အပိုဒ်ငယ် ၄၃
၁၈၃၁ ခု၊ ဖေဖော်ဝါရီလတွင်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ အသင်းတော်၏အသင်းသားအချို့သည် ဗျာဒိတ်ဟောသူများအဖြစ် မှားယွင်းစွာဆိုကြသော လူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရ၏။ ပရောဖက်သည်ကိုယ်တော်ရှင်ထံသို့မေးလျှောက်၍ အသင်းတော်၏အသင်းလူကြီးများသို့ ရည်ညွှန်းသည့် ဤစကားကို ရရှိခဲ့၏။ ပထမပိုင်းသည် အသင်းတော်မူဝါဒကိစ္စများနှင့် စပ်ဆိုင်၏။ နောက်ပိုင်း၌ အသင်းလူကြီးများ မြေကြီးပေါ်ရှိပြည်သားတို့ကို ဟောပြောရမည့်အကြောင်း သတိပေးခြင်းပါဝင်၏။
၁–၇၊ ဗျာဒိတ်တော်များနှင့်ပညတ်တော်များသည် ခန့်အပ်ထားသောသူများအားဖြင့်သာ ရောက်လာ၏။ ၈–၁၄၊ သန့်ရှင်းသူများသည် ကိုယ်တော်ရှင်ရှေ့၌ အလုံးစုံသောသန့်ရှင်းခြင်းဖြင့် ပြုမူခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေကြ၏။ ၁၅–၂၂၊ နောင်တရခြင်းကို ဟစ်ကြော်ရန်နှင့် လူတို့အား ကိုယ်တော်ရှင်၏ကြီးစွာသောနေ့အတွက်ပြင်ဆင်ရန် အသင်းလူကြီးများကို စေလွှတ်၏။ ၂၃–၂၈၊ ကိုယ်တော်ရှင်သည် လူတို့ကို သူကိုယ်တိုင်၏အသံနှင့် လောကဓာတ်၏အင်အားများဖြင့် ခေါ်တော်မူ၏။ ၂၉–၃၅၊ အနှစ်တစ်ထောင်ကာလနှင့် စာတန်ကိုချုပ်နှောင်ခြင်း ရောက်လာလိမ့်မည်။
၁ အို ငါ၏အသင်းတော်မှ အသင်အသင်းလူကြီးတို့၊ စေ့စေ့နားထောင်ကြလော့၊ သင်တို့ကို ငါဟောပြောမည့် ငါ၏နှုတ်ကပတ်တော်တို့ကို နားညောင်းကြလော့။
၂ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့လက်မှ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံရရှိရန် သင်တို့အဖို့ ငါခန့်အပ်ထားလေသောသူအားဖြင့်၊ ငါ့အသင်းတော်အဖို့ ဥပဒေအဖြစ် ပညတ်တော်ကို သင်တို့လက်ခံရရှိလေပြီ။
၃ ဤအရာကို သင်တို့အမှန်သိကြလိမ့်မည်—အကြင်သူသည် ငါ၌တည်လျှင်၊ ခေါ်ဆောင်မခံရမီ ပညတ်တော်များနှင့် ဗျာဒိတ်တော်များကို လက်ခံရရှိရန် သင်တို့အဖို့ ခန့်အပ်ထားသောသူအခြားတစ်ယောက်မျှမရှိ။
၄ သို့ရာတွင်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ထိုသူအားဖြင့်မှတစ်ပါး၊ အခြားအဘယ်သူ့ကိုမျှ ဤဆုကျေးဇူးအဖို့ ခန့်အပ်လိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ထိုသူထံမှဖယ်ရှားလျှင်၊ သူ့နေရာ၌ အခြားသူတစ်ဦးကို ခန့်အပ်ဖို့မှတစ်ပါး၊ သူ့၌ အခွင့်ရှိလိမ့်မည်မဟုတ်။
၅ သင်တို့အဖို့ ဥပဒေတစ်ခုအဖြစ်ရှိရမည့် ဤအရာသည်ကား၊ သင်တို့ရှေ့သို့ ဗျာဒိတ်တော်များသို့မဟုတ် ပညတ်တော်များအဖြစ်ရောက်လာမည့် အဘယ်သူ၏သွန်သင်ချက်ကိုမျှ သင်တို့လက်မခံရမည့်အကြောင်းပေတည်း။
၆ ဤသို့ သင်တို့အား ငါဖော်ပြသည်မှာ၊ သင်တို့လှည့်စားမခံရနိုင်စေခြင်းငှာနှင့် ၎င်းတို့ ငါ့ထံမှ မဟုတ်ကြောင်း သင်တို့သိနိုင်ကြစေခြင်းငှာဖြစ်၏။
