည်း​ပါဝင်၏။

၄၃ ယခုမူကား၊ သင်တို့သည် ဤအရာကို လက်ခံ​ရရှိလေပြီးနောက်တွင်၊ အရာရာ၌ ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ရမည်။

၄၄ လူသားများ နောင်တရခြင်းသို့ လာနိုင်ကြ​စေခြင်းငှာ၊ ထို့အတူ၊ ငါ့ခမည်းတော်၏​နိုင်ငံတော်သို့ လာနိုင်ကြ​စေခြင်းငှာ၊ သူတို့၏​များစွာသော​အပြစ်များကို နားသွင်းခြင်းသို့​တိုင်အောင် သူတို့၌ အံ့ဩဖွယ်​ကောင်းသော​အမှုကို သင်တို့​လက်များ​အားဖြင့် ငါပြုတော်မူမည်။

၄၅ သို့ဖြစ်၍၊ သင်တို့အား ငါပေးတော်မူသည့် ကောင်းချီး​မင်္ဂလာများသည် ခပ်သိမ်းသော​အရာတို့ထက် ကြီးမြတ်​ပေ၏။

၄၆ သင်တို့သည် ဤအရာကို လက်ခံ​ရရှိ​လေပြီးနောက်တွင်၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းခြင်း​မရှိလျှင်၊ ငါ့ခမည်းတော်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။

၄၇ ရှုလော့၊ ငါ၊ ယေရှု​ခရစ်တော်၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင်၊ ထို့အတူ သင်တို့၏​ရွေးနုတ်ရှင်သည် ငါ့ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ထိုအရာကို မိန့်တော်မူ​လေပြီ။ အာမင်။