၇ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါအားဖြင့် ခန့်ထားခံရသောသူသည် တံခါးဝမှဝင်လာလိမ့်မည်၊ ငါခန့်အပ်လေသောသူအားဖြင့် သင်တို့လက်ခံရရှိလေသည့်၊ လက်ခံရရှိလိမ့်မည့် ဗျာဒိတ်တော်များကို သွန်သင်စေခြင်းငှာ သင်တို့ကို အထက်က ငါပြောလေသည့်အတိုင်း ခန့်အပ်ထားခံရ၏။
၈ ယခုမူကား၊ ရှုလော့၊ ငါသည် သင်တို့အား ပညတ်တော်ကို ပေးသည်မှာ၊ သင်တို့အတူတကွစည်းဝေးကြသောအခါ၊ တစ်ယောက်ကိုတစ်ယောက် သွန်သင်၍၊ တည်ဆောက်လျက်၊ ငါ၏အသင်းတော်ကို စီရင်၍ လမ်းညွှန်တတ်စေခြင်းငှာ၊ ငါပေးထားလေသည့် ဥပဒေနှင့်ပညတ်တော် အချက်များကို ကျင့်သုံးတတ်စေခြင်းငှာပေတည်း။
၉ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် ငါ့အသင်းတော်၏ဥပဒေအတိုင်း သွန်သင်ခံရလာပြီး၊ သင်တို့လက်ခံရရှိလေသည့်အရာအားဖြင့် သန့်ရှင်းစင်ကြယ်စေလျက်၊ အလုံးစုံသောသန့်ရှင်းခြင်းဖြင့်ပြုမူရန် သင်တို့ကိုယ်သင်တို့ တာဝန်ခံစေ၍—
၁၀ သင်တို့ဤသို့ပြုကြသမျှ၊ သင်တို့လက်ခံရရှိလေသည့် နိုင်ငံတော်သို့ ဘုန်းတော်ကို ပေါင်းထည့်ပေလိမ့်မည်။ သင်တို့ထိုအမှုကို မပြုကြသမျှ၊ သင်တို့လက်ခံရရှိလေသည့်အရာကိုပင် နုတ်ယူလိမ့်မည်။
၁၁ သင်တို့၌ရှိသည့်ဒုစရိုက်ကို ပယ်ရှင်းကြလော့။ ငါ့ရှေ့၌ သင်တို့ကိုယ်သင်တို့ သန့်ရှင်းစင်ကြယ်စေကြလော့။
၁၂ သင်တို့သည် နိုင်ငံတော်၏ဘုန်းတော်ကို အလိုရှိကြလျှင်၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ခန့်အပ်ကြလော့။ ယုံကြည်ခြင်းရှိသောဆုတောင်းခြင်းအားဖြင့်၊ ငါ့ရှေ့၌ သူ့ကို ထောက်ခံကြလော့။
၁၃ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နိုင်ငံတော်၏နက်နဲခြင်းကို အလိုရှိကြလျှင်၊ သူ့အတွက် စားစရာနှင့်အဝတ်ကိုလည်းကောင်း၊ သူ့ကို ငါမိန့်တော်မူလေသည့်အမှုတော် ပြီးမြောက်စေဖို့ သူလိုအပ်သည့်အရာမှန်သမျှကိုလည်းကောင်း ထောက်ပံ့ကြလော့။
၁၄ သင်တို့သည် ထိုအမှုကို ပြုခြင်းမရှိလျှင်၊ သူ့ကိုလက်ခံလေသောသူများနှင့် သူဆက်၍ရှိလိမ့်မည်။ ငါ့ရှေ့၌ စင်ကြယ်သောလူမျိုးကို ငါကိုယ်တိုင်အဖို့ ငါသိမ်းထားနိုင်စေကြောင်းပေတည်း။
၁၅ တစ်ဖန်ငါဆိုသည်ကား၊ ငါခန့်အပ်လေသူများတည်းဟူသော ငါ့အသင်းတော်မှ အသင်းလူကြီးတို့၊ စေ့စေ့နားထောင်ကြလော့။ သင်တို့ကို သွန်သင်ခံရစေခြင်းငှာ စေလွှတ်ထားသည်မဟုတ်၊ ငါ့ဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့လက်ထဲသို့ ငါထည့်ထားလေသည့်အရာများကို လူသားတို့အား သွန်သင်စေခြင်းငှာသာဖြစ်၏။
၁၆ သင်တို့သည် အထက်မှသွန်သင်သည်ကို ခံရကြမည်။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့၊ တန်ခိုးနှင့် အပ်နှင်းခံရကြလိမ့်မည်။ ငါဟောပြောလေသကဲ့သို့ပင် သင်တို့ရှင်းပြနိုင်စေခြင်းငှာပေတည်း။
၁၇ သင်တို့ စေ့စေ့နားထောင်ကြလော့၊ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ကြီးစွာသောနေ့သည် နီးကပ်လာပေပြီ။
၁၈ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံမှ သူ့အသံကို လွှင့်တော်မူလိမ့်မည်။ ကောင်းကင်လှုပ်၍ မြေကြီးတုန်လိမ့်မည်။ ဘုရားသခင်၏တံပိုးတော်သည် ကြာကြာနှင့် ကျယ်ကျယ်မြည်လိမ့်မည်၊ အိပ်ပျော်နေသောပြည်သားတို့ကိုလည်း အသင်သန့်ရှင်းသူတို့ ထ၍အသက်ရှင်ကြလော့၊ အသင်အပြစ်သားတို့ ငါတစ်ဖန်ခေါ်သည့်တိုင်အောင် ဖင့်နွှဲ၍ အိပ်ပျော်ကြလော့ဟု မိန့်တော်မူလိမ့်မည်။
၁၉ သို့ဖြစ်၍၊ သင်တို့ကို ဆိုးညစ်သောသူတို့ ၌ မတွေ့ရစေခြင်းငှာ၊ သင်တို့၏ခါးကို စည်းကြလော့။
၂၀ သင်တို့၏အသံကို မြှင့်ကြလော့၊ လျော့ရဲခြင်းမရှိနှင့်။ ပြည်သားများဖြစ်သည့် အသက်ကြီးသူနှင့် အသက်ငယ်သူနှစ်မျိုးစလုံး၊ ကျွန်နှင့်လူလွတ်နှစ်မျိုးစလုံးတို့အား နောင်တရစေဖို့ တောင်းဆို၍၊ ဆိုရမည်ကား၊ ကိုယ်တော်ရှင်၏ကြီးစွာသောနေ့အတွက် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ကြလော့။
၂၁ အကြောင်းမူကား၊ ငါသည် လူသားတစ်ဦးဖြစ်၍ ကြွေးကြော်လျက်၊ သင်တို့ကို နောင်တရဖို့ တောင်းဆိုလျှင်၊ သင်တို့သည် ငါ့ကို မုန်းကြ၏။ မိုးချုန်းသံက မြေကြီးစွန်းမှနေ၍ အသက်ရှင်သောသူအပေါင်းတို့၏နားသို့ ပြောလျက်—နောင်တရကြလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့အတွက် ပြင်ဆင်ကြလော့ဟု အသံကိုလွှင့်သောကာလကျရောက်လာသောအခါ သင်တို့အဘယ်သို့ဆိုကြမည်နည်း။
၂၂ ထိုမှတစ်ပါး၊ တစ်ဖန်၊ လျှပ်စီးလက်ခြင်းတို့သည် အရှေ့မှအနောက်သို့ ပြက်၍၊ အသံကို အသက်ရှင်သောသူအပေါင်းတို့ထံလွှင့်ပြီး—သင်တို့ နောင်တရကြလော့၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ကြီးစွာသောနေ့ ကျရောက်လာပြီဟုဆိုလျက်၊ ကြားနာသောသူအပေါင်း၏နားကို အူစေလိမ့်မည်လော။
၂၃ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံမှ သူ့အသံကို လွှင့်၍၊ မိန့်တော်မူလိမ့်မည်ကား၊ စေ့စေ့နားထောင်ကြလော့၊ အို မြေကြီးပေါ်ရှိပြည်သားတို့၊ သင်တို့ကို ဖန်ဆင်းတော်မူခဲ့သည့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနာကြလော့။
၂၄ အို၊ မြေကြီးပေါ်ရှိ အသင်ပြည်သားတို့၊ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့၊ သင်တို့ကို အကြိမ်ကြိမ်အတူတကွစုရုံးစေခြင်းငှာ၊ ငါအလိုရှိသော်လည်း၊ သင်တို့မူကား အလိုမရှိကြ။
၂၅ ငါသည် သင်တို့ကို ငါ့ကျွန်တို့၏နှုတ်ဖြင့်၊ ထို့အတူ၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်းဖြင့်၊ ထို့အတူ၊ ငါကိုယ်တိုင်၏အသံဖြင့်၊ ထို့အတူ၊ မိုးချုန်းသံဖြင့်၊ ထို့အတူ၊ လျှပ်စီးလက်ခြင်းအသံဖြင့်၊ ထို့အတူ၊ မိုးသက်မုန်တိုင်းသံဖြင့်၊ ထို့အတူ၊ မြေကြီးလှုပ်ခြင်းအသံဖြင့်၊ ထို့အတူ၊ ကြီးစွာသောမိုးသီးမုန်တိုင်းသံဖြင့်၊ ထို့အတူ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အမျိုးမျိုးသောကာလနာဘေးအသံဖြင့်၊ ထို့အတူ၊ တံပိုး၏ကြီးစွာသောအသံဖြင့်၊ ထို့အတူ၊ တရားစီရင်တော်မူခြင်းအသံဖြင့်၊ ထို့အတူ၊ တစ်နေ့လုံး ကရုဏာသံဖြင့်၊ ထို့အတူ၊ ဘုန်းတော်နှင့်ဂုဏ်အသရေ၊ ထာဝရအသက်စည်းစိမ်တို့၏အသံဖြင့်၊ အကြိမ်ကြိမ်တောင်းဆို၍၊ ထာဝရတည်မြဲသောကယ်တင်ခြင်းနှင့် ကယ်တင်လိုသော်လည်း သင်တို့မူကား၊ အလိုမရှိကြ။
၂၆ ရှုလော့၊ ငါ့ဒေါသ၏အမျက်တော်ဖလားပြည့်သည့်နေ့သည် ကျရောက်လာလေပြီ။
၂၇ ရှုလော့၊ သင့်တို့ကို ငါအမှန်ဆိုသည်ကား၊ ဤအရာတို့သည် သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များပေတည်း။
၂၈ သို့ဖြစ်၍၊ သင်တို့သည် ငါ၏စပျစ်ဥယျာဉ်၌ နောက်ဆုံးအကြိမ်အဖြစ် အလုပ်လုပ်ကြလော့၊ အလုပ်လုပ်ကြလော့ မြေကြီးပေါ်မှာနေထိုင်သူတို့အား နောက်ဆုံးအကြိမ်အဖြစ် တောင်းဆိုခြင်းဖြစ်၏။
၂၉ အကြောင်းမူကား၊ ငါ၏ကာလအချိန်တန်သောအခါ၊ မြေကြီးပေါ်သို့ တရားစီရင်တော်မူခြင်းဖြင့် ငါကြွလာတော်မူမည်။ ငါ၏လူမျိုးတို့သည်လည်း ရွေးနုတ်ခံရလျက်၊ ငါနှင့်အတူ မြေကြီးပေါ်မှာ အုပ်စိုးလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ကျွန်တို့၏နှုတ်ဖြင့် ငါဟောပြောထားလေသည့် ကြီးစွာသောအနှစ်တစ်ထောင်ကာလ ကျရောက်လာလိမ့်မည်။
၃၁ အကြောင်းမူကား၊ စာတန်သည် ချည်နှောင်ခံရလိမ့်မည်၊ သူသည် လွတ်သောအခါ၌လည်း ခဏသာအုပ်စိုးလိမ့်မည်၊ ထို့နောက်တွင် ကမ္ဘာကုန်ဆုံးခြင်း ကျရောက်လာ၏။
၃၂ ဖြောင့်မတ်ခြင်း၌ အသက်ရှင်သောသူသည် မျက်စိတစ်မှိတ်တွင် ပြောင်းလဲလိမ့်မည်။ မြေကြီးသည်လည်း မီးဘေးဖြင့်ပင် ကွယ်ပျောက်သွားလိမ့်မည်။
၃၃ ဆိုးညစ်သောသူတို့သည် မငြိမ်းနိုင်သောမီးလျှံထဲသို့ သွားကြလိမ့်မည်။ သူတို့၏အဆုံးကို မြေကြီးပေါ်ရှိအဘယ်သူမျှမသိ၊ တရားစီရင်ခံရဖို့ ငါ့ရှေ့သို့ သူတို့ရောက်လာသည့်အချိန်အထိလည်း အဘယ်တော့မျှသိလိမ့်မည်မဟုတ်။
၃၄ ဤနှုတ်ကပတ်တော်တို့ကို သင်တို့စေ့စေ့နားထောင်ကြလော့။ ရှုလော့၊ ငါသည် ယေရှုခရစ်တော်၊ လောက၏ကယ်တင်ရှင်ဖြစ်၏။ ဤအရာတို့ကို သင်တို့စိတ်နှလုံးထဲ၌ အမြတ်တနိုးသိမ်းဆည်းထားလော့၊ ထာဝရကာလ၏လေးနက်ခြင်းကိုလည်း သင်တို့စိတ်၌ ကိန်းဝပ်စေလော့။
၃၅ သမ္မာသတိရှိကြလော့။ ငါ၏ပညတ်တော်အပေါင်းကို စောင့်ထိန်းကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